သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံ ဦးမြင့်အောင်သည် ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ နံနက်(၉:၃၀) အချိန်တွင် အမှတ်(၃)ရပ်ကွက်၊ KBZဘဏ်၌ ဘဏ်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ (၂၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်(၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်း၊ ဥပဒေတွင် ပါရှိသော စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များတို့ကို ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေသထုတ်ကုန်တိုးမြှင့်ရေး ဆွေးနွေးပွဲကျင်းပ

              ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မုံရွာမြို့တွင် (၁၀.၅.၂၀၂၂)ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် Competition Economist (MmCC) Durham University မှ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် စီးပွားရေးအကြံပေးပညာရှင်ဦးသုတအောင် အား ဖိတ်ခေါ်၍ မုံရွာစီးပွားရေးတက္ကသိုလ်မှပါမောက္ခ ဆရာ၊ ဆရာမများ ဌာနဆိုင်ရာမှဝန်ထမ်းများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းအသင်းဥက္ကဌနှင့် အသင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးပွဲကိုစိတ်ဝင်စား၍ တက်ရောက်ကြသည့်ပုဂ္ဂိုလ်များ စုစုပေါင်း (၃၀)ဦးခန့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းထွက်ရှိသော ထုတ်ကုန်ပစ္စည်းများအား ပြည်တွင်း(သို့မဟုတ်) နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

             ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှုးက အဖွင့်မှာစကားပြောကြားပြီး ဦးသုတအောင်က ကပ်ရောဂါအခြေအနေနှင့်အခြားအခက်အခဲများကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းအလုပ်အကိုင်များ နှောင့်နှေးနေရကြောင်း၊ ထိုအချိန်တွင် လိုအပ် သည်များပြင်ဆင်ထားရန်အချိန်ရသည်ဟု ယူဆကာကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ မုံရွာမြို့ရှိအထင်ကရနေရာများသို့ နိုင်ငံခြားခရီးသွားဧည့်သည်များလာရောက်လည်ပတ်နိုင်ရန် မည်ကဲ့သို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မီဒီယာကို အသုံးပြု၍ကြော်ငြာရန်လိုအပ်ကြောင်း၊ အကယ်၍ ပြည်ပနိုင်ငံခြားသားများစိတ်ဝင်စားမှုမရှိခဲ့သော် ပြည်တွင်းဒေသအသီးသီးများ လူများစိတ်ဝင်စားလာအောင် လည်ပတ်ချင်စိတ်ရှိအောင်မည်ကဲ့သို့ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးပြီး မုံရွာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ ၊ ဌာနမှူးဆရာမကလည်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့တက္ကသိုလ်သို့ စီးပွားရေးဆိုင်ရာအကြံဉာဏ်များလာရောက်တောင်းယူနိုင်ကြောင်းနှင့် အချိန်မရွေးဆက်သွယ်နိုင်ကြောင်းဆွေးနွေးပြောကြားပြီး စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်လာသူများကလည်း မိမိတို့စစ်ကိုင်းတိုင်းရှိအထင်ကရနေရာများအကြောင်း၊ ရွှေပေါ်ဆန်း၊ ရေဦး ဝက်အူချောင်း၊ သန့်ဆိတ်သားခြောက်၊ မုံရွာမြေပဲဆားလှော်စသည့် ဒေသထွက်ကုန်များအား လူသိများမှု၊ စားသုံးသူကြိုက်နှစ်သက်မှုနှင့် ရရှိနေသောအောင်မြင်မှုကို မည်ကဲ့သို့ရေရှည်ထိန်းသိမ်းရမည့် နည်းပညာများ၊ နည်းစနစ်များအား အချင်းချင်းအပြန်အလှန်ဆွေးနွေးကြပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၃:၀၀)နာရီတွင် ဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမဦးစီးဌာနတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်

               စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်နှင့် ဝန်ထမ်းများသည်(၁၀.၅.၂၀၂၂)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၌ စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးလှမြင့်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းစုစုပေါင်း(၆၅)ဦး တက်ရောက်ခဲ့ပါသည်။

              ယင်းသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအကြောင်း  တင်ပြဆွေးနွေးခြင်း၊ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး (၈) ချက်အကြောင်း ရှင်းလင်းဆွေးနွေးတင်ပြခြင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စားသုံးသူများ၏ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်နစ်နာမှုများ ရှိလာပါကဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်မည့် နည်းလမ်းများဖြစ်သည့်  စာသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)မှလည်းကောင်း၊ ဌာန၏ website နှင့် Mobile Application မှလည်းကောင်း၊ Consumer Call Center တို့မှလည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားမှုပြုလုပ်ရာတွင် ဆောင်ရွက်ရသည့် တိုင်ကြားပုံနည်းလမ်းများ၊ တိုင်ကြားမှုများနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မိမိတို့ဌာနမှ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်သူများမှ တိုင်ကြားမှုနှင့် ပတ်သတ်၍ မေးမြန်းမှုများအား ရှင်းလင်းဆွေးနွေးပြီး စားသုံးသူအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး ဌာနက ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည့်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားကာ တက်ရောက်လာကြသူများအား ဌာန၏အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် တိုင်ကြားမှုဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခြင်း

          စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒု-ညွှန်ကြားရေးမှူးတို့သည် (၁၁.၅.၂၀၂၂)၊နေ့လည်(၂)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီး သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းတွင် စားသုံးသူကာကွယ်ပေးရေးဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးရာ သင်တန်းသားဦးရေ(၅၀) တက်ရောက်ခဲ့ပါသည်။

            သင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဒု-ညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မူပိုင်ခွင့်ရေးရာဦးစီးဌာနများဖြင့် ဖွဲ့စည်းထားကြောင်း၊ ဌာန(၄)ခု၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စားသုံးသူကာကွယ်ပေးရေး ဥပဒေအဆင့်ဆင့်အကြောင်းအား အချက်အလက်ပြည့်စုံစွာဖြင့် ဟောပြောပို့ချခဲ့ပြီး ဒု-ညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ တိုင်ကြားလာမှုများ အပေါ်တွင် ဥပဒေနှင့်အညီ စီမံခန့်ခွဲမှုနည်းလမ်းဖြင့်လည်းကောင်း၊ ကော်မတီ/ ကော်မရှင် အဆင့်ဆင့်တို့ဖြင့် အရေးယူဖြေရှင်းခြင်းများအားလည်းကောင်း အသေးစိတ်ရှင်းလင်းသင်ကြားပို့ချပြီး သင်တန်းသူသင်တန်းသားများမှ သိရှိလိုသည့် မေးမြန်းမှုများကိုလည်း ရှင်းလင်းဆွေးနွေး၍ ဌာန၏ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့် call center ၊ email နှင့် website လိပ်စာတို့ကို မျှဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                  

                                               

စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း

             ရခိုင်ပြည်နယ်၊ သံတွဲခရိုင် တောင်ကုတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် သံတွဲခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ထွေ/အုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်နှင့် မြို့နယ်ကျန်းမာရေးတို့ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့်  (၁၂-၅-၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်ကုတ်မြို့နယ်အတွင်း သောက်ရေသန့်များထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော သောက်ရေသန့်စက်ရုံများသို့  သွား‌ရောက်၍ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာသောက်သုံးနိုင်ရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှု ရှိ/မရှိသွားရောက်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံရုံး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်မြို့နယ်တာဝန်ခံ ဒေါ်ခင်မေဝင်း(ဒု-ဦးစီးမှူး)မှ သောက်ရေသန့်စက်ရုံပိုင်ရှင်များအား သောက်ရေသန့်ဗူးများပေါ်တွင် (၂၀၁၉)စားသုံးသူကာကွယ်ရေးဥပဒေပါ ပုဒ်မ(၄၁)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးနှင့် ဈေးကွက်အတွင်း ဝယ်ယူသုံးစွဲနေကြသော စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး သံတွဲခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံမှလည်း ဌာနမှထုတ်ပြန်ထားသော ဥပဒေအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရခိုင်)

စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်း မှန်ကန်တိကျရေး စားသုံးသူပြည်သူများ ပူ:ပေါင်းဆောင်ရွက်ပေး

           နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းကို တိုင်းတာရာတွင် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်စားသောက်မှုပုံစံများကလည်း များစွာအရေးပါပါသည်။ ကျန်းမာရေးစောင့်ရှောက်မှု မြင့်မားသည်နှင့်အမျှ သေဆုံးမှု လျော့နည်းခြင်းက စားသောက်မှုပုံစံမြင့်မားခြင်းနှင့် တိုက်ရိုက်အချိုးကျပါသည်။

              မြန်မာနိုင်ငံတွင်လူဦးရေ ၆၄ သန်းကျော်သော ပြည်သူများ၏ ကျန်းမာရေးကို တစ်ဖက်တစ်လှမ်းမှ ကာကွယ်စောင့်ရှောက်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ပေးရေးဥပဒေ ပြဌာန်း၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

        စားသုံးသူဆိုသည့် ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုမည်ဆိုပါက “ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက် သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများ ” ကို ဆိုလိုပါသည်။

               ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း မိမိတို့နိုင်ငံများအတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်နိုင်ရန်အတွက် ဥပဒေစည်းမျဉ်း စည်းကမ်းများ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

              ရှေးယခင်ကာလများက စားသုံးသူများသည် မိမိတို့၏ အခွင့်အရေး၊ အကျိုးစီးပွားများကို သင့်တင့်မျှတသည့် အခွင့်အရေးများရရှိမှုမရှိဘဲ ထိခိုက်နစ်နာမှုများမှ ကာကွယ်ရန်အတွက် ဖတ်ရှု့စစ်ဆေးရမည့် ကုန်ညွှန်းအမှတ်အသားများကို သတိမပြုမိကြဘဲ မိမိတို့၏ ရရှိပိုင်ခွင့်၊ အရေးဆိုပိုင်ခွင့် အခွင့်အရေးများကို ဆုံးရှုံးခဲ့ကြရသည်။

            ထိုကြောင့် စားသုံးသူတို့၏ အခွင့်အရေးများကို အကာအကွယ်ပေးရန်နှင့် ထုတ်လုပ်သူလုပ်ငန်းရှင်တို့၏ ကုန်စည် ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကာကွယ်နိုင်ရန်အတွက် အစားသောက်နှင့် ဆေးဝါးသီးသန့်အက်ဥပဒေကို အမေရိကန်ပြည်ထောင်စုကွန်ကရက်မှ ၁၉၀၆ ခုနှစ်တွင် ပြဌာန်းကျင့်သုံးခဲ့ရာမှ ယင်းဥပဒေပါ အချက်များကို မှီငြမ်း၍ ဥရောပနှင့် မြောက်အမေရိကတွင် ၁၉၆၀ ခုနှစ်တွင် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများ စတင်လာခဲ့ပါသည်။

           အမေရိကန်ပြည်ထောင်စုကွန်ရက်မှ သမ္မတ John F Kennedy  က ၁၆၉၂ ခုနှစ်၊ မတ်လ ( ၁၅ ) ရက်နေ့တွင် စာသုံးသူတို့၏ အခြေခံအခွင့်အလမ်းများကို အသိအမှတ်ပြု၍ တရားဝင်လက်မှတ် ရေးထိုးခဲ့ရာမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းအတွက် မှတ်တိုင်တစ်ခုအနေဖြင့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ( World Consumer Right Day ) ဖြစ်ပေါ်လာခဲ့ပြီး နှစ်စဉ်၊ နှစ်တိုင်း မတ်လ ( ၁၅ ) ရက်နေ့ကို သတ်မှတ်ခဲ့ကြကြောင်း သိရှိရပါသည်။

             စားသုံးသူအကာကွယ်ပေးရေးအတွက် ကုလသမဂ္ဂ၏ လမ်းညွှန်ချက်များ UN Guide Line ၈ ချက်ကို ၁၉၈၅ ခုနှစ်၊ ဧပြီလ ( ၉ ) ရက်နေ့တွင် ( ၃၉/၂၄၈ ) ဖြင့် ချမှတ်နိုင်ခဲ့ပြီး စားသုံးသူများအား ကာကွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

            အာဆီယံအဖွဲ့ဝင်နိုင်ငံများမှလည်း မိမိတို့၏ စားသုံးသူပြည်သူများကို အကာအကွယ်ပေးရန် အတွက် ဥပဒေများကို ပြဌာန်းလာကြရာ ၁၉၇၉ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ၁၉၉၂ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ၁၉၉၆ ခုနှစ်တွင် စင်္ကာပူနိုင်ငံ၊ ၁၉၉၉ ခုနှစ်တွင် မလေးရှားနိုင်ငံ၊  ( ၂၀၀၀ ) ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ( ၂၀၀၆ ) ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ( ၂၀၁၀ ) ခုနှစ်တွင် လာအိုနိုင်ငံ၊ ( ၂၀၁၀ ) ခုနှစ်တွင် ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံတွင် ( ၂၀၁၄ ) ခုနှစ်တွင်လည်းကောင်း အသီးသီး ပြဌာန်းခဲ့ပြီး အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ အစည်းအဝေးများကို အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

          မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဓိက တာဝန်ယူ၍ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို ၂၀၁၃ ခုနှစ်၊ မေလမှစတင်၍ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအမည်ဖြင့် စတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ မတ်လ ( ၁၄ ) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ( ၁၀ ) ဖြင့် အခန်းပေါင်း ( ၁၂ ) ခန်း၊ ပုဒ်မပေါင်း ( ၃၁ ) ခုဖြင့် ပြဌားန်းကာ စားသုံးသူပြည်သူများအား ကာကွယ်ဆောင်ရွက်ပေးလျက် ရှိကာ ၂၀၁၉ ခုနှစ်၊ မတ်လ ( ၁၅ ) ရက်နေ့တွင် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၉။ ဖြင့် အခန်း ( ၂၅ ) ခန်း၊ ပုဒ်မပေါင်း ( ၈၄ ) ခုနှင့် ပြုပြင်မွမ်းမံကာ စာသုံးသူတို့အား မိမိတို့၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ အခွင့်အရေးများအပြင်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် တာဝန်များကို စားသုံးသူကာကွယ်ရေးဥပဒေများဖြင့် ကာကွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်/ကျေးရွာများအထိပါ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ကုန်စည်ဝန်ဆောင်မှုများအတွက် ဈေးများ/ကုန်စုံဆိုင်များ/အိမ်ဆိုင်များ/ ကျောင်းမုန့်ဈေးတန်းများသို့လည်း သွားရောက်၍ ကွင်းဆင်းအသိပညာပေးခြင်း လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန် စားသုံးသူပြည်သူများအား အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

        ယခုကာလတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှုနှင့် စွမ်းဆောင်ရည် မည်မျှရှိသည်ကို  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းအား ၂၀၂၂ ခုနှစ်၊ တတိယနှင့် စတုတ္ထ ( ၃ ) လပတ်များအတွင်း စစ်တမ်းကောက်ယူရန်အတွက် ပြည်သူများသို့ စားသုံးသူအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ ကုစားမှုအစီအစဉ်များ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် စားသုံးသူများ သိရှိရမည့် သတင်းအချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် ပြဌာန်းချက်များအပေါ် သိရှိမှု အခြေအနေများစသည့်အချက်များကို အခြေခံ၍ စားသုံးသူပြည်သူများအား စစ်တမ်းမေးခွန်းလွှာကို လူကိုယ်တိုင်တိုက်ရိုက်ဖြင့်သော်လည်းကောင်း၊ Online မှ မေးမြန်းခြင်းဖြင့် သော်လည်းကောင်း၊ နည်းလမ်း ( ၂ ) သွယ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ လူဦးရေ စာရင်းအလိုက်ကောက်ယူ၍ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာသည်နှင့်အမျှ ပြည်သူများအပေါ်တွင် စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ နိုင်ငံအတွင်း မည်မျှလွမ်းခြုံနိုင်မှုနှင့် ထိရောက်မှုအတိုင်းအတာကို သိရှိနိုင်ရန် ရည်ရွယ်၍ ကောက်ယူခြင်းဖြစ်ပါကြောင်း သိရှိရပါသည်။

          မြန်မာနိုင်ငံစားသုံးသူစွမ်းဆောင်နိုင်မှုအညွှန်းကိန်း စစ်တမ်းမွေးခွန်းလွှာတွင် ခေါင်းစဉ်ကြီး   ( ၃ ) ခုနှင့် အချက်ပေါင်း ၄၃ ချက်ပါဝင်ပြီး စားသုံးသူသတင်းအချက်အလက်အနေဖြင့် တည်နေရာ၊ ဒေသ၊ ကျား/မ၊ အသက်အပိုင်းအခြား၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင်များ ဖြည့်စွက်ရသည်ကို တွေ့ရှိရပါသည်။

          မွေးခွန်းလွှာများ ဖြေကြားရာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဗဟုသုတရှိမှု၊ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ အခွင့်အရေးများနှင့် ကုန်စည်တွင်ပါရှိသည့် သတင်း အချက်အလက်များ သိရှိနိုင်မှုအခြေအနေများ၊ စားသုံးသူရေးရာဦးစီးဌာနမှ အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ မိမိတို့၏ အခွင့်အရေးများ ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် အဖွဲ့အစည်းများအပေါ် မိမိတို့၏ ထင်မြင်ချက်များ ဖြည့်စွတ်ရပါသည်။

          ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုအား တိုင်ကြား နိုင်မှုအခြေအနေများတွင် မည်ကဲ့သို့ တိုင်ကြားနိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြ ချက်များအပေါ် နားလည်သိရှိမှုနှင့် မိမိတို့ ကုန်ပစ္စည်းဝယ်ယူအသုံးပြုရာတွင် သတိပြုရမည့် အချက်များနှင့် စားသုံးသူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ နောက်ထပ်အကြံပြုလိုသည်များ ရှိပါက လွတ်လပ်စွာ အကြံပြုနိုင်မည် ဖြစ်ကြောင်းကို မေးခွန်းလွှာ၏ အဆုံးတွင် ထည့်သွင်းရေးသားနိုင်သည်ကို တွေ့ရှိရပါသည်။

       မြန်မာနိုင်ငံစားသုံးသူစွမ်းဆောင်နိုင်မှုအညွှန်းကိန်း စစ်တမ်းမွေးခွန်းလွှာတွင် ဖြေဆိုထား သည့် စားသုံးသူတစ်ဦးအနေဖြင့် ဖြေကြားသည့် အချက်အလက်များပေါ်မူတည်၍ စားသုံးသူ စွမ်းဆောင်နိုင်မှုအဆင့်သတ်မှတ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာရရှိမှုနှင့် စွမ်းဆောင်ရည်များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရန် မြန်မာနိုင်ငံစားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်း ( MCEI ) စစ်တမ်းကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါသည်။

           နေရာစုံ၊အလွှာစုံမှ စားသုံးသူများအား စစ်တမ်းကောက်ယူနိုင်ရေးဆောင်ရွက်ပါက  ပိုမိုတိကျခိုင်မာသော နိုင်ငံတွင်းရှိစားသုံးသူများ၏ စွမ်းဆောင်နိုင်မှုအညွှန်းကိန်းကိုရရှိမည်ဖြစ်၍ လိုအပ်သောမူဝါဒများချမှတ်နိုင်မည်ဖြစ်ပါသည်။ ထိုမှတဆင့် စားသုံးသူပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုတိုးတက်ရေးနှင့် နေထိုင်စားသောက်မှုပုံစံများ အဆင့်အတန်းမြင့်မားစေရေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်သောကြောင့် စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိထိ‌ရောက်ရောက်အကာအကွယ်ပေးလာနိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူ စွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းမွေးခွန်းလွှာတွင် ဖြေဆိုခြင်းအား စားသုံးသူပြည်သူများက တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပေးမှသာလျှင် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

                     

မော်လမြိုင်မြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show )ကျင်းပ

           ၂၀၂၂ခုနှစ် မတ်လ ၁၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ရုံး၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ကိုကို၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယ ဦးစီးမှူးဒေါ်ခင်ကြည်တို့မှ မော်လမြိုင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

          စားသုံးသူများအတွက် စားသုံးသူကိစ္စရပ်များအသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့်  စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲဖြစ်ကြောင်း၊ အဆိုပါ Talk Showတွင်  ဒုတိယဦးစီးမှူးဒေါ်ခင်ကြည်က ဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုကို စားသုံးသူများရယူရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပြဌာန်းချက်နှင့်အညီ စားသုံးသူတို့၏အခွင့်အရေးတို့ကို ရယူအသုံးပြုမည့်ကို လည်းကောင်း၊ ၂၀၂၂ခုနှစ်၊ မတ်လ၁၅ရက်နေ့၏ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ် “ညီညွှတ်မျှတဒီဂျစ်တယ်ငွေကြေးကဏ္ဍ” သတ်မှတ်ထုတ်ပြန်ချက်နှင့်အညီ စားသုံးသူများအား မျှတမှုရှိသည့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်စေရေးနှင့် စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များလုံခြုံစေရန် (၁) စားသုံးသူများ၏ ဘဏ်အကောင့် အချက်အလက်များ၊ Debit/ Creditကတ်၊ ဘဏ်ကတ်နံပါတ်များနှင့် ဒီဂျစ်တယ် ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများ၏ ငွေလွှဲအချက်အလက်များဖြစ်သော လုပ်ငန်းစဉ်နံပါတ်၊ လျှို့ဝှက်နံပါတ်၊ OTP နှင့် PIN တို့ကို မည့်သူတစ်ဦးတစ်ယောက်ကိုမှ မျှဝေခြင်းမပြုရန်၊ (၂) စားသုံးသူရေးရာဦးစီးဌာနသို့ ငွေကြေးဝန်ဆောင်မှုနှင့် ပတ်သက်သည့်တိုင်ကြားမှုအများစုတွင် ငွေလွှဲသူမှ ငွေလက်ခံသူသို့ ငွေကြေးလွှဲပြောင်းပေးပြီးနောက် ငွေလက်ခံမည့်သူက ထုတ်ယူခြင်း မပြုမီ လိမ်လည်သူများက ထုတ်ယူခဲ့သည့်တိုင်ကြားမှု ဖြစ်စဉ်များရှိသည့်အတွက် စားသုံးသူများအနေဖြင့် ငွေလွှဲသည့်အခါ လျှို့ဝှက်နံပါတ်(၆)လုံးကို ခန့်မှန်းရလွယ်ကူသည့်နံပါတ်များ အသုံးမပြု စေရန်၊ (၃) ကိုယ်ရေးအချက်အလက်များ၊ ငွေလွှဲအချက်အလက်များ ဖြစ်သောလုပ်ငန်းစဉ်နံပါတ်၊ လျှို့ဝှက်နံပါတ်၊ OTP   နှင့်   PIN တို့ကို  လိမ်လည်သူများက   အသုံးချနိုင်သည့်အတွက် လူမှုကွန်ရက်များပေါ်တွင် အသိပေးတင်ပြခြင်းမပြုရန်၊ (၄) ဒီဂျစ်တယ်စနစ်ဖြင့် အသုံးပြုသော ဘဏ်လုပ်ငန်းနှင့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတို့၏ Call Center နှင့် အပြာရောင်အမှန်ခြစ် (Blue Mark) ရရှိထားသည့် Facebook Page တွင်သာ မိမိသိရှိလိုသည့်အကြောင်းအရာများကို ဆက်သွယ်မေးမြန်းရန်၊ (၅) ဘဏ်လုပ်ငန်း သို့မဟုတ် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတို့၏ ဝန်ထမ်းအဖြစ်ဟန်ဆောင်၍ အခြားဖုန်းနံပါတ်များဖြင့်ခေါ်ဆိုလာပါက ကိုယ်ရေးအချက်အလက်များ ငွေလွှဲအချက်အလက်များတို့ကို သတိထားဆောင်ရွက်စေလိုကြောင်းစသည့်တို့ကို  စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show တွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူပြည်သူများ ဘေးဥပါဒ်ကင်းဝေးစေရေး၊ ဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုရယူသုံးစွဲနိုင်ရေး၊  မိမိတို့အခွင့်အရေးကိုသိရှိ၍ ရယူနိုင်ပြီး ထိခိုက် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်ဘဲ အကျိုးစီးပွားကာကွယ်နိုင်ရန် ရည်ရွယ်၍ မတ်လ(၁၀)ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဦးစီးမှုး ဦးဇော်ထွန်းဦး၊ မြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့၊ အမှတ် (၁၁) ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

          ဦးစီးမှူး ဦးဇော်ထွန်းဦးမှ ဆွေးနွေးရာတွင် လက်ရှိရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြလာစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း၊ မြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးမှ စားသောက်ကုန်ရောင်းချသူ ဆိုင်ပိုင်ရှင်များအနေဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်နှင့်ပတ်သက်၍ အသင့်စားမုန့်အမျိုးမျိုးတွင်ပါဝင်ရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ အဆိုပါ အချက်အလက်များပါဝင်သည့် စားသောက်ကုန်များကို ရောင်းချသွားရန်အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး  ဒု-ဦးစီးမှူး ဒေါ်လင်းလင်းနိုင်မှ  စားသုံးသူ အခွင့်အရေးများ၊ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်အခွင့်အရေးရှိပြီး ဦးစီးဌာနနှင့် စားသုံးသူကာကွယ်ရေးကော်မတီတို့၏  စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့် အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းရှင်များသို့ အသိပညာပေးခြင်းနှင့် စစ်တမ်းကောက်ယူခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့်ဝန်ထမ်းများအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ မေလ (၁၁)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းရှင်များဆီသို့ အသိပညာ ပေးဆွေးနွေးခဲ့ပါသည်။

          ထိုသို့လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်များနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုများ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့်ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းဥပဒေအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းသိရှိစေရန် ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှလည်း မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

        စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ဆွေးနွေးရာတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ၍ အရည်အသွေးကို အဓိကထား၍ထုတ်လုပ်စေလိုကြောင်း၊ လိုက်နာရမည့် တာဝန်များကိုလည်းဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ပါသည်။

          ဆက်လက်၍ ခရိုင်အတွင်း စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ မြို့ပြ၊ ကျေးလက်အလွှာပေါင်းစုံနေထိုင်သော စားသုံးသူပြည်သူများသို့ စားသုံးသူအသိပညာပေးလုပ်ငန်းများ ၊ စားသုံးသူထိ ခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့်ကုစားမှုအစီအစဉ်များ ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့်  သိရှိရမည့်သတင်းအချက်အလက်များ စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့်တာဝန်များ ပြဌာန်းချက်များအပေါ် စားသုံးသူများ၏ အသိပညာဗဟုသုတရှိမှုနှင့် စွမ်းဆောင်ရည်မည်မျှရှိသည်ကို သိရှိနိုင်စေရန် မြေပြင်ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ပါသည်။

DOCA(မကွေး)

ချောက်မြို့ရှိ စားအုန်းဆီလုပ်ငန်းရှင်များအား ကွင်းဆင်းအသိပညာပေး ဆွေးနွေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် မကွေးခရိုင်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်း(ဒု-ခရိုင်ဦးစီးမှူး)ဦးဆောင်၍ ဒေါ်မြတ်မြတ်မိုး (ချောက်မြို့နယ်ဦးစီးမှူး)နှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် (၁၁.၅.၂၀၂၂)ရက်နေ့ (၁၀:၀၀) နာရီမှ(၁၁:၃၀)နာရီအထိ ချောက်မြို့ပေါ်ရှိ စားအုန်းဆီလက်လီ/လက္ကားရောင်းချလျှက်ရှိသော ဆီလုပ်ငန်းရှင်များဖြစ်သည့် ဦးမင်းနိုင်၊ ဦးရဲမြင့်၊ ဒေါ်ဝင်းဝင်းသန်းနှင့် ဒေါ်စီစီလွင်တို့ထံသွားရောက် တွေ့ဆုံပြီး ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့် ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေး အသိပညားပေးဆွေးနွေးခဲ့ပါသည်။

          လုပ်ငန်းရှင်များအား ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ အရည်အသွေးပြည့်မှီရေး  ပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး စျေးကွက် အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ‌စျေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ပြည်ပမှစားသုံးဆီ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ လုပ်ငန်းများကိုထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်လျှက်ရှိပြီးစျေးနှုန်းများကိုလည်း ထုတ်ပြန်ပေးလျှက်ရှိရာ ထိုက်သင့်သည့်အကျိုးအမြတ်ရယူ၍ ရောင်းချဖြန့်ဖြူးရန် ၂၀၂၂ ခုနှစ် မေလ (၁)ရက်နေ့မှစတင်၍ စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူရာတွင် ရန်ကုန်ဆိပ်ကမ်းမှ ဆီများထုတ်ယူရာ၌ အဝါရောင်ပေပါများ အတွင်းအပြင် သန့်ရှင်းသည့် ပေပါများကိုသာ ထုတ်ပေးမည်ဖြစ်ကြောင်း၊ ဓါတုဗေဒပစ္စည်းများ ထည့်သွင်း အသုံးပြုထားသည့် ပေပါများတွင် စားအုန်းဆီများ ထည့်သွင်း သုံးစွဲခြင်းမပြုရန်၊ စျေးကွက်အတွင်းသို့ ဖြန့်ဖြူးမည့် ထုပ်ပိုးပစ္စည်းများအပေါ်တွင် “စားသုံးဆီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြုးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ”ထံမှ ခွင့်ပြုချက်ရရှိပြီးသည့် သက်ဆိုင်ရာကုမ္ပဏီ၏ Cap Seal  များဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ်( Logo)များကပ်နှိပ်ပေးသွားမည်ဖြစ်ကြောင်း အသိပေး‌ဆွေးနွေးခဲ့ပါသည်။

          ဒေါ်မြတ်မြတ်မိုး (ချောက်မြို့နယ်ဦးစီးမှူး)မှ  ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အရ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏အမျိုးအစားကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန် ( ဥပမာ - ဟင်းသီး ဟင်းရွက်ဆီ၊ စားအုန်းဆီ)  ဟင်းသီးဟင်းရွက်ဆီ  (အဆင့်မြင့်စားအုန်းဆီ)အပြင် ကုန်စည်၏    အသားတင် ပမာဏနှင့်အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားဖြင့် ဖော်ပြရန်၊ ညွှန်ကြားချက်များကို (၂၀.၁၂.၂၀၂၁)တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ(၆)လပြည့်မြောက်သည့်နေ့မှစ၍ အရေးယူဆောင်ရွက်တော့မည်ဖြစ်သောကြောင့် ပြည့်စုံစွာဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ အချင်အတွယ်ဖြင့်ရောင်းချသော ဆီဆိုင်များအနေဖြင့်လည်း အလေးချိန်များ မှန်ကန်စွာရောင်းချစေလိုကြောင်း စားအုန်းဆီနှင့် အခြားဆီများ ရောစပ်ရောင်းချလျှင်လဲ ရောနှောသည့် အချိုးအဆကို ပွင့်လင်းမြင်သာစွာ ရောင်းချစေလိုကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပ‌ဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်တားမြစ်ချက်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအား (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်  ညွှန်ကြားချက် အမှတ်(၁/၂၀၂၁) နှင့်မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေး ကော်မရှင်မှ ထုတ်ပြန်သည့်ညွှန်ကြားချက် အမှတ်(၂/ ၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ