ပခုက္ကူမြို့နယ်ရှိ အာလူးစိုက်တောင်သူများထံ သွားရောက်တွေ့ဆုံဆွေးနွေး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ ပခုက္ကူခရိုင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၁)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ပခုက္ကူမြို့နယ် ညောင်ပင်လှအုပ်စု၊ ညောင်ပင်လှရွာ ရွာသစ်ရှိ တောင်သူဦးဝင်းဆန်းနှင့် ဦးဝင်းဗိုလ် တို့၏ အာလူးစိုက်ခင်းများသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့ရာ ရွာသစ်ကျေးရွာရှိ အာလူးစိုက် တောင်သူများသည် ဒေသမျိုးနှင့် တရုတ်ဖြူမျိုးများကို ဝယ်ယူစိုက်ပျိုးလျက်ရှိကြောင်း၊ မျိုး တန်ဖိုး မှာ တစ်ပိဿာ (၂၀၅၀)ကျပ်ဖြစ်ပြီး တစ်ဧက ပိဿာ(၇၅၀)ခန့် သုံးစွဲရသည့်အတွက် မျိုးဖိုးအနေဖြင့် တစ်ဧက (၁၅)သိန်းကျော်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။
အာလူးစိုက်ပျိုးသည့်အချိန်မှာ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး အာလူးတစ်လုံးတွင် အပင်ပေါက်မည့် မျက်ကွက်များ ပါရှိမှုပေါ်မူတည်၍ တစ်လုံးလျှင် လေးစိပ် (သို့မဟုတ်)နှစ်စိပ်ရရှိကြောင်း၊ စတင်စိုက်ပျိုးပြီး (၇)ရက်မြောက်နေ့မှစ၍ အာလူးဖော်ချိန်ထိ (၂) လခွဲ ခန့်ကြာမြင့်ကြောင်း၊ မြေဆီသွင်းအားစုအနေဖြင့်(အာမိုနှင့်ယာရာလီဗာ) (၅)အိတ် မှ (၇)အိတ် ထိ အကြိမ်ကြိမ်ခွဲ၍ ကျွေးရကြောင်း၊ အာလူးဖော်ချိန်တွင် တစ်ပင်လျှင် ပျမ်းမျှလေးလုံးမှငါးလုံး ထွက်ရှိကြောင်း၊ အာလူးဖော်ချိန်တွင် တစ်ဧက လုပ်သားဦးရေ (၁၈)ဦး မှ (၂၀)ဦးထိ အသုံးပြု ရပါကြောင်း၊ လုပ်သားခအနေဖြင့် တစ်ဦးလျှင် တစ်နေ့ပျမ်းမျှ(၆၀၀၀)ကျပ် ပေးရပါကြောင်း၊ အာလူးအထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာချိန် (၃၀၀၀ မှ ၄၀၀၀ ကြား)ထွက်ရှိပါကြောင်း၊ အာလူးစိုက် တောင်သူများအနေဖြင့် အာလူးပေါ်ချိန်တွင် တစ်ပိဿာ အနည်းဆုံး(၆၀၀/၇၀၀)ကျပ်မှ အများဆုံး (၁၀၀၀)ကျပ် ဈေးရရှိရန်မျှော်မှန်းကြောင်း၊ ညောင်ပင်လှရွာသစ်မှ ထွက်ရှိသော အာလူးများကို မန္တလေး၊ မုံရွာနှင့် မြင်းခြံမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ပခုက္ကူမြို့နယ်၊ ညောင်ပင်လှအုပ်စု၊ ညောင်ပင်လှရွာသစ်ရှိ ကုန်မြေများတွင် (၁၅ တောင်မှ ၂၀ တောင်ရှိ) ရေတွင်းများတူး၍ ရေစုပ်စက်ဖြင့် ရေတင်ပြီး ရေဖြန်းစိုက်ပျိုးသည့်အတွက် စတင်စိုက်ပျိုးသည့် နှစ်တွင် ပိုက်ဖိုး (၁၀)သိန်းကျော်ခန့် ကုန်ကျပြီး (၅)နှစ်ခန့်အသုံးပြုရပါကြောင်း၊ အာလူးတစ်ဧက စိုက်ပျိုးစရိတ်မှာ (၂၃) သိန်းကျော်ကုန်ကျပြီး တစ်ပိဿာလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချပါက အကျိုးအမြတ် အသင့်အတင့်ရရှိမည်ဖြစ်ကြောင်း၊ ယခင်နှစ်က ဧက(၁၀၀၀)ခန့် စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်တွင် မျိုးဈေးနှုန်းနှင့် သွင်းအားစုဈေးနှုန်းမှာ ယခင်နှစ်ကထက် (၂)ဆခန့်မြင့်တက်ခြင်း၊ စက်သုံးဆီဈေးနှုန်း ကြီးမြင့်ခြင်းတို့ကြောင့် ဧက(၂၅၀)ခန့်သာ စိုက်ပျိုးနိုင်ပြီး အာလူးစိုက်ဧက လေးပုံတစ်ပုံခန့် လျော့နည်းသွားကြောင်း၊ ယခင်က ပခုက္ကူမြို့နယ်၊ ညောင်ပင်လ ှအုပ်စု၊ နက်အင်းချောင်း တလျောက်တွင် ဝါ၊ ကြက်သွန်၊ အာလူး၊ မေမြို့ပန်း၊ ပန်းဂေါ်ဖီစသည့် သီးနှံများကို ချောင်းထဲတွင် အပြည့်စိုက်ပျိုးခဲ့ကြကြောင်း၊ ယခုနှစ်တွင် မြို့ပေါ်ရှိ ငွေကြေးတတ်နိုင် သူများမှ မျိုး၊ မြေဩဇာ၊ သွင်းအားစုနှင့် စက်သုံးဆီဖိုးများ ကျခံ၍ တောင်သူများမှ မြေနှင့်လုပ်သားခ စိုက်ထုတ်ပြီး အကျိုးတူစိုက်ပျိုး ကြသော်လည်း ယခင်နှစ်ထက် စိုက်ဧကလျော့နည်းကြောင်း အာလူးစိုက်တောင်သူများထံမှသိရှိခဲ့ရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)