သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်စည်တွင်ဖော်ပြထားသောအလေးချိန်တို့နှင့် ပတ်သက်၍ကွင်းဆင်းစစ်ဆေးခြင်း

       ၂၄.၂.၂ဝ၂ဝ ရက်နေ့တွင် ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီး မြို့မစျေးမှ တာဝန်ရှိသူတို့နှင့်ပူပေါင်း၍ မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော ဟင်းခတ်အချိုမှုန့်များအား အလေးချိန်ဖော်ပြချက်နှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ကွင်းဆင်းစစ်ဆေးရာ၌ စျေးအတွင်းရှိကုန်စုံဆိုင်တို့တွင် ကုန်အမှတ်တံဆိပ်မပါ ဟင်းခတ်အချိုမှုန့်များ၊ Ajinomoto? Crown? Golden? Penda နှင့် ထိုင်းဇွန်း အမှတ်တံဆိပ်များရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ကုန်အမှတ်တံဆိပ်မပါသော ဟင်းခတ်အချိုမှုန့်များ ရောင်းချခြင်းနှင့်ပတ်သက်၍ လက်လီ၊ လက္ကားရောင်းချနေသော ဆိုင်ရှင်များအား စားသုံးသူကာကွယ်ပေးရေးဥပဒေ(၂ဝ၁၉)ပါ အခန်း (၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွန်းအမှတ်အသားဖော်ပြရမည့် အချက်များပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ Crown, Golden, Penda  ကုန်အမှတ်တံဆိပ်ဟင်းခတ် အချိုမှုန့်တို့တွင် ဖော်ပြထားသော အလေးချိန်တို့နှင့် ပတ်သက်၍ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး၍ရောင်းချရန် အသိပညာပေး ဟောကြားပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

တောင်ကြီးခရိုင်

စားသုံးသူရေးရာဦးစီးဌာန

ကရင်ပြည်နယ်၊ သံတောင်မြို့နယ် ပျားစခန်းကျေးရွာရှိ လက်လီ/ကားရောင်းချနေသော ဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀.၂.၂၀၂၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်း၍ သံတောင်မြို့နယ်၊ ပျားစခန်းကျေးရွာရှိ လက်လီ/ကားရောင်းချနေသော ဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်၊ မုန့်မျိုးစုံ၊ ကုန်မျိုးစုံဆိုင်နှင့် အလှကုန်ဆိုင်များတွင် ထုတ်လုပ်သည့် ရက်စွဲ၊ ကုန်ဆုံးသည့်ရက်စွဲပါဝင်မှုရှိ/မရှိကို စစ်ဆေးခြင်း၊ ကုန်ပစ္စည်းများ သက်တမ်းလွန်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးရန်မသင့်သော ကုန်ပစ္စည်းများ ရောင်းချြခင်းရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ဉပဒေ ပြဌာန်းချက်ပါ မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရမည့်အချက်များအကြောင်း ရှင်းလင်း၍ လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ကော့ကရိတ်မြို့၊ မြို့မဈေးရှိ လက်လီ/ ကားရောင်းချ နေသော ဈေးဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀.၂.၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် တို့နှင့်ပူးပေါင်း၍ ကော့ကရိတ်မြို့မဈေးရှိ လက်လီ/ ကားရောင်းချနေသော စားသောက်ကုန်၊ မုန့်မျိုးစုံ၊ ကုန်မျိုးစုံဆိုင်နှင့် အလှကုန်ဆိုင်များမှ ကုန်ပစ္စည်းများတွင် စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သည့် သက်တမ်းလွန်ကုန်ပစ္စည်းများ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါသော ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ၊ စားသုံးရန် မသင့်သော ကုန်ပစ္စည်းများရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ထို့နောက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အချက်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာဉပဒေပြဌာန်းများသည် ၂၀၂၀ပြည့်နှစ် မတ်လ ၁၅ရက် နောက်ပိုင်းတွင် အာဏာတည်မည်ဖြစ်ကြောင်းကို ဈေးဆိုင်ရောင်းချသူများအား ရှင်းလင်း၍ လက်ကမ်းစာစောင် ဖြန့်ဝေခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ကရင်ပြည်နယ်၊ မြဝတီမြို့ သင်္ကန်းညီနောင်ကျေးရွာ၊ မဲ့ပလဲ့ကျေးရွာနှင့် သင်္ကန်းညီနောင်ဈေးတို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း

       ၁၈.၂.၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ် မြဝတီမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်ပူးပေါင်း၍ မြဝတီမြို့ သင်္ကန်းညီနောင်ကျေးရွာနှင့် မဲ့ပလဲ့ကျေးရွာရှိ ကျေးလက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေးအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်း၊ စားသုံးသူများတွင် စားသုံးသူအခွင့်အရေးများနှင့်လိုက်နာရမည့် တာဝန်များရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းမှာ ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့ နောက်ပိုင်းတွင် စတင် အသက်ဝင်တော့မည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူများအပေါ်ထိခိုက်နစ်နာမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ရုံးများ ဖွင့်လှစ်ထားရှိပြီး စားသုံးသူများ၏ တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက်ပေးကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

          ထိုနောက် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်သွယ်မှုနှင့် ဈေးကွက်အခြေအနေများ၊ ဈေးကွက်ယှဉ်ပြိုင်နိုင်ရန်အတွက် သိသင့်သည့်အချက်များ၊ ဈေးကွက်စီးပွားရေးအကြောင်းများအား ဆွေးနွေးတင်ပြခဲ့ပါသည်။

          ဆက်လက်၍ မြဝတီမြို့၊ သင်္ကန်းညီနောင်ဈေးရှိ လက်လီ/ကား ရောင်းချနေသောဆိုင်များနှင့် ဈေးအတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်၊ မုန့်မျိုးစုံ၊ ကုန်မျိုးစုံဆိုင်နှင့် အလှကုန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် သက်တမ်းလွန်ကုန်ပစ္စည်းများ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါသော ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာဉပဒေ ပြဌာန်းချက်များသည် ၂၀၂၀ပြည့်နှစ် မတ်လ ၁၅ရက်နေ့ နောက်ပိုင်းတွင် အာဏာတည်မည်ဖြစ်ကြောင်း ရှင်းလင်း၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း မြန်မာနိုင်ငံ ဝါနှင့်ဝါထွက် ပစ္စည်းကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်းမှ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံဆွေးနွေး

     (၂၂-၂-၂၀၂၀) ရက်နေ့တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းသည်  မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ ဝါနှင့်ဝါထွက်ပစ္စည်း ကုန်သည်များ နှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်းမှ အလုပ်အမှုဆောင်များနှင့်တွေ့ဆုံ၍ ဝါနှင့်ဝါထွက်ပစ္စည်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် အချက်များအား ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ပထမဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ဝါနှင့်ဝါ ထွက်ပစ္စည်း  ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စသည့် တိုင်းဒေသကြီး(၃) တိုင်းအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ပါက ၇၀% လွှမ်းခြုံနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ထို့အပြင် Export နှင့် ကုန်ချောထုတ်လုပ်နေသည့် CMP လုပ်ငန်းများပါ ပြည်တွင်းထုတ်ချည်များအသုံးပြုနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးရန်အတွက် အထည်အလိပ်လုပ်ငန်းရှင်များ ဥက္ကဌ ၊ Textile ဥက္ကဌတို့နှင့် UMFCCI တွင် သွားရောက်တွေ့ဆုံ၍ ဖြစ်နိုင်ခြေရှိသည်များကို ဆွေးနွေးခဲ့ကြောင်း၊ ဝါအသင်းအနေဖြင့် ဝါနှင့်ဝါထွက်ပစ္စည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းကဆောင်ရွက်မည့်အခြေအနေများ၊ နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးရမည့်လုပ်ငန်းများ၊ တောင်သူ၊ စက်ရက်ကန်းနှင့် လက်ရက်ကန်း လုပ်ငန်းရှင်များမှ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ၊ ဝါနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံလာနိုင်မည့် အခြေအနေများကို မည်သို့ဖိတ်ခေါ်သင့်သည်များ စသည့်လုပ်ငန်းများအားလုံးပေါင်းစပ်၍ ဆောင်ရွက်သင့်ကြောင်း၊ မိမိအနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တူရာအလွှာလိုက်အစုအဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး အစုအဖွဲ့မှတစ်ဆင့် အသင်းအဖွဲ့များဖွဲ့စည်းလာရာ အသင်းအဖွဲ့မှ တူညီမှုများ များလာသည့်အခါ ဝါ၊ သရက်၊ ကြံ၊ ထောပတ်ကဲ့သို့သော ဇုံတစ်ခု ဖြစ်လာသည်အထိ ကူးပြောင်းလာခဲ့ကြောင်း၊ အသင်း၏ညီညွတ်မှုသည် လွန်စွာအရေးကြီးကြောင်း၊ Brand တစ်ခု ရလာပါက ယှဉ်ပြိုင်လာမှုများရှိလာနိုင်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနိုင်ရန် GI နှင့် IP ဆိုင်ရာ အသိပညာမူပိုင်ခွင့်များ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဆိပ်ခွန်ထည်၊ အမရပူရနှင့် ဝမ်းတွင်းထည်များတွင် နာမည်ကြီးသည့် Quality ကို ဆက်လက်အကောင်အထည်ဖော်ရန်နှင့် မူပိုင်ခွင့်ရရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မူပိုင်ခွင့်ရရှိအောင် ဆောင်ရွက်နိုင်ပါက ဈေးကွက်ကျဆုံသွားခြင်းမရှိဘဲ အမြဲတမ်းခိုင်မာတည်မြဲနေမည်ဖြစ်ကြောင်း၊ ဝါအသင်းအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပေါင်းစပ်ပြီး Supply Chain ကိုဆွဲတင်ရမည်ဖြစ်၍ ဝါစိုက်တောင်သူများသည် အခြေခံဖြစ်သောအားတစ်ခု ဖြစ်ကြောင်း၊ ဝါအသင်း၊ ဝါစိုက်တောင်သူ၊ ဝါကြိတ်စက်၊ ရက်ကန်း လုပ်ငန်းရှင်၊ တင်ပို့ရောင်းချနေသည့် ချည်ထည်လုပ်ငန်းရှင်များနှင် Supply Chain ထဲ ပါဝင်နေသူ များအားလုံး ပါဝင်ရမည်ဖြစ်ပြီး Action Plan များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

            ဆက်လက်၍ မြန်မာနိုင်ငံဝါနှင့်ဝါထွက်ပစ္စည်းကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များ အသင်း နာယက ဉီးအောင်သန်းက ဝါအသင်း ဖွဲ့စည်းခဲ့သည်မှ ယနေ့အချိန်ထိ အသင်း၏လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ မြန်မာနိုင်ငံ ဝါနှင့်ဝါထွက်ပစ္စည်းကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဉီးဇော်ဉီးက အသင်းအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ အမရပူရမြို့နယ် ရက်ကန်းလုပ်ငန်းရှင်များအသင်းမှ ဒေါ်ခင်မမက ဒေသတွင်း အထည်များရက်လုပ်နေမှုနှင့် မြန်မာ့ပိုးထည်များ မူပိုင်ခွင့်ရရှိရေးအတွက် ဆောင်ရွက်လို သည်များကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်နီလာသန်းက ဝါမျိုးစေ့ဖြန့်ဝေပေးမှုအခြေအနေများ၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဝါမျိုးကောင်းမျိုးသန့်စိုက်ပျိုးသည့် ဝါအထူးဇုံအကောင်အထည်ဖော်မည့် အခြေအနေများကိုလည်း ကောင်း ရှင်းလင်းဆွေးနွေးကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ဝါအသင်းမှ မျိုးစေ့နှင့်ပတ်သက်၍ စစ်တမ်းကောက် ယူခြင်းနှင့် မျိုးစေ့ခြံများသို့ ဝါအသင်းမှ လာရောက်လေ့လာရာတွင် စိုက်ပျိုးရေဦးစီးဌာနမှ ကူညီ ဆောင်ရွက်ပေးရေး၊ လွန်းတရာချိတ်အား မူပိုင်ခွင့်ရရှိရေး ဆောင်ရွက်ရာတွင် မူပိုင်ခွင့်ဌာန၊ အသေး စားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းရန်နှင့် ရက်ကန်းအသင်းသားများ မူပိုင်ခွင့်ဆိုင် ရာ အသိပညာများရရှိရေး ဆောင်ရွက်သွားသွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ငဖောင်ကန်ကျေးရွာရှိ ဝဥအခြောက်ခံစက်အား လေ့လာကြည့်ရှုခြင်း

     (၂၀-၂-၂၀၂၀) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းသည် မကွေးတိုင်းဒေသကြီးဦးစီးမှူး၊ ပခုက္ကူခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ လိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ငါးဖောင်ကန်ကျေးရွာရှိ ရွှေနယုန် ဝဥအခြောက်ခံစက် သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လေ့လာခဲ့ပါသည်။ ပထမဦးစွာ စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာတွင် လက်ရှိအချိန်တွင် ဝူဟန်ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြောင့် တရုတ်သို့ တင်ပို့မှုရပ်ဆိုင်းနေရသဖြင့် စက်ရုံလည်ပတ်မှုကို ခေတ္တရပ်နားထားရကြောင်း၊ စက်ရုံအနေဖြင့် ဝဥကုန်ကြမ်းကို ချင်းပြည်နယ်၊ မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ်များမှ ဝယ်ယူကာ တစ်နှစ်လျှင် တန်ချိန် (၈)သိန်းခန့် ဝယ်ယူရကြောင်း၊ လက်ရှိတွင် ဝဥဈေးနှုန်းမှာ (၁) ပိဿာလျှင် (၂၂၅၀)ကျပ် ရှိကြောင်း ဆွေးနွေးပါသည်။

           ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးရာတွင် ဝဥကုန်ကြမ်းအား ချင်းပြည်နယ်မှ ဝယ်ယူရသဖြင့် လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်မှုစရိတ်မြင့်မားခြင်းများ ဖြစ်ပေါ်နိုင် မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စက်ရုံတည်ရှိရာ အနီးပတ်ဝန်းကျင် ဒေသများတွင်လည်း စိုက်ပျိုး ထုတ်လုပ်နိုင်ပါက ပိုမိုတွက်ချေကိုက်အဆင်ပြေမည် ဖြစ်ပါကြောင်း၊ ဒေသတွင်း ကုန်ကြမ်း ထုတ် လုပ်နိုင်လျှင် စက်ရုံအတွက် အဆင်ပြေနိုင်ရုံသာမက တောင်သူများပါ ပိုမိုတွက်ခြေကိုက်နိုင် မည်ဖြစ်ပါကြောင်း၊ ဝဥသည် အရိပ်လိုအပ်သော အပင်ဖြစ်သည့်အတွက် ဤဒေသရှိ လျှော်ဖြူစိုက် ခင်းများအတွင်း စိုက်ပျိုးသင့်/မသင့်ကို စမ်းသပ်လေ့လာသင့်ပါကြောင်း၊ စိုက်ပျိုးရပါက တောင်သူ များ စိုက်ပျိုးနိုင်ရေးကိုလည်း စက်ရုံမှ စိုက်ပျိုးနည်းပညာများ ပံ့ပိုးပေး၍ စိုက်ပျိုးနိုင်အောင် လုပ် ဆောင်ပေးသင့်ကြောင်း၊ ဝဥနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် စားသုံး သူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စီမံချက်ရေးဆွဲတင်ပြခြင်း၊ လိုအပ်သည်များ ချိတ်ဆက်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ထားစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း ဖရဲသခွားမွှေး အသင်းအဖွဲ့ များ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့နှင့် တွေ့ဆုံဆွေးနွေးခြင်း

  (၁၉-၂-၂၀၂၀) ရက်နေ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင် မောင်းသည် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဖရဲသခွားမွှေးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဖရဲသခွားမွှေးအသင်းတို့မှ အလုပ်အမှုဆောင်များ၊ ဖရဲသခွားမွှေးစိုက်ပျိုးထုတ်လုပ် သည့် တောင်သူများနှင့်တွေ့ဆုံ၍ တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားမွှေးပုံမှန်တင်ပို့မှု ရပ်တန့်နေခြင်းနှင့် ပတ်သက်၍ ဖရဲ၊ သခွားမွှေး စိုက်တောင်သူများ လက်ရှိအချိန်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ နစ်နာဆုံးရှုံးမှုများကို တစ်ဖက်တစ်လမ်းမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်တွင်းဈေးကွက် ရရှိနိုင်ရန်တို့အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

   ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က တရုတ်နိုင်ငံ၌ ဖြစ်ပေါ်နေသော ကိုရိုနာဗိုင်း ရပ်(စ်)ကြောင့် မြန်မာနိုင်ငံမှကုန်သွယ်မှုများအား ထိခိုက်နစ်နာခဲ့ရသည့် အခြေအနေများ၊ ဆောင် ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ ပြည်တွင်းသုံးစွဲမှုမြင့်မားရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အလုပ်အမှုဆောင်များက လက်ရှိစိုက်ပျိုးထုတ်လုပ် နေမှုအခြေအနေများ၊ လက်တလောထိခိုက်နစ်နာမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ် ငန်းစဉ်များကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဉီးခင်မောင်ဆွေက ဟိုတယ်များမှ သုံးစွဲမှုအခြေအနေများ၊ Supplier များမှတဆင့် ဝယ်ယူမှုအခြေ အနေများကို လည်းကောင်း၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဉီးသင်္ကြန် ကျော်က ပြည်တွင်းသုံးစွဲမှုမြင့်မားရေး ဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ တန်ဖိုးမြှင့်ထုတ်လုပ်၍ ပြည်တွင်းသုံးစွဲနိုင်ရေး ဆောင်ရွက်သင့်သည့် အချက်များကို လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြ ပါသည်။

        ထို့နောက် စားသုံးသူရေးရာဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဉီးအောင်မောင်းက ဖရဲ သခွားအသင်းအနေဖြင့် ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ ပေါင်းစပ်ဆောင်ရွက် သင့် သည့် ကိစ္စရပ်များကို တိုက်တွန်းဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ဟိုတယ်လုပ်ငန်းရှင် များအတွက် အရည်အသွေးကောင်းသော ဖရဲသခွားသီးနှံများရရှိရေး ဖရဲသခွားအသင်းမှ ချိတ်ဆက် ဆောင်ရွက်ပေးရန်၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်၌ ဖရဲ သခွား အသင်းအား ဆိုင်ခန်းများဖွင့်လှစ်စေ၍ ဖရဲသခွားစတုဒီတာကျွေးမျွေးခြင်း၊ ဖရဲသွားဆိုင်ရာ အသိ ပညာများ ရှင်းလင်းပြသခြင်းများ ဆောင်ရွက်နိုင်စေရေး သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များက ပေါင်းစပ်ဆောင်ရွက်သွားရန်၊ ဖရဲသခွားမွှေးသီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့မှုနှင့်ပတ်သက်၍ ကာလတို၊ ကာလလတ်၊ ကာလရှည် ဆောင်ရွက်မည့်အခြေအနေများကို မြန်မာနိုင်ငံဖရဲသခွားအသင်းမှ စာတမ်း ပြုစုတင်ပြရန် စသည့်အချက်များကို ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

အမျိုးသားစားသုံးသူကာကွယ်ပေးရေးအစီအစဉ်အားအပြီးသတ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖွင့်အမှာစကား ပြောကြား

       “အမျိုးသားစားသုံးသူအကာအကွယ်ပေးရေးအစီအစဉ်” အပြီးသတ်ဆွေးနွေးရေး အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ HILTON HOTEL ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်နှင့် ပြည်ထောင်စု နယ်မြေ/ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ၊ GIZ မှ Regional Economic Integration ၏ Head of Components ဖြစ်သူ  Dr. Astrid Faust နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

         အဆိုပါ အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများကို အာဆီယံနိုင်ငံများနှင့်တပြေးညီ လိုက်ပါဆောင်ရွက်နိုင်ရေး၊ တစ်နိုင်ငံလုံး ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးနှင့် ဦးစားပေး ဆောင်ရွက်ရမည့် နယ်ပယ်ကဏ္ဍများ ချမှတ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ အစိုးရမဟုတ်သော စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များ ပုဂ္ဂလိကကဏ္ဍမှ အသင်းအဖွဲ့များနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အမျိုးသား စားသုံးသူအကာအကွယ်ပေးရေးအစီအစဉ်ကို EU-GIZ (Trade Development Programme) အကူအညီဖြင့် ရေးဆွဲခဲ့ရာ မူကြမ်းအဆင့်ရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုအလုပ်ရုံဆွေးနွေးပွဲသည်  အမျိုးသားစားသုံးသူအကာအကွယ်ပေးရေးအစီအစဉ်(မူကြမ်း)အား အပြီးသတ်ရေးဆွဲရန်အတွက် GIZ မှ ကျွမ်းကျင်ပညာနှင့် စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆွေးနွေးအပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

         ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသား စားသုံးသူအကာအကွယ်ပေးရေးအစီအစဉ် ကို EU- GIZ အကူအညီဖြင့် စတင်ရေးဆွဲခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ (၂)ကြိမ် ကျင်းပခဲ့ရာ ဦးစားပေးကဏ္ဍကြီး (၅) ရပ်ကို ဖော်ထုတ်နိုင်ခဲ့ ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ စျေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း၊ စစ်ဆေးရေးအရာရှိများ ခန့်အပ်တာဝန်ပေးအပ်ခြင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေအပြင် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ စားသုံးသူများ၏ တိုင်ကြားမှုများကို လက်ခံဖြေရှင်းအရေးယူဆောင်ရွက်ခြင်း၊ စားသုံးသူများနှင့် လုပ်ငန်းရှင်များကို အသိပညာပေးခြင်းများဆောင်ရွက်လျှက်ရှိသကဲ့သို့ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့် ပူးပေါင်း၍ အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာ လုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) ကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ယနေ့ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသည် အမျိုးသားစားသုံးသူအကာအကွယ် ပေးရေးအစီအစဉ်အား အပြီးသတ်ရေးဆွဲနိုင်ရေး ကျင်းပခြင်းဖြစ်သောကြောင့် စားသုံးသူရေးရာဦးစီးဌာနက ပြုစုထားသော မူကြမ်းအား တက်ရောက်လာသူများက မိမိတို့၏ အတွေ့အကြုံဗဟုသုတများအပေါ် အခြေခံပြီး ပါဝင်ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     အမျိုးသားစားသုံးသူကာကွယ်ပေးရေးအစီအစဉ်အား အပြီးသတ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကို ၂၅.၂.၂၀၂၀ မှ ၂၆.၂.၂၀၂၀ ရက်နေ့ထိ GIZ အဖွဲ့အစည်း၏ ASEAN Protect Project ၏ အကူအညီဖြင့်ကျင်းပခဲ့ပြီး အမျိုးသားစားသုံးသူကာကွယ်ပေးရေးအစီအစဉ်(မူကြမ်း)ပါ မူဝါဒများနှင့် လုပ်ငန်းစဉ်များအပေါ် ဖြည့်စွက်ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။    

စားသုံးသူရေးရာဌာနခွဲ

လွိုင်လင်ခရိုင်ရှိ မိုင်းရှူးမြို့နှင့် မိုင်းနောင်မြို့တို့တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲများပြုလုပ်ကျင်းပ

     ၁၉.၂.၂ဝ၂ဝ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦး ဦးဆောင်သော ဝန်ထမ်းများသည် လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၊ အထွေထွေအုပ်ချုပ်ရေးခန်းမ၌ လည်းကောင်း၊ မိုင်းနောင်မြို့၊ အ.ထ.က (မိုင်းနောင်) ကျောင်းတွင်လည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲများကို ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲများတွင် ပြည်နယ်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာခဲ့သည့် သမိုင်းကြောင်း နှင့် ဌာနမှလုပ်ဆောင်နေသည့်လုပ်ငန်းများအကြောင်း ကုန်စည်/ဝန်ဆောင်မှုများကြောင့် စားသုံးသူနစ်နာမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုစင်တာ (CICC)များတွင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားမှုနှင့် ပတ်သက်၍လည်း ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိသူတစ်ဦးက ၂ဝ၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်တွင် ပါဝင်သော စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်နှင့် တားမြစ်ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးမှုများကို ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ မိုင်းရှူးမြို့ အထွေထွေအုပ်ချုပ်ရေးခန််းမ၌ ကျင်းပသော ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူ/သားများ၊ လက်လီ/လက်က္ကားရောင်းချသူများ စုစုပေါင်း(၈၈)ဦးနှင့် အ.ထ.က(မိုင်းနောင်)တွင်ကျင်းပသောဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် လက်လီ/လက္ကားရောင်းချသူများ စုစုပေါင်း (၁၈၂)ဦး အသီးသီးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

တောင်ကြီးခရိုင်

စားသုံးသူရေးရာဦးစီးဌာန

 

လွိုင်လင်ခရိုင်၊လဲချားမြို့တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲများပြုလုပ်ကျင်းပ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးဦးတင့်လွင်ဦး ဦးဆောင်သောဝန်ထမ်းများသည် ၁၈.၂.၂ဝ၂ဝ ရက်နေ့တွင် လွိုင်လင်ခရိုင်၊ လဲချားမြို့၊ သီရိဟံသာခန်းမ၌လည်းကောင်း၊  အ.ထ.က(လဲချား) ကျောင်း၌လည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲများကို ဆောင်ရွက်ခဲ့ကြပါသည်။

         လဲချားမြို့၊သီရီဟံသာခန်းမတွင်ပြုလုပ်သောဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦး က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာခဲ့သည့်သမိုင်းကြောင်းနှင့် ဌာနမှ လုပ်ဆောင်နေသည့် လုပ်ငန်းများအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုများကြောင့် စားသုံးသူများအနေဖြင့်နစ်နာမှုဆိုင်ရာ ကိစ္စရပ်များရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုစင်တာ (CICC) များသို့ တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားမှုများနှင့်ပတ်သက်၍လည်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိသူတစ်ဦး က ၂ဝ၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေး ပြဌာန်းချက်တွင်ပါဝင်သော စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ် များအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများကို ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့  ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူ/သားများ၊ လက်လီ/လက်က္ကား ရောင်းချသူများစုစုပေါင်း(၁၆၆) ဦး တက်ရောက်ခဲ့ကြပါသည်။

      အလားတူ အ-ထ-က(လဲချား) ကျောင်းတွင် တာဝန်ရှိသူများက ၂ဝ၁၉ စားသုံးသူဥပဒေ ပေါ်ပေါက်လာပုံများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုများကြောင့် စားသုံးသူများအနေဖြင့်နစ်နာမှုဆိုင်ရာ ကိစ္စရပ်များ ရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)များတွင် တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း(၂၁၂)ဦး တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ကျောင်းမုန့်စျေးတန်းရောင်းချသူများ ကိုလည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့်ကုန်စည်များကိုသာ ရောင်းချရန်အတွက်လည်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

တောင်ကြီးခရိုင်

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ