သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုင်းတုံမြို့ပေါ်ရှိ ဘိလပ်မြေဈေးကွက်အခြေအနေအား ကွင်းဆင်းလေ့လာခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)ရှိ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် ကျိုင်းတုံ မြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ဘိလပ်မြေဈေးနှုန်းနှင့်ဈေးကွက်အခြေအနေများအား ကွင်းဆင်းစိစစ်ရာတွင် ငွေ(ထိုင်း)ဈေးပြောင်းလဲမှုများအပြင် အောက်တိုဘာ(၁၅)ရက်နေ့မှစ၍ ဘိလပ်မြေတင်သွင်းမှုရပ်ဆိုင်းထားခြင်းကြောင့် ဘိလပ်မြေဈေးနှုန်းမတည်ငြိမ်ဖြစ်ခြင်း၊ ပစ္စည်း လက်ကျန်နည်းပါးမှုများရှိခြင်းတို့ ကြုံတွေ့နေရကြောင်းနှင့် ဘိလပ်မြေများအား တောင်ကြီးဘက်မှ ဝယ်ယူရောင်းချမည်ဆိုပါကလည်း သယ်ယူစရိတ်ကြီးမြှင့်မှုကြောင့် ယခုရောင်းချနေသည့်ပမာဏ ထက်ဈေးနှုန်းကြီးမြင့်စွာရောင်းရမည့် အခက်အခဲများရှိကြောင်းကို လုပ်ငန်းရှင်များထံမှ သိရှိခဲ့ရ ပါသည်။ ထို့အပြင် ဘိလပ်မြေများကို တာချီလိတ်နယ်စပ်မှ တင်သွင်းမှုပမာဏအနေဖြင့် ပြန်လည် သုံးသပ်ရာ ၂၀၂၁ခုနှစ် ဩဂုတ်လတွင် (၁၆၃၂၅၀၀၀)ကီလို၊ ၂၀၂၁ခုနှစ် စက်တင်ဘာလတွင် (၁၃၆၇၀၀၀၀)ကီလိုနှင့် အောက်တိုဘာလ(၁)ရက်နေ့မှ (၂၂)ရက်နေ့ထိ တင်သွင်းမှုမှာ (၈၂၅၀၀၀၀) ကီလိုသာရှိကြောင်း တင်သွင်းမှုရပ်ဆိုင်းလိုက်ခြင်းကြောင့် သက်တမ်းကျန်ရှိသူများမှ လက်ကျန်များ သာတင်သွင်းနေခြင်းနှင့် အရင်လများနှင့်နှိုင်းယှဉ်လျင် ထက်ဝက်ခန့်သာတင်သွင်းမှုရှိခြင်းကြောင့် နောက်ပိုင်းတွင်ပစ္စည်းရှားပါးခြင်းနှင့် ဈေးနှုန်းမတည်ငြိမ်မှုများပို၍ ဖြစ်လာနိုင်မည်ကိုစိုးရိမ်မှုရှိ ကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

စားသုံးဆီ ဖူလုံရေးတိုးချဲ့

          ပဲခူးတိုင်းဒေသကြီးအတွင်း  ပဲခူးခရိုင်အနေဖြင့်  မြေပဲစိုက်ဧကမှာ  ၃၆၉၉၅၁ဧကရှိပြီး      အထွက်နှုန်းမှာတစ်ဧကလျှင် ပျမ်းမျှအားဖြင့် တင်း(၅၀) ထွက်ကြောင်းသိရှိရပါသည်။ မြေပဲကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ဆွတ်ခူးကြောင်း သိရှိရပါသည်။ တစ်ဧကလျှင် မြေပဲတောင့်မျိုး  (၁၁)တင်း ခန့်အသုံးပြုပြီး မြေပဲဆံအနေဖြင့် (၂)တင်း ခန့် စိုက်ပျိုးရပါသည်။ တစ်ဧကလျှင် မြေပဲမျိုးအတွက် ၂၀၀၀၀၀ကျပ်ကုန်ကျပြီး၊ ပေါင်းလိုက်ခြင်း၊ မြက်နုတ်ခြင်း၊ အားဆေးအသုံးပြုခြင်းနှင့် မြေပဲနုတ်ချွေခတို့အတွက် ကျပ် ၃၀၀၀၀၀ ကုန်ကျသည့်အတွက် စုစုပေါင်းစိုက်ပျိုးစရိတ်မှာ ကျပ်ငါးသိန်းခန့် ကုန်ကျကြောင်း သိရှိရပါသည်။

          မြေပဲထွက်ရှိချိန်တွင် မြေပဲတောင့်(၅၀)တင်း ထွက်ရှိမည်ဆိုပါက ပိဿာ (၃၀၀) ခန့်ရှိသဖြင့် မြေပဲတစ်ပိဿာလျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် (၇၅၀၀၀၀) ကျပ်ရရှိမညဖြစ်သဖြင့် မြေပဲတစ်ဧကလျှင် အကျိုးမြတ်အားဖြင့် (၂၅၀၀၀၀) ကျပ်ရရှိမည်ဖြစ်ပါသည်။ မြေပဲကို အစေ့အဆံအတိုင်း စားသောက်ကုန်များတွင် အသုံးပြုခြင်း၊ ကျန်၅၀% ခန့်ကိုဆီကြိတ်ခွဲခြင်းတို့ဖြင့် အသုံးပြုကြပါသည်။ ယခုအခါ စားအုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် မြေပဲများ ပိုမိုစိုက်ပျိုးနိုင်‌ရေး နိုင်ငံတော်က အားပေး‌ဆောင်ရွက်လျှက်ရှိရာ မြေပဲဆီတိုးတက် ထုတ်လုပ်နိုင်ပါက စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စွာ အသုံးပြုနိုင်သဖြင့် မြေပဲဆီဈေးကွက် ဖွံ့ဖြိုးလာသည်နှင့်အမျှ မြေပဲသီးနှံကို ဦးစားပေးရွေးချယ်စိုက်ပျိုးလာသည်ဟု သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ကုန်စည်စီးဆင်းမှုမပြုလုပ်နိုင်သေးသည့် မိုင်းယု-ကျိန်းရဲတံတား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် (၂၂-၇-၂၀၁၆)ရက်နေ့တွင် မိုင်းယု-ကျိန်းရဲတံတား စုပေါင်းစစ်ဆေးရေးဂိတ်အား ကုန်သွယ်မှုမြှင့်တင်ရေးနှင့် အခွန်တိုးတက်ရရှိရေး ရည်ရွယ်ချက်ဖြင့် ဌာနဆိုင်ရာပူးပေါင်း စစ်ဆေးရေးအဖွဲ့များဖြစ်သော အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် စတင်ဖွင့်လှစ်စေခဲ့ပြီး နယ်စပ်ချင်းထိစပ်နေသော မိုင်းလား(အထူးဒေသ-၄)မှတဆင့် အိမ်နီးချင်း တရုတ်နိုင်ငံသို့ ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးသီးနှံ ထွက်ကုန်ပစ္စည်း များဖြစ်သည့် ရာဘာ၊ သျှစ်ရှူးငှက်ပျော၊ ရွှေဖရုံသီး၊ ဖရဲသီး၊ ပြောင်းအစရှိသည့် စိုက်ပျိုးရေး ထွက်ကုန် သီးနှံများအား တရားဝင်ကုန်သွယ်မှု ပြုနိုင်ရေးအတွက် နေ့စဉ် ကုန်စည်စီးဆင်းမှု/ ကုန်သွယ်မှုအခြေ အနေများကို ဌာန၏ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ကုန်သွယ်မှုပြုနိုင်စေရန်အတွက် ကြီးကြပ်ဆောင်ရွက်စေခဲ့ပြီးဖြစ်ပါသည်။
(၁၈-၁၂-၂၀၂၀)ရက်နေ့တွင် မိုင်းယု-ကျိန်းရဲတံတားအား မိုင်းလား(အထူးဒေသ-၄)အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ပထမအကြိမ်ရက်အကန့်အသတ်မရှိ (ယာယီ) ပိတ်ထားခဲ့ပြီး (၂၀-၁-၂၀၂၁)ရက်နေ့တွင် မိုင်းယု-ကျိန်းရဲတံတားအား ပြန်လည်ဖွင့်လှစ်၍ ကုန်သွယ်မှုများပြန်လည်စတင်စေခဲ့ပါသည်။ ထို့နောက် ဒုတိယအကြိမ်(၁၉-၇-၂၀၂၁)ရက်နေ့တွင် မိုင်းလား(အထူးဒေသ-၄)အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မိုင်းယု-ကျိန်းရဲ တံတားအား ရက်အကန့်အသတ်မရှိ (ယာယီ) ပိတ်ထားသောကြောင့် ကုန်စည်စီးဆင်းမှု နှင့်ကုန်သွယ်မှုများရပ်တန့်လျက်ရှိပါသည်။
ကုန်စည်စီးဆင်းမှုနှင့် ကုန်သွယ်မှုပြုလုပ်နိုင်ခြင်းမရှိသေးသောကြောင့် ဒေသထွက် စိုက်ပျိုးရေး သီးနှံထွက်ကုန်ပစ္စည်းများမှာလည်း အိမ်နီးချင်းတရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိဘဲ ဒေသတွင်း ပြန်လည်ဖြန့်ဖြူးရာတွင် ဝယ်လိုအားအလွန်နည်းပါးသောကြောင့် စိုက်ပျိုးရေး သီးနှံထွက်ကုန် ပစ္စည်းများ ရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် အရှုံးဖြင့်ရင်ဆိုင်နေရသည့် အပြင် ကိုဗစ်-၁၉ ရောဂါ၏ ရိုက်ခတ်မှုကြောင့် စီးပွားရေးအကြပ်အတည်းများနှင့် ကြုံတွေ့နေရမှု များကြောင့် စိုက်ပျိုးရေး သီးနှံ စိုက်ပျိုးသည့်တောင်သူ အလွန်နည်းပါးသွားနိုင်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းအား အဓိက အားထားသည့်နိုင်ငံဖြစ်သည့်နှင့်အညီ ကုန်စည် စီးဆင်းမှု လွယ်ကူစေရန်အတွက် မိုင်းယု-ကျိန်းရဲတံတားအား ပြန်လည်ဖွင့်လှစ် ပေးမည်ဟုဆိုပါက နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သော အခွန်အခများရရှိမည့်အပြင် တရားဝင်ကုန်သွယ်မှုပြန် လည်လုပ်ကိုင်နိုင်ပြီး စီးပွားရေးအကြပ်အတည်း ကိုကျော်ဖြတ်ကာ ဘာသာရေးအလှူအဒါန်း များအပါအဝင် ဒေသတွင်းနေထိုင်ကြသော တိုင်းရင်းသားရိုးရာပွဲတော်များပါမကျန် ပျော်ပျော် ရွှင်ရွှင် ကျင်းပပြုလုပ်ပါဝင်ဆင်နွဲ့ကာ ကိုဗစ်-၁၉ ရောဂါအား ကြံ့ကြံ့ခံပြီးကျန်းမာပျော်ရွှင်စွာ ကျော်လွှားနိုင်မည်ဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ရှမ်းပြည်နယ်

ရွှေတောင်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တာဝန်ခံမှ ဦးဆောင်၍ ရွှေတောင်မြို့နယ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့၌ ရွှေတောင်မြို့ရှိ DENKO စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ရောင်းချလျှက် ရှိသော စက်သုံးဆီတို့၏ အရည်အသွေး၊ အချိန်အတွယ် ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် သတ်မှတ် ထားသည့် ခွဲတမ်းများ ဈေးနှုန်းများ မှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြပါသည်။

        အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်တို့အနေဖြင့် မိမိတို့ ရောင်းချသော ကုန်စည်တို့နှင့်ပတ်သက်သော သတင်းအချက်အလက်များအား အများ ပြည်သူတို့ရှင်းလင်းစွာသိရှိနိုင်ရေးအတွက် ပြည့်စုံမှန်ကန်စွာ သတင်းဖြန့်ဝေကြရန်၊ သတ်မှတ် အရည်အသွေးပြည့်မီသော စက်သုံးဆီများကိုသာရောင်းချကြရန် အထူးဈေးနှုန်းဖြင့် ရောင်းချမည် ဆိုပါကလည်း စည်းကမ်းချက်များနှင့်အညီ မှန်ကန်စွာ ရောင်းချကြရန် အသိပေးပြောကြားခဲ့ပြီး စားသုံးသူ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

ဆောင်းသီးနှံစိုက်ပျိုးမှုနှင့်အတူ ဈေးနှုန်းမြင့်လာသည့် ဓာတ်မြေသြဇာ

       ပဲခူးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာကုမ္ပဏီများ နှင့် အရောင်းဆိုင်များတွင် ဓာတ်မြေသြဇာအမျိုးမျိုးရောင်းချလျှက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအနေဖြင့် ပုလဲဓာတ်မြေသြဇာများဖြစ်သည့် မြင်းပျံ၊ သြဘာ၊ ရွှေနဂါး၊ အာမို၊ ကောမတ်ဓာတ်မြေသြဇာများအား အများဆုံးအသုံးပြုလျှက်ရှိပါသည်။

        ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ အသုံးပြုများသည့်  မြင်းပျံ၊ သြဘာ၊ ရွှေနဂါး၊ အာမို၊ကောမတ် ဓာတ်မြေသြဇာဈေးနှုန်းများ အနေဖြင့် ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ တွင် ဓာတ်မြေသြဇာ (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် မြင်းပျံဓာတ်မြေသြဇာ တစ်အိတ်၇၅၀၀၀ကျပ်၊ သြဘာဓာတ်မြေသြဇာ တစ်အိတ် ၇၆၀၀၀ကျပ်၊‌ ရွှေနဂါးဓာတ်မြေသြဇာ တစ်အိတ် ၇၈၀၀၀ကျပ်၊ အာမိုဓာတ်မြေသြဇာတစ်အိတ်၇၅၀၀၀ကျပ်နှင့် ကောမတ်ဓာတ်မြေသြဇာတစ်အိတ် ၇၆၀၀၀ကျပ် ဖြစ်ပြီး ယခင်နှစ် အလားတူကာလတွင် မြင်းပျံဓာတ်မြေသြဇာတစ်အိတ် ၃၉၅၀၀ကျပ်၊ သြဘာဓာတ်မြေသြဇာတစ်အိတ် ၃၂၀၀၀ကျပ်၊‌ ရွှေနဂါးဓာတ်မြေသြဇာ တစ်အိတ် ၃၂၀၀၀ကျပ်၊ အာမိုဓာတ် မြေသြဇာတ်အိတ် ၂၉၀၀၀ ကျပ် နှင့် ကောမတ်ဓာတ်မြေသြဇာ တစ်အိတ် ၃၆၀၀၀ကျပ် အသီးသီး ဖြစ်ပေါ်ခဲ့သဖြင့် ယခုနှစ်ဈေးနှုန်းမှာ (၈၉.၈၇)% မှ (၁၅၈.၅)% အထိ အသီးသီး သိသိသာသာမြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

         ယခုကဲ့သို့ စိုက်ပျိုးရေးသွင်းအားစုဖြစ်သည့် ဓာတ်မြေသြဇာများဈေးနှုန်း မြင့်တက် လာရခြင်းမှာ တောင်သူများသီးနှံစိုက်ရာတွင် မဖြစ်မနေလိုအပ်ချက်အဖြစ် အသုံးပြုရခြင်းနှင့် ဓာတ်မြေသြဇာများ တင်သွင်းမှု အကန့်အသတ်ရှိခြင်းကြောင့် ဈေးနှုန်းမြှင့်တင်ရောင်းချ လာခြင်း ဖြစ်နိုင်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးဦးစီးဌာနတွင်မှတ်ပုံတင်ထားသည့် ဓာတ်မြေသြဇာ အရောင်းဆိုင် (၁၀၃၇)ဆိုင်၊ ပိုးသတ်ဆေးအရောင်းဆိုင် (၇၈၉)ဆိုင် နှင့် မျိုးစေ့ အရောင်းဆိုင် (၁၁၆) ဆိုင်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသထွက် ထောပတ်သီး စိုက်ပျိုးနေမှုအခြေအနေ

ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်များဖြစ်ကာ (၃)နှစ်သားအချိန်မှ စတင်အသီး သီးကြောင်းသိရသည်။ ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး(ပြင်ဦးလွင်)တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်လင်တို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်)တို့တွင် လည်းကောင်း စိုက်ပျိုးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသမှထွက်ရှိသော ထောပတ်သီးများသည် အသားထူ၍ အနံ့၊ အရသာ ကောင်းမွန်ခြင်းတို့ကြောင့် တာချီလိတ်ကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံဈေးကွက်သို့ ထိုးဖောက်နိုင်၍ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၏ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ထောပတ်သီး ၅၅၀၀၀၀ ကီလို တင်ပို့နိုင်ခဲ့ ပြီး နိုင်ငံခြားဝင်ငွေရရှိသည့်အပြင် ဒေသတွင်း စားသုံးမှုအနေဖြင့် နယ်စပ်မြို့ဖြစ်သော တာချီလိတ်မြို့တွင် အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိပြီး ထောပတ်သီး တစ်ကီလိုဈေးနှုန်းမှာ ၁၆၅၀ ကျပ်မှ ၂၅၀၀ ကျပ်ထိရှိခဲ့ပါသည်။ ယခုနှစ်တွင် တစ်ကီလိုလျှင် ၁၁၀၀ ကျပ်မှ ၁၉၀၀ ကျပ်ထိ ကျဆင်းခဲ့ကြောင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် တွင်လည်း နိုင်ငံခြားမှတင်သွင်းသော Hazzမျိုး ထောပတ်သီးမျိုးစိတ် များကို ဧက(၅၀)ခန့် စမ်းသပ် စိုက်ပျိုးလျက်ရှိကြောင်း ဆုလှိုင်(ထောပတ်သီးရောင်းဝယ်ရေး)နှင့် ဝမ်ကောင်း (ထောပတ်သီး ရောင်းဝယ်ရေး) လုပ်ငန်းတို့မှ စုံစမ်းသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ရှမ်းပြ

ရေစကြိုမြို့ သနပ်ခါးနံ့သာအမွှေးတိုင် ထုတ်လုပ်မှု အခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန် မှုအရရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းနှင့် အဖွဲ့သည် (၂၁.၁၂.၂၀၂၁) ရက်နေ့၊ နေ့လည် (၂:၀၀) နာရီအချိန်တွင် ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်မှုနှင့် ပြည်တွင်းကဏ္ဍမြှင့်တင်နိုင်ရေး အတွက်ရေစကြိုမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ သနပ်ခါးနံ့သာအမွှေးတိုင် ထုတ်လုပ်နေသည့် ဦးအောင်ဆန်း နှင့်တွေ့ဆုံပြီး သနပ်ခါးနံ့သာအမွှေးတိုင် ထုတ်လုပ်ရောင်းဝယ်မှုအခြေအနေနှင့် အကျိုးအမြတ်ရရှိ နိုင်မည့်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

      သနပ်ခါးနံ့သာအမွှေးတိုင်ထုတ်လုပ်သူလုပ်ငန်းရှင် ဦးအောင်ဆန်းက ပစ္စည်းကုန်ကြမ်းအနေ ဖြင့် ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်များမှ သနပ်ခါးစိုက်ပျိုးသည့် တောင်သူများထံမှ သနပ်ခါးကိုင်းဖျား ကိုင်းနားများနှင့် အမြစ်အခေါက်များကို ဝယ်ယူ၍ စက်ဖြင့်ကြိတ်ပြီး ထွက်ရှိလာသည့် သနပ်ခါးနှစ် များကို အမွှေးတိုင်လိပ်ခုံဖြင့် လိပ်ပြီးနောက် ခြောက်သွေ့အောင်နေပူ(၂)ရက်ခန့် လှန်းပေးရပါကြောင်း၊ ခြောက်သွေ့အောင် နေပူလှန်းပြီးနောက် အမွှေးနံ့သာရည်သုတ်လိမ်းရပါကြောင်း၊ သုတ်လိမ်းပြီးပါက ပါကင်ထုတ်ပိုးရပါကြောင်း အဆင့်ဆင့်ထုတ်လုပ်မှုများကို ပြောပြ၍သိရှိခဲ့ရပါတယ်။

     ဆက်လက်ပြီး သနပ်ခါးနံ့သာအမွှေးတိုင် ကုန်ကြမ်းများကို ရေစကြိုမြို့နယ်အတွင်းရှိ အိမ်တွင်း တစ်နိုင်တစ်ပိုင်ထုတ်လုပ်သူများက သနပ်ခါးအနှစ်ကြိတ်စက်များမှ အနှစ်များဝယ်ယူ၍ အမွှေးတိုင် ကြမ်းများလိပ်ပြီး လာရောက်ရောင်းချကြပါကြောင်း၊ ကုန်ကြမ်းအချောင်း (၂၀၀) ပါ (၁) စည်းကို (၁၆၀/- မှ ၂၀၀/-) ပေးဝယ်ရကြောင်း၊ ကုန်ကြမ်းများကို အမွှေးနံသာရည်သုတ်လိမ်း ရန်နှင့် ထုတ်ပိုး ရန်အတွက် နေ့စဉ်အလုပ်သမားဦးရေ (၃၅) ဦးခန့်ရှိပါကြောင်း၊ (၁) ဦးကို တစ်နေ့ (၄၅၀၀/-) ပေးရပါကြောင်း၊ တစ်နိုင်တစ်ပိုင် အမွှေးတိုင်ကုန်ကြမ်းလိပ်သည့် ထုတ်လုပ်သူများက အမွှေးတိုင်တုတ် ချောင်း (၁၀၀၀) ပါစည်းကို ကျပ် (၂၅၀/-)ပေးရပြီး အစာအနှစ် (၆)ပိဿာကို ကျပ်(၁၀၀၀/-) ပေးရကြောင်း ၊အစာအနှစ် (၆)ပိဿာကို အမွှေးတိုင်ကြမ်းအချောင်း (၈၀၀၀)ခန့် ရပြီး၊ (၂၀၀) ပါအစည်း (၄၀)ရပါကြောင်း၊ (၁)စည်းကို (၁၆၀/-)ရရှိကြောင်း၊ အငှားလိပ်ခိုင်းပါက (၁)စည်းကို (၇၀/-)ကျပ် ပေးရပြီး၊ လိပ်နိုင်ရင် လိပ်နိုင်သလောက် တွက်ချေကိုက်ကြောင်းကို သိရှိခဲ့ ရပါသည်။

      မိမိအနေဖြင့် သနပ်ခါးနံ့သာအမွှေးတိုင်ကို ၁၉၈၃ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပါ ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနတွင် ၁၉၉၅ ခုနှစ်က အောင်သိဒ္ဓိ အမည်ဖြင့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ပြုလုပ်ပြီး ထုပ်ပိုးမှုအနေဖြင့် အမွှေးတိုင်၏အရှည်မှာ (၁၁) လက်မအရှည် အထုပ်ကလေး (၁)ထုပ်လျှင် (၉)ချောင်းထည့်၍ ထုပ်ပိုးကြောင်း အထုပ်ကလေး (၉)ထုပ်ပါအထုပ်ကြီး (၁) ထုပ်လျှင် (၉၀၀/-)ကျပ်ဖြင့် ရောင်းချပါကြောင်း၊ အထုပ်(၃၀၀)ပါအိတ်ကြီး(၁)အိတ်ကို(၂၇၀၀၀၀/-)ကျပ် ရောင်းရပြီး ယခင်က (၁)လလျှင် အိတ်ကြီး(၄၀၀) မှ (၅၀၀)အိတ်ရောင်းရပါကြောင်း ကိုဗစ်ကာလ အတွင်း (၁)လလျှင် အိတ်ကြီး (၂၀၀)မှ (၂၅၀) အိတ်ခန့်သာ ရောင်းရပြီး၊မိမိအနေဖြင့် ရောင်းအား ကျဆင်းနေသော်လည်း တစ်နိုင်တစ်ပိုင် အိမ်တွင်းအမွှေးတိုင် ကုန်ကြမ်းထုတ်လုပ်သူများနှင့် ကုန်ချော ထုပ်ပိုးသည့်အလုပ်သမားများ လုပ်ငန်းမပြတ်လပ်စေရေးအတွက် နေ့စဉ် အမွှေးတိုင်ကြမ်း (၂၀၀) ပါအစည်း (၅၀၀၀) တန်ဖိုးအားဖြင့် (၁၀) သိန်းဖိုးခန့် ဝယ်ယူ၍ ကုန်ချောထုတ်လုပ်ပြီး မြန်မာ နိုင်ငံအတွင်းရှိ မြို့ကြီးများသို့ ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း ထုတ်လုပ်သူလုပ်ငန်းရှင်၏ပြော ကြားချက်အရ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူကို အလေးပေး၍ စီးပွားရေးဝန်းကျင်ကောင်း များ ဖန်တီးလာနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ(၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဒေသတွင်း စားသောက်ကုန် ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသော "ရွှေလှေ" ဇီးဖျော်ရည် လုပ်ငန်း၊ "အောင်ဆင်မင်း" (မတုတ်မ) လက်ဖက် နှင့်အကြော်စုံလုပ်ငန်း "ဆင်ချောင်း" ပုန်းရည်ကြီး လုပ်ငန်းနှင့် "HAPPY Myanmar" ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းများအား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

          ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး မှ လုပ်ငန်းရှင်များအနေဖြင့် စားသုံး သူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးခြင်း၊ကုန်စည် (သို့)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုများ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်သည့်ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းသိရှိစေရန် ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ လည်း မိမိတို့ ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပေးနိုင်ရန် နမူနာပုံစံများနှင့်တကွတင်ပြလျှောက်ထားနိုင်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ စိစစ်ပြန်ကြားပေး လျက်ရှိကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

           ပခုက္ကူမြို့နယ်၊ ကျွဲတဲအုပ်စု၊ ရွှေချောင်းကျေးရွာ (ကွက်သစ်)ရှိ "ဆင်ချောင်း"ပုန်းရည်ကြီး လုပ်ငန်းအား ကွင်းဆင်းလေ့လာရာတွင် သန့်စင်ပြီးသော ပဲပိစပ်များကို လိုအပ်သည့်အချိုးအဆ အတိုင်း ဆားထည့်၍  နောက်တစ်နေ့ နံနက် (၅:၀၀)နာရီမှ ညနေ(၄:၀၀)နာရီထိ ပြုတ်ရပါကြောင်း၊ ပြုတ်ရည်များကို တစ်ညတာ အချဉ်ဓာတ်ရရှိရန် အလျဉ်ခံရပါကြောင်း၊ အလျဉ်ခံ၍ရသော ပဲပိစပ် အရည်အား နံနက်(၆:၀၀)နာရီ မှ နေ့လယ် (၁:၀၀)နာရီခန့်အထိ ကျိုချက်ရပါကြောင်း၊ မိမိတို့ လိုချင်သော အနေအထားရပါက အအေးခံ၍ ထုပ်ပိုးပါကြောင်း၊ ပြုတ်၍ ထွက်ရှိလာသော ပဲပိစပ်အခွံ အဖတ်များအား တိရစ္ဆာန်အစာအဖြစ် ပြန်လည်ရောင်းချပါကြောင်း၊ ဈေးနှုန်းအနေဖြင့် (၂၅)ကျပ်သား တစ်ဗူးလျှင်(၁၅၀၀/-)၊(၃၀)ကျပ်သားတစ်ဗူးလျှင် (၂၀၀၀/-)ရောင်းချပါကြောင်း၊ ဈေးကွက် အနေဖြင့် ပခုက္ကူဒေသတွင်းနှင့်ရန်ကုန်၊ ပုသိမ်၊ မြန်အောင်၊ ဧရာဝတီသို့ ဖြန့်ဖြူးရောင်းချပါကြောင်း၊ အလုပ် သမားဦးရေ(၁၅)ဦးခန့်ရှိပါကြောင်း၊ လုပ်အားခမှာတစ်ဦးလျှင် (၄၀၀၀/၅၀၀၀/ ၆၀၀၀) ကျပ်ခန့် ပေးပါကြောင်း၊ ရပ်ကွက်အတွင်းရှိ ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ပါ ကြောင်း၊ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့် ဖော်ပြရန်သတ်မှတ်ချက် များနှင့်အညီ ပြည့်စုံမှုမရှိသေးသဖြင့် နမူနာပုံစံများတင်ပြလျှင် ကိုက်ညီမှုရှိ/မရှိ စိစစ်ပေးမည်ဖြစ်ပြီး အကယ်၍ ဈေးကွက်အတွင်း ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ မပါရှိပါက ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ “ငွေဇင်” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်း အမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရန်အချက်များ၊ ပုဒ်မ(၄၃)ပြဋ္ဌာန်းချက်ပါ မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရန်နှင့် ထုတ်လုပ်သည့်ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့် အချက်အလက် များအား ပြည့်စုံမှုရှိစေရန် ဆွေးနွေးခဲ့ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး ထုတ်ကုန်များအပေါ်တွင် ဖော်ပြရန်အချက်များ၊ စားသောက်ကုန်အမျိုးအစားအလိုက် ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်များမှ တာဝန်ယူမှုတာဝန်ခံမှုရှိစေရေးနှင့် သတင်းအချက်အလက်များ ပြည့်စုံစွာ ဖော်ပြပါရှိရေးဆွေးနွေးခဲ့ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ နှင့် တားမြစ် ချက်များကိုလည်း အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြပါရှိရမည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

          နိုင်ငံတော်က ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသည့် စက်သုံးဆီ များအပေါ် သက်သာသောအထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်သို့ စစ်ကိုင်းမြို့၊ ဈေးကွက်စောင့်ကြည့် စစ်ဆေး ကြပ်မတ်ရေးအဖွဲ့နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဖွဲ့ခေါင်းဆောင်ဖြစ်သော စစ်ကိုင်းခရိုင်ဦးစီးမှူးက စက်သုံးဆီခွဲတမ်းရရှိမှုအပေါ် နိုင်ငံတော်က သတ်မှတ်ပေးသည့် ဈေးနှုန်းများဖြင့် အချင်အတွယ် မှန်ကန်စွာ  ရောင်းချရန်၊ ကားဆီဖြည့်သည့် နေရာနှင့် ဆိုင်ကယ်ဆီဖြည့်သည့်နေရာများကို သီးခြားခွဲထားရန်အကြံပြုခဲ့ပြီး၊ နေ့စဉ်ရောင်းချရမှု စာရင်းနှင့် ဈေးနှုန်းများကို စနစ်တကျမှတ်တမ်းထားရှိ၍ နေ့စဉ်မိမိတို့ဌာနသို့ စာရင်းပေးပို့ရန်နှင့် ရောင်းချမှုအခြေအနေများ မေးမြန်းခဲ့ရာ နေ့စဉ်နံနက်(၀၅:၀၀) နာရီမှ ည(၂၀:၀၀)နာရီထိ နိုင်ငံတော်က သတ်မှတ်ပေးသည့် ဈေးနှုန်းဖြင့် 92 ၊ ပရီမီယမ်ဒီဇယ်နှင့် ဒီဇယ်ရိုးရိုးတို့ကို  အချင်အတွယ် မှန်ကန်စွာဖြင့် ရောင်းချလျက်ရှိပါကြောင်း၊ ယခုရက်ပိုင်းတွင် ရောင်းအား အနည်းငယ်ကျကြောင်း ပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ