သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အာဆီယံစာသုံးသူကာကွယ်ရေး ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ လက်စွဲစာအုပ်အား ဒုတိယအကြိမ်အဖြစ်ပြင်ဆင်ထုတ်ပြန်

        6 Jan 2022 အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ စာသုံးသူကာကွယ်ရေး ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နစ်နာဆုံးရှုံးမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုများနှင့်စပ်လျဉ်း၍ အလွယ်တကူသိရှိလေ့လာနိုင်စေရန်အတွက် အာဆီယံစာသုံးသူကာကွယ်ရေးဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ လက်စွဲစာအုပ် (ASEAN Handbook on Consumer Protection Laws and Regulations) ကို ဒုတိယအကြိမ်အဖြစ် ပြင်ဆင်ထုတ်ဝေထားပါသည်။ အဆိုပါ လက်စွဲစာအုပ်အား ၂၀၁၈ ခုနှစ်တွင် ပထမအကြိမ်အဖြစ်ထုတ်ဝေခဲ့ပြီး၊ ယခုအခါ ဒုတိယအကြိမ်အဖြစ်ပြင်ဆင်ထုတ်ဝေခြင်းဖြစ်ပါသည်။ ယခုပြင်ဆင်ထုတ်ဝေရာတွင် Digital Economy တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းရပ်များတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စားသုံးသူကာကွယ်ရေးနှင့် ရေရှည် တည်တံ့သောစားသုံးမှုများစသည့်ကဏ္ဍများကို ထပ်မံထည့်သွင်းထားပါသည်။ ထို့အပြင် စားသုံးသူပြည်သူများအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြင်ဆင် ပြဌာန်းခဲ့သည့် ဥပဒေ၊ မူဝါဒများကိုလည်း သိရှိလေ့လာနိုင်မည်ဖြစ်ပါသည်။ အဆိုပါ လက်စွဲစာအုပ်အား အောက်ဖော်ပြပါ pdf file အား download ပြုလုပ်၍လည်းကောင်း၊ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၏ link တွင်ဝင်ရောက်၍လည်းကောင်း ရယူနိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

https://aseanconsumer.org/read-news-asean-launches-the-2nd-edition-of-th...

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ SPS Protocol ပါသတ်မှတ်ချက်များနှင့်အညီ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်ရေး အသိပညာပေးဆွေးနွေးခြင်း

       တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်ရေးအတွက် ကြိတ်ခွဲမည့် ဆန်စက်နှင့်သိုလှောင်ရုံများအားဖိတ်ကြား၍ အသိပညာပေးဆွေးနွေးပွဲအား ၂၃.၁၂.၂၀၂၁ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

       အဆိုပါဆွေးနွေးပွဲအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကာ စိုက်ပျိုးရေးဦးစီးဌာန၊ ဆန်စပါးကုန်စည်ဒိုင်၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့်တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မည့် ကုမ္ပဏီများ တွေ့ဆုံကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ The General Administration of Customs of the People’s Republic of China (GACC)တွင် မှတ်ပုံတင်ခွင့်ရရှိရေး ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်ပသို့ဆန်တင်ပို့သည့် ကုမ္ပဏီများ၏ ဆန်စက်လုပ်ငန်းရှင်များအား SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီ လိုက်ပါဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ပါသည်။

         မန္တလေးတိုင်းဒေသကြီးအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့သည့် ဆန်စက်များမှာ အမရပူမြို့နယ်ရှိ သူဌေးမင်းဆန်စက်နှင့် မဟာစံပြနွယ်ဆန်စက်၊ ပုသိမ်ကြီးမြို့နယ်ရှိ စားကြည့်ဆန်စက်၊ စဉ့်ကူးမြို့နယ်ရှိအောင်တံခွန်ဆန်စက် နှင့်ကျောက်ဆည် မြို့နယ်ရှိ နေလသုခဆန်စက်တို့ဖြစ်ပါသည်။ ဆွေးနွေးပွဲတက်ရောက်ကြသူများအနေဖြင့် စိုက်ပျိုးသူတောင်သူများအတွက် GAP  (Good Agricultural Practice) လုပ်ငန်းစဉ် ဆောင်ရွက်ပေးမှုများနှင့်ပတ်သက်၍လည်းကောင်း၊ ဆန်စက်များနှင့်သိုလှောင်ရုံများတွင် ပိုးသတ်ဆေးသုံးစွဲမှု အခြေအနေများ၊ ပိုးမွှားကင်းစင်ကြောင်း လက်မှတ် Phytosanitary Certificate(P.C) ရရှိရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် SPS Measurement လုပ်ငန်းစဉ်ဆောင်ရွက်၍ Food Safety ဖြစ်ပါက ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်ပြီး ကုန်သွယ်မှု အတွက် သာမက ပြည်တွင်းစားသုံးသူများအတွက် လိုအပ်ပါသဖြင့် မဖြစ်မနေပူးပေါင်းဆောင်ရွက်သွားရန်၊ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များတင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

 အဆိုပါဆွေးနွေးပွဲသို့ သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့ လုပ်ငန်းရှင် စုစုပေါင်း(၂၁)ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၁၁:၅၀)နာရီအချိန်တွင် ရုပ်သိမ်းးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)                                                                                

စားသုံးသူများ အခွင့်အရေး နှင့် စားသုံးသူရေးရာဦးစီးဌာန

       နစ်နာဆုံးရှုံးမှုများအတွက် ကုစားခွင့်ဆိုတာကြီးကို ကမ္ဘာကသိစေဖို့အစပြုခဲ့တာကတော့  ဟန်မူရာဘီ ကိုဓဥပဒေပါ၊ ကမ္ဘာ့ပထမဦးဆုံး တရားစီရင်ရေးဥပဒေလို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ဘေဘီလုံမြို့ကြီးရဲ့ အရှင်သခင် ဟန်မူရာဘီ ဘုရင်ကြီးရေးသားပြုစုခဲ့တဲ့  ဟန်မူရာဘီ ကိုဓဥပဒေ (Code of Hammurabi) ထဲမှာ “သွားတစ်ချောင်း ဆုံးရှုံးမှုအတွက် သွားတစ်ချောင်း”၊ “မျက်လုံး တစ်လုံး ဆုံးရှုံးမှုအတွက် မျက်လုံးတစ်လုံး” ဆိုပြီး ဆုံးရှုံးမှုနှင့် တန်းတူပြန်ပေးရတဲ့ ကုစားခွင့် (သို့) လျော်ကြေး ပြန်ပေးရတယ်ဆိုတာ လူသိများပြီး ကမ္ဘာကျော်တဲ့ လျော်ကြေးလို့ သတ်မှတ်မယ်ဆိုရင် မှားဖွယ်ရာ ရှိမည်မထင်ပါ။ ယနေ့ခေတ်အမြင်အရ ရက်စက်ကြမ်းကြုပ်မှုရှိတဲ့ လျော်ကြေး (ဝါ) တရားစီရင်ရေးလို့ မြင်နိုင်ပေမဲ့ ‌ရှေးခေတ်အခါက မျှတမှုရှိတဲ့ပြဌာန်းချက်ဆိုပြီး လက်ခံခဲ့ ကြတာပါ။  တရားစီရင်ရေး (ဝါ) ကုစားခွင့် ဆိုတာကြီးကို ကိုဓဥပဒေက အစပြုလို့ လက်ခံခဲ့ကြပေမဲ့ ခေတ်ကာ လ၊ ယဉ်ကျေးမှုနှင့် လက်ခံနိုင်စွမ်းတွေပြောင်းလဲလာတဲ့အခါမှာ  ရုပ်ပိုင်းဆိုင်ရာ နှင့် ရုပ်ဝတ္ထု ပိုင်း ဆိုင်ရာ နစ်နာမှုများအတွက် ကုစားနိုင်မည့် (သို့) အပြစ်ပေးနိုင်မည့် စည်းကမ်းတွေကို  နိုင်ငံတကာ က ဥပဒေတွေရေးဆွဲပြီး ပြဌာန်းလာကြပါတယ်။ မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံသားများရဲ့ နစ်နာမှုနှင့် ဆုံးရှုံးမှုများအတွက် တရားမဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေ၊ အထူးဥပဒေစသည့် ဥပဒေပေါင်း များစွာရေးဆွဲ ကာကွယ်ပေးလျှက်ရှိပါတယ်။ သို့သော် အသွေးအသားနှင့် တည်ရှိနေသော လူသားများအဖို့ ရုပ်ပိုင်းဆိုင်ရာ အပြင် စိတ်ပိုင်းဆိုင်ရာ နစ်နာမှုတွေပါ ရှိနေပြန်ပါ သေးတယ်။

      ရုပ်ပိုင်း၊ ဂုဏ်ပိုင်း၊ နာမည်ဂုဏ်သတင်းပိုင်းနဲ့ပတ်သက်ပြီး ထိခိုက်နစ်နာမှုတွေရှိရင်လက်ရှိ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေများနှင့် အရေးယူဆောင်ရွက်လို့ရပေမဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု များအတွက် ကုစားခွင့်ဆိုတာ မရှိသလောက်ကို နည်းပါးပါတယ်။ ဗုဒ္ဓအဆုံးအမအတိုင်း သက်ကြီး၊ ဝါကြီး နှင့် ဆရာသမား များ၏ သွန်သင်လမ်းပြပေးမှုအောက်တွင် နေထိုင်လာကြတဲ့ မြန်မာလူမျိုး များဟာ သည်းခံစိတ် နှင့် အားနာတက်စိတ် လွန်စွာကြီးမြင့်ကြသူများ ဖြစ်သည့် အလျှောက် ကိုယ်ပိုင်ပစ္စည်း အခိုးခံရရင်တောင် ဝဋ်ကြွေးရှိလို့ ပြန်ပေးဆပ်ရတာပါလားဆိုပြီး ဖြေသိမ့်နိုင်ကြသူ များဖြစ်ပါတယ်၊ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုများကြုံတွေ့ရသော်လည်း သည်းခံစိတ်ဖြင့်သာ ဖြတ်ကျော်ခဲ့ကြသည့်အတွက် မွေးကတည်းက ကိုယ်ပိုင်ရရှိနေကြတဲ့ ကိုယ့်အခွင့်အရေး (သို့ ) စားသုံးသူ အခွင့်အရေး ဆုံးရှုံးနေတယ်ဆိုတာ  သိသူအလွန်နည်းပါးခဲ့ကြပါတယ်။ အခွင့်အရေး မသိ သူများအဖို့ ကုစားခွင့်ဆိုတာ တောင်းရကောင်းမှန်းမသိတဲ့ အခြေအနေများကို စားရေးသူကိုယ်တိုင် အပါအဝင် စာဖတ်သူများအားလုံးလည်း ကြုံတွေ့ဖြတ်ကျော်ခဲ့ရမယ်လို့ထင်ပါတယ်။

        ကိုယ်ပိုင်ဆိုင်တဲ့ စက်ဘီးလေးပျောက်ဆုံးရင် ရဲစခန်းမှာအမှုဖွင့် တိုင်တန်းလို့ ရတယ်ဆိုတာ လူအများစုကသိကြပေမဲ့ ခရီးသည်တင်ကားစီးရာမှာ ခရီးဆုံးထိမပို့ဘဲ လမ်းခုလတ်မှာ ချပေးခဲ့ရင် လည်း တိုင်ရမဲ့နေရာနဲ့ အားထားရမဲ့ ဥပဒေဆိုတာမရှိခဲ့ပါ။ အပန်းဖြေခရီးသွားတဲ့အခါ ခရီးသွား Agency တွေက ဟိုတယ်မှာတည်းရမယ်ဆိုကာ အာမခံခေါ်ယူခဲ့ပြီး ဘုန်းကြီးကျောင်း မှာတည်း ခဲ့ရရင်လည်း တိုင်ရမဲ့နေရာနဲ့ အားထားရမဲ့ ဥပဒေဆိုတာမရှိခဲ့ပါ။ TV တစ်လုံးဝယ်လိုက်လို့ အာမခံ ကာလမပြည့်ခင် ချို့ယွင်းလာမှုအတွက် အာမခံအတိုင်း ပြန်မပြင် ပေးခဲ့ရင်လည်း တိုင်ရမဲ့ နေရာနဲ့ အားထားရမဲ့ ဥပဒေဆိုတာမရှိခဲ့ပါ။ ကုန်စည်နှင့် ဝန်ဆောင်မှု များကို ဝယ်ယူသုံးစွဲ၍ ဖြစ်ပေါ်လာ သည့် ထိခိုက်နစ်နာမှုများအနက် နစ်နာမှုအချို့သည် လက်ရှိတည်ဆဲဥပဒေများအရ ဖြေရှင်းပေးရန် အဆင်ပြေသော်လည်း စိတ်ပိုင်းဆိုင်ရာနစ်နာမှုများကဲ့သို့သော ထိခိုက်မှုများအတွက် လက်ရှိ တည်ဆဲဥပဒေများ နှင့် ပြဌာန်းဥပဒေများအရ ကုစားပေးရန်မလွယ်ကူပါ။ ဥပမာအနေဖြင့် ပြောရရင် ခရီးသည်တင်ကားတစ်စီး၏ဝန်ဆောင်မှုကို ရယူစီးနင်းလာသော ခရီးသည်တစ်ဦး၏ SuitCase အား ကားဝမ်းဗိုက်အတွင်း၌ တင်ဆောင်လာခဲ့ရာ ခရီးဆုံးရောက်သည့်အချိန်တွင် ကားဝမ်းဗိုက် အတွင်း၌ တင်ဆောင်ခဲ့သော SuitCase အတွင်း၌ ငါးညှီရေများစွန်းထင်ကာ အနံ့အသက်များ ဆိုးရွားစွာ ထွက်ပေါ်နေသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ပေါ်ခဲ့၍  ကားပိုင်ရှင်အားပြောကြားရာတွင် တာဝန်ယူပေးမှု  မရှိသည့် အခြေအနေမျိုးတွင် အားကိုးရန်နှင့် ကိုးကားစရာဥပဒေဆိုတာ လိုအပ်ပါတယ်။

        ယင်းကဲ့သို့သော အခြေအနေများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲ၍ ဖြစ်ပေါ်လာသည့် စားသုံးသူ ထိခိုက်နစ်နာမှုများအပေါ် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ဖြင့် နစ်နာမှုများအတွက် ပြောဆိုကြားနာပိုင်ခွင့်၊ ကုစားခွင့်၊ လျော်ကြေးရပိုင်ခွင့်နှင့် တရားစွဲဆိုပိုင်ခွင့်များ ရရှိလာအောင် ဖော်ဆောင်ပေးခဲ့ ကြတာပဲဖြစ်ပါတယ်။ ပြည်သူတိုင်းသည် စားသုံးသူဖြစ်၍ စားသုံးသူတိုင်းဟာ စားသုံးသူအခွင့်အရေး ရထိုက်သူများဖြစ်ကြပါတယ်၊ စားသုံးသူများရဲ့ အခွင့်အရေးဆုံးရှုံးနစ်နာမှုများ နှင့် ထိခိုက်နစ်နာမှုများအတွက် တိုင်ကြား နိုင်တဲ့နေရာဟာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနဖြစ်ပြီး အားထား ပြုရမဲ့ ဥပဒေကတော့ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ၊ သို့သော်လိုအပ်လာရင် အခြားဌာန ဆိုင်ရာများ၏ အထူးဥပဒေများ၊ တည်ဆဲဥပဒေများနှင့် အရေးယူဆောင်ရွက်မှုများကိုလည်း ဆောင် ရွက်ပါ သေးတယ်။ အခြားဥပဒေများနှင့် အရေးယူခြင်းဆိုတာ ဘယ်လိုအခြေအနေမျိုးလည်း ဆိုရင် တော့ စားသုံးသူအားထိခိုက်နစ်နာစေရန် ပြုလုပ်ကျူးလွန်ခဲ့သည့်အကြာင်းအရာသည် စားသုံးသူ ကာကွယ်ရေးဥပဒေအရရော အခြားဌာနဆို်ငရာ၏အထူးဥပဒေအရရော အရေးယူဆောင်ရွက်လို့ ရသည့်အခြေအနေမျိုးတွင် ပိုမိုထိရောက်လေးနက်စေမည့် ပြဌာန်းချက်ပေါ်မှာ မူတည်ပြီး တရားစွဲ ဆိုရမည့် ဥပဒေကိုရွေးချယ်ကာ လိုအပ်ပါက အခြားဌာနဆိုင်ရာများ၏ အထူးဥပဒေများဖြင့် ဌာနမှ တရားလိုလုပ်ကာ အရေးယူဆောင်ရွက်တာမျိုးကို ဆိုလိုတာပါ။ စာရေးသူ၏ အတွေ့အကြုံ တစ်ခု အား ပြန်ပြောရမည်ဆိုလျှင် စားသုံးသူတစ်ဦးမှ ကြက်ကြော်ဝယ်စားရာတွင် အနံ့အရသာ ပြောင်းလဲ နေကာ စားသုံးပြီးနောက် ဝမ်းရောဂါခံစားရသည့်အတွက် တိုင်ကြားလာသဖြင့် မြေပြင် ကွင်းဆင်းစစ်ဆေးရာတွင် ရက်လွန်နေသည့်ကြက်အပုတ်အား ပြုပြင်ရောင်းချခဲ့၍ စားသုံးသူ အကာအကွယ် ပေးရေးဥပဒေ ထက် ပိုမိုလေးနက်နိုင်မည့် အမျိုးသားအစားအသောက် ဥပဒေဖြင့် တရားစွဲဆို ဆောင်ရွက်ခဲ့ရတဲ့ ဖြစ်စဉ်မျိုးလည်း ရှိခဲ့ပါတယ်။

         စားသုံးသူထိခိုက်နစ်နာမှုများအတွက် အလွယ်တကူတိုင်ကြားနို်ငရန်အလို့ငှာ တိုင်းနယ် ပြည်နယ် တိုင်းတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ (CICC) များကို ဖွင့်လှစ်ဆောင်ရွက်ထားသကဲ့သို့ ၊ DOCA Website ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center များမှတစ်ဆင့် အဆင်ပြေသည့်နည်းလမ်းများကိုရွေးချယ် တိုင်ကြားနေနိုင်ပြီဖြစ်သည့် အတွက် ၂၀၁၅ ခုနှစ်မှစ၍ တစ်တိုင်းပြည်လုံးတွင် တိုင်ကြားမှုပေါင်း (၃၅၀၀)ကျော်အထိ လက်ခံဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအား ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် စစ်ဆေးရေးအရာရှိများစွာလည်း ခန့်အပ်ခဲ့ပြီးဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုသည် နိုင်ငံခြားမှ တင်သွင်းသည့် ကုန်ပစ္စည်းဟု ကြေငြာကာ ဈေးကြီးကြီး ရောင်းချနေသော်လည်း နိုင်ငံခြားမှ တင်သွင်းလာခြင်း မဟုတ်ဘဲ အာရှနိုင်ငံများမှ ကုန်ကြမ်းတင်သွင်းကာ ပြည်တွင်း၌ ပြန်လည်ထုပ်ပိုး ရောင်းချနေကြောင်းကို စုံစမ်းစစ်ဆေးရေးအရာရှိများမှ မြေပြင်ကွင်းဆင်းတွေ့ရှိရသည့်အတွက် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)အရ ဌာနမှ တရားစွဲဆိုခဲ့သောကြောင့် သိန်း(၇၀) ပေးလျော်ရန် ပြစ် ဒါဏ် ချခံခဲ့ရပါသည်။

        စားသုံးသူရေးရာဦးစီးဌာနဟာ စားသုံးသူများထိခိုက်နစ်နာမှုများရှိလာခဲ့ရင် စားသုံးသူ ကာ ကွယ်ရေး ဥပဒေနှင့် အညီဖြေရှင်းဆောင်ရွက်ရေးများကို အားတက်သရော ဖြေရှင်းဆောင်ရွက် ကြ သလို၊ စားသုံးသူများအတွက် ဈေးကွက်ကွင်းဆင်း စစ်ဆေးဆောင်ရွက်တဲ့ လုပ်ငန်းများကိုလည်း ဆောင်ရွက် ကြရပါသေးတယ်။ ဒီနေရာမှာ စာရေးသူအနေဖြင့်ဌာနမှ စုံစမ်းစစ်ဆးရေးအရာရှိ များနှင့် ဝန်ထမ်းများမှ ဈေးကွက်အတွင်းကွင်းဆင်း ဆောင် ရွက် နေတဲ့အပိုင်းကို ရည်ရွယ်ချက် (၅) ချက်ဖြင့် ခွဲခြားပြီး တင်ပြပါရစေ။

          ရည်ရွယ်ချက်(၁) အနေဖြင့် စာရေးသူ တာဝန်ထမ်းဆောင်သည့် စားသုံးသူရေးရာဦးစီး ဌာန သည် ယခင်ကုန်သွယ်လယ်ယာ လက်ထက်မှစ၍ ထမ်းဆောင်ခဲ့သော ပြည်တွင်းကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရန်နှင့် ပြည်တွင်း ကုန်သွယ်ရေး အခြေအနေများ၊ ပြည်တွင်း ထွက်ကုန် များ၏ အခြေအနေများနှင့် ဈေးနှုန်း အတက်အကျများအား ခန့်မှန်းနိုင်ရန် နေ့စဉ်ဈေးနှုန်းသတင်း အခြေအနေများအား နေ့စဉ်ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြရပါတယ်၊ ရည်ရွယ်ချက်(၂) အနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရန်အတွက် ဈေးကွက်အတွင်း ကွင်း ဆင်း ဆောင်ရွက်ရာတွင် ဈေးကွက်မရောက်မီ နှင့် ဈေးကွက်ရောက်ပြီး ကုန်ပစ္စည်းများအား စားသုံးသူများအတွက် လုံခြုံစိတ်ချရမှု ရှိ/မရှိ၊ အသုံးပြုရန် သင့်/မသင့် ၊ ဘေးအန္တရာယ် ရှိနိုင်မှုအခြေအနေ နှင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြ ပြဌာန်း ထားခြင်း ရှိ/မရှိ တို့အား စစ်ဆေးဆောင်ရွက်ခြင်းပါ၊ ရည်ရွယ်ချက်(၃) အနေဖြင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားလာသော စားသုံးသူ နစ်နာမှုများအား စုံစမ်းစစ်ဆေးရန်လိုအပ်လာပါက ဈေးကွက်ကွင်း ဆင်း စစ်ဆေးဆောင်ရွက် ခြင်းပါ၊ ရည်ရွယ်ချက် (၄)အနေဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါများ စတင်ဖြစ်ပွားလျက်ရှိသည့် အခြေအနေများတွင် အရးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများအား အရေးကြီးကုန်စည်အဖြစ် ကြေညာထားသည့် အတွက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမြင့်မား လာသည့် အချိန်မျိုးတွင် လတ်တလော လိုအပ်ချက် များဖြစ်သည့် စားသောက်ကုန်များ၊ ဆေးဝါးများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး သုံး ပစ္စည်း များ၏ ဈေးနှုန်းနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး ဈေးကွက်ကွင်း ဆင်းစစ်ဆေးခြင်းပါ၊ ရည်ရွယ်ချက်(၅) အနေ ဖြင့် နိုင်ငံတော်၏ လိုအပ်ချက်များအရ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တာဝန်ပေးမှုဖြင့် ဘိလပ် မြေ၊ ဓါတ်မြေဩဇာ၊ သံချောင်း၊ ဆေးတို့၏ ဈေးနှုန်း အခြေအနေ၊ လက်ကျန်အခြေအနေ နှင့် ဈေးကွက် ပြတ်လပ်မှုအခြေအနေများ၊ ကုန်ဈေးနှုန်း မြှင့်တင်မှုမရှိစေရေး အတွက် ဗဟိုဘဏ်မှ ရည်ညွှန်းငွေလွှဲနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာများဖြင့် ဝယ်ယူရရှိ လာသည့် စက်သုံးဆီ ၊ စားသုံးဆီများကို သက်သာသည့်ဈေးနှုန်းဖြင့် ပြည်သူများထံသို့ အမှန်တစ်ကယ် ရောင်းချ ခြင်းရှိ/ မရှိ နှင့် ဈေးနှုန်း အခြေအနေများအား သိရှိနိုင်ရန် ဈေးကွက်အတွင်း ကွင်းဆင်း ဆောင်ရွက်ခြင်း တို့ကို ပြုလုပ်နေကြရပါတယ်။

        ဒီလို ဈေးကွက်ကွင်းဆင်းလို့ရရှိတဲ့ အချက်အလက်များအား ဘေးအန္တရာယ်ရှိ နိုင်မှု အခြေ အနေ၊ ဈေးကွက်အတွင်း ပြန့်နှံ့မှုအခြေအနေ၊ စားသုံးသူသုံးစွဲမှုအခြေအနေများအား သုံးသပ် ချက်များ နှင့်တကွ တင်ပြဆောင်ရွက်နေကြရတာပါ။ ယခုကဲ့သို့ စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အားတက်သရောကာကွယ်စောင့်ရှောက်လျက်ရှိသော စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှု၊ ပြဌာန်းထားသောဥပဒေ၏ ကိုးကားအားထားရမှုများကြောင့် စားသုံးသူပြည်သူများ၏ ဌာနများအပေါ် ရောထွေးလျှက်ရှိသည့် အမြင်များသည် ရှင်းလင်းကွဲပြားစွာ နားလည်လာကြောင်း ထူးခြားစွာတွေ့နေရပြန်ပါတယ်၊ ဌာနနာမည်နဲ့ ဌာနယူနီဖောင်း ကို တွဲမှတ်မိ လာတဲ့ စားသုံးသူတွေဟာ စားသုံးသူနစ်နာမှုတွေကို ဖြေရှင်းပေးလို့‌ ကျေးဇူးတင်ကြောင်း သူတို့ရဲ့ Social Media မှာ ရေးသားထားတဲ့ Post များကိုတွေ့ရှိလာရခြင်းသည် စားသုံးသူအခွင့် အရေးကို ပြည်သူများသိသွားပြီဆိုတဲ့ အသိဟာလည်း ဌာနအတွက်ခွန်အားတစ်ခုပါ၊ ဈေးဆိုင် Supermarket များမှာလည်း မြန်မာလိုအညွှန်းစာသား အပြည့်အစုံ ဖော်ပြထားတဲ့ ကုန်အညွှန်းအမှတ်အသားပါတဲ့ ကုန်ပစ္စည်းလေး တွေနေရာယူ တည်ရှိလာကြတာဟာ စားသုံးသူကာကွယ်ရေးဥပဒေရဲ့ ထိရောက်မှု များပါလားဟု တွေးတောရင်း စားသုံးအခွင့်အရေးရရှိအောင် ဥပဒေနှင့်အညီ ကြိုးပမ်းကြဦးမည့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုလိုက်ရပါတယ်။

ဒေါက်တာသရဖီထွန်း

 DOCA (YGN)

သက်တမ်းလွန်ပျက်စီးဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်း

         ၂၀၂၁ခုနှစ်၊ဒီဇင်ဘာလ(၂၄)ရက်နေ့၊မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ ဖြစ်ကြသော ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်စသော သက်ဆိုင်ရာဌာန/ အဖွဲ့များပူးပေါင်းပြီး မြိတ်မြို့၊ ကလွင် ကျေးရွာအုပ်စု၊ စည်ပင်အမှိုက်စွန့်ကန်၌ AA Medical Product Co,ltd(Myeik)မှ သက်တမ်း ကုန်နေသော ဓါတုဆေးဝါးများနှင့်ပျက်စီးဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့ကြပါသည်။

             မီးရှို့ဖျက်ဆီးရာတွင် သက်တမ်းကုန်နေသော အိမ်သုံးဓါတုဆေးများနှင့် ပျက်စီးနေသော ဓါတုဆေးဝါး(၃၇)မျိုးပါဝင်ပြီး စုစုပေါင်းမီးရှို့ဖျက်ဆီးခဲ့သော ဓါတုဆေးဝါးများ၏ တန်ဖိုးငွေ ကျပ် (၅၈၆၄၂၁၈)ခန့် ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

ရွှေရှင်းပျားလိမ္မော်ခြံလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

       ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက် နံနက်(၁၀)နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ ဖန်မင် ကျေးရွာအုပ်စု၊ ဝမ်ကောကျေးရွာရှိ GAP စနစ်ဖြင့်စိုက်ပျိုးထားသော ရွှေရှင်းပျားလိမ္မော်ခြံ ဧက(၂၀၀)စိုက်ခင်းသို့ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ပြည်ပပို့ကုန်ပိုမိုတိုးတက်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ပါသည်။

      လိမ္မော်ခြံလုပ်ငန်းရှင်ဦးအားဟုန်နှင့် တွေ့ဆုံပြီး စိုက်ဧက၊ သွင်းအားစု၊ သီးနှံထွက်ရှိမှုအခြေ အနေ၊ ဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား မေးမြန်း၍ ပိုးသတ်‌ဆေး/ ပေါင်းသတ်ဆေးအန္တရာယ် များအား သတိပြုရန်နှင့် ပြည်တွင်းဈေးကွက်အတွင်း ပိုမိုဖြန့်ဖြူးနိုင်ရေးနှင့် ထိုင်းနိုင်ငံသို့ တင်ပို့မည့် အခြေအနေတို့အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ဒေသမှထွက် ရှိသော  ပျားလိမ္မော်သီးသည်   အရသာကောင်းမွန်ခြင်း၊  ဈေးနှုန်းသင့်ခြင်းတို့ကြောင့် ပြည်ပသို့ တင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေရရှိခြင်း၊ ဒေသခံပြည်သူများ အနေနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း စသည့်အကျိုးကျေးဇူးများရရှိကြောင်းသိရပါသည်။

DOCA-Shan

မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များ

          ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးမှ စားသုံးသူအသိပညာပေး ဟောပြောခြင်း(၃)ကြိမ်၊ စီးပွားရေးလုပ်ငန်းရှင် အသိပညာ ပေးဟောပြောခြင်း (၁၇၁)ကြိမ်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စည်ပင်သာယာ ဈေးများ၊ စတိုးဆိုင်များ၊ ဆေးဆိုင်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် စားသုံးဆီ အရောင်း ဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၃၀၄)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ စားသုံး သူများ ဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ ထုတ် လုပ်တင်သွင်း ရောင်းချသည့် လုပ်ငန်းရှင်(၁၀)ဦးမှ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်း အမျိုးအစား (၃၇)မျိုးအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ တင်ပြလာခြင်းများအား ရုံးချုပ်သို့ စိစစ်တင်ပြအကြောင်း ပြန်ကြား နိုင်ခဲ့ပါသည်။ စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်၍ တိုင်ကြားလာသည့် အမှုပေါင်း (၃၈)မှုရှိခဲ့ပြီး ဆက်သွယ်ရေးဝန်ဆောင်မှု၊ ရောင်းချပြီးနောက် အာမခံဝန်ဆောင်မှု၊ ကြော်ငြာဝန်ဆောင်မှု၊ ငွေရေးကြေးရေးဝန်ဆောင်မှုနှင့် ပညာရေးဝန်ဆောင်မှုအပေါ် တိုင်ကြားလာမှုများ ဖြစ်ပြီး အမှုတွဲအားလုံး ဖြေရှင်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

          COVID-19 ရောဂါဖြစ်ပွားမှုများ ပြင်းထန်လာသည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်း ဈေးကွက်ထဲရှိ Mask များ ဈေးနှုန်းမြင့်မားလာသည့်အတွက် ကွင်းဆင်းပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချရန် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ စားသောက်ကုန်ဖြစ်သည့် ကြက်ဥဈေးနှုန်းများ မြင့်မားခဲ့ခြင်းအပေါ်တွင် ကွင်းဆင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချရန် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေး ကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှေုာင်ခြင်းကို တားမြစ်သည့် အမိန့်ကြော်ငြာစာနှင့် ပတ်သက်၍ အသိပေးရှင်းလင်းခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

          COVID-19 ကာကွယ်ရာတွင် အဓိကဖြစ်သော ဆေးဝါးနှင့်ဆေးပစ္စည်း (၆၀)မျိုးတို့၏ ဈေးနှုန်းစာရင်း၊ ဆေးပစ္စည်း ရရှိ/ပြတ်လပ်မှုစာရင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးဆိုင်များ ဖွင့်လှစ်/ပိတ်သိမ်းထားရှိမှုစာရင်းများကို နေ့စဉ် ရုံးချုပ်သို့လည်းကောင်း၊ ဆေးဆိုင်များ ဖွင့်လှစ်/ ပိတ်သိမ်းမှုအသေးစိတ်အခြေအနေစာရင်း၊ ဆေးပစ္စည်းများ ရောင်းကျန်/လိုအပ်စာရင်းနှင့် ဆေး ဆိုင်များမှ ဝယ်ယူခဲ့သည့် လိုင်စင်ခွင့်ပြုထားသော ဆေးကုမ္ပဏီစာရင်းများကို အပတ်စဉ် သောကြာနေ့တိုင်း ရုံးချုပ်သို့လည်းကောင်း ပေးပို့တင်ပြခြင်းများအား COVID-19 ကာလ နိုင်ငံတော်ရုံးပိတ်ရက်များနှင့် နိုင်ငံ့ဝန်ထမ်းများ ရုံးနှစ်ပတ်တက်/နှစ်ပတ်နား ကာလများအတွင်း

တွင်လည်း အချိန်နှင့်တပြေးညီ ဈေးကွက်အတွင်းသို့ ကွင်းဆင်း စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်ထိ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့် ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စက်သုံးဆီများ ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သော စက်သုံးဆီများကို မန္တလေးတိုင်းဒေသကြီးအတွင်း (၂၃-၉-၂၀၂၁) ရက်နေ့မှစတင်ပြီး စက်သုံးဆီအရောင်းဆိုင်ပေါင်း (၈၇)ဆိုင်၌ ရောင်းချ နေမှုအခြေအနေများကို ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းခဲ့ပြီး စက်သုံးဆီအမျိုးအစားအလိုက် သတ် မှတ်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိ စက်သုံးဆီ အချင်အတွယ် မှန်ကန်မှု ရှိ/မရှိတို့အား ယနေ့အထိ စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။ အလားတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစားသုံးဆီအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီများ ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သော စားသုံးဆီများကို မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံလူတန်းစားများ နေထိုင်ရာ၊ လူစည်ကားရာဈေးများသို့ စားသုံးဆီများ ရောင်းချပေးနေမှုအား သတ်မှတ်ဈေးနှုန်း၊ အချင်အတွယ် မှန်ကန်စေရေးတို့ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ကွင်းဆင်းစစ်ဆေး စိစစ်ကြပ်မတ် ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အခြားကွင်းဆင်းစစ်ဆေးမှုအနေဖြင့် ပို့ကုန်ရငွေ ကြွေးကျန်များနှင့်စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှစတင်၍ မြေပြင်ကွင်းဆင်းစစ်ဆေး၍ တွေ့ရှိချက်များအား ရုံးချုပ်သို့ တင်ပြဆောင်ရွက်လျက်ရှိပါသည်။

          ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း COVID-19 ရောဂါ ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာစဉ်ကာလ၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာ ရေးအထောက်အကူပြုပစ္စည်းများဖြစ်သော Mask နှင့် ဆေးဝါးများ သင့်တင့်သော ဈေးနှုန်းအထိ ပြန်လည်ကျဆင်းရန်အတွက် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ စားသောက်ကုန်တွင် ပါဝင်သည့် ကြက်ဥ ဈေးနှုန်းများ သင့်တင့်သော ဈေးနှုန်းအထိ ပြန်လည်ကျဆင်းရန် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ စက်သုံးဆီ များကို ပြည်သူလူထုမှ သက်သာဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက်လည်း ဆောင်ရွက်နိုင် ခဲ့ပါသည်။

          မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအား Covid-19 ရောဂါဖြစ်ပွားနေသော အခြေအနေများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများအားဈေးများ၊ ကျောင်းများ၊ ရပ်ကွက်/ကျေးရွာများတွင် Covid-19 စည်းကမ်းများနှင့်အညီ ကျင်းပနိုင်ရန်အတွက် အခက်အခဲများရှိသော်လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူ၏ အခွင့်အရေး၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်၊ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) များအား ကျင်းပပြုလုပ်ပေးနိုင်ခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ရောဂါအခြေအနေများကြောင့် ပြည်သူလူထုနှင့် ကွင်းဆင်းဆောင်ရွက်ရသည့် အချိန်အခါများတွင် အခက်အခဲများရှိသော်လည်း ကြိုပမ်းဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူများအပြင် စီးပွားရေးလုပ်ငန်းရှင်များမှလည်း ဥပဒေပါ အကြောင်းအရာများအား လေးစားလိုက်နာမှုရှိလာပြီး မိမိတို့၏ ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းပြီး ထည့်သွင်းဖော်ပြနိုင်ရန် မိမိတို့ခရိုင် ဦးစီးမှူးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးပြီး ထည့်သွင်းဖော်ပြခြင်းများ ဆောင်ရွက်လာသည့်အတွက် နောင်အနာဂါတ်တွင် စားသုံးသူပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသော ကုန်စည်နှင့် ဝန်ဆောင်မှု များကို သုံးစွဲနိုင်ကြတော့မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)

ကရင်ပြည်နယ် ဘားအံမြို့ ခရိုင်မီးသတ်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

            ၂၆.၁၂.၂၀၂၁ ရက်နေ့၊ ကရင်ပြည်နယ် ဘားအံမြို့ ခရိုင်မီးသတ်ဦးစီးဌာန၌ နံနက် (၉:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူမှုဝန် ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြပါသည်။

        အဆိုပါဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်ခိုင်ခိုင်အောင်က ကလေးငယ်များအား COVID – 19 ကပ်ရောဂါမကူးစက်အောင် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး မီးသတ်ဦးစီးဌာနမှ ဒေါ်ယဉ်မွန်မြင့် က ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနရုံးမှ ဒေါ်စုနွေးသီရိမောင် က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူနစ်နာမှုရှိပါကတိုင်ကြားနိုင်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် အဓိကပါဝင်ရမည့်အချက် များအကြောင်းနှင့် စားသုံးသူများ ကျန်းမာစေရန်အတွက် စားသုံးဆီအကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ လူဦးရေ (၃၀)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

လက်ဖက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ “ရာဇာ”လက်ဖက်လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး စားသုံးသူများဘေးအန္တရာယ် ကင်းရှင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ရရှိစေရန်အတွက် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

          မုံရွာမြို့တွင် ရာဇာ၊ ကျားမင်း၊ ပင်လုံ၊ ကမ္ဘောဇ၊ တောင်တန်းမယ်၊ ရွှေမောင်း၊ ဝိုင်းအုံ၊ ဇယန်း၊ မြသီတာ၊ ဇယန်းယု၊ ရွှေဖီနောင်၊ ရှမ်းညီနောင်၊ ရှမ်းမောင်း၊ အောင်စိုးသိန်း စသည့် အမှတ် တံဆိပ်များဖြင့် လက်ဖက်လုပ်ငန်းရှင်များမှ မုံရွာမြို့နယ်လက်ဖက်အသင်းအစုအဖွဲ့ ဖွဲ့စည်း၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယင်းအစုအဖွဲ့တွင် ရာဇာလက်ဖက်လုပ်ငန်းပိုင်ရှင်မှ ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ပြီး မုံရွာမြို့တွင် လက်ဖက်လုပ်ငန်းရှင် များစွာရှိသလို မြန်မာနိုင်ငံလက်ဖက်လုပ်ငန်းရှင်များအသင်းမှ ၂၀၂၀ခုနှစ်တွင် မုံရွာမြို့နယ်လက်ဖက်အသင်းအစု အဖွဲ့ကို ဖွဲ့စည်းပေးထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

       ရာဇာလက်ဖက်လုပ်ငန်းရှင်အနေဖြင့် လက်ဖက်ကုန်ကြမ်းကို ရှမ်းပြည်တောင်ပိုင်း ပင်းတယ၊ ရွာငံဒေသတို့မှ ဝယ်ယူကြောင်း၊ ဇယန်းလက်ဖက်ကို ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ ဇယန်းကြီးဒေသတို့မှ ဝယ်ယူ ကြောင်း၊ လက်ဖက်များကို ပြန်လည်ရွေးထုတ်သန့်စင်ပြီး ဒေသတွင်းသာမက စစ်ကိုင်းတိုင်း အထက်ပိုင်း မော်လိုက်၊ ဖောင်းပြင်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ မတိုင်မီ ကာလက နေ့စဉ် အလုပ်သမား(၅၀)ဦးနှင့် လုပ်ငန်းလည်ပတ်လျက်ရှိပြီး ယခုလက်ရှိအချိန်တွင်  အလုပ်သမားဦးရေ ထက်ဝက်ခန့်ဖြင့်သာ လည်ပတ်နိုင်ကြောင်း၊ ထုတ်လုပ်မှုအနေဖြင့်လည်း တစ်ဝက်ခန့်သာ ဖြန့်ဖြူးရောင်းချနိုင်ခဲ့ကြောင်း သိရှိရပါသည်။

       ဆက်လက်၍ ကုန်အမှတ်တံဆိပ်အတွက် မူပိုင်ခွင့်ရရှိနိုင်ရေးအတွက် ဆွေးနွေးခဲ့ရာတွင် ခရိုင်ဦးစီးမှူးက မူပိုင်ခွင့်ဦးစီးဌာနသို့ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက်ရာဇာလက်ဖက်လုပ်ငန်းရှင်အား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကိုပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

ဟင်္သာတမြို့၊ ပဒေသာဈေးတွင် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ပဒေသာဈေးတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့၊ နံက် (၉:၀၀)နာရီ ၌ ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များပါဝင်သော အဖွဲ့သည် ကုန်မျိုးစုံအရောင်းဆိုင်များ၊ မုန့်မျိုးစုံအရောင်းဆိုင်များကို ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင်၊ စားသုံးသူကာကွယ်ရေး ဥပဒေ ပုဒ်မ ၄၃ အရ စီးပွားရေးလုပ်ငန်းရှင် များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံစားသုံသူကာကွယ်ရေး ကော် မရှင်ကထုတ်ပြန်သော ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ အရ  ရောင်းချသော ကုန်စည်များတွင် ကုန်အညွှန်းများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး ၊ ဆိုင်ရှင်များ အားလည်း ညွှန်ကြားချက်နှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချရန်နှင့် စားသုံးသူအခွင့်အ ရေးနှင့် တာဝန်များကိုသိရှိ၍၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လေးစားလိုက်နာရန်ဆွေးနွေး ခဲ့ပြီး၊ စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကာ၊ ကုန်မျိုးစုံ အရောင်းဆိုင် (၅) ဆိုင်၊ မုန့်မျိုးစုံအရောင်းဆိုင် (၂) ဆိုင်တို့အားစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

၃.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၃.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ