သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်အတွင်း စားသုံးဆီ ရောင်းချဖြန့်ဖြူးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး ဆီကုန်သည်/ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး  ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျှက်ရှိပြီး စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် ထိန်းကျောင်းဆောင်ရွက်လျှက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူ ပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ရန်ကုန် အထိုင်ဈေး (အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း) ထုတ်ပြန်ကြေညာခြင်း၊ အခြေခံရည်ညွှန်း ဈေးနှုန်းအပေါ်  အခြေခံ၍ သက်ဆိုင်ရာဒေသအရောက် ကုန်ကျစရိတ်များ တွက်ချက်၍ စားအုန်းဆီ တစ်ပိဿာ အရင်းဈေးနှုန်းများ ထုတ်ပြန်ပြီး လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး ဆောင်ရွက်လျှက်ရှိရာ ဈေးကွက်အတွင်း စားအုန်းဆီ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချမှုအခြေအနေများနှင့် ပတ်သက်၍ ( ၂၃.၅.၂၀၂၂ ) ရက်၊ တနင်္လာနေ့၊ နေ့လည် ( ၃:၃၀ ) နာရီအချိန်တွင် မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဆီကုန်သည်များကို  မကွေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

              အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုကို ယခင် တစ်လလျှင် တန်ချိန် (၈၀၀၀၀) ခန့် တင်သွင်းနေရာမှ ယခုအခါ တစ်လတန်ချိန် (၅၀၀၀၀)ထိ လျော့ချ၍ တင်သွင်းလျှက်ရှိကြောင်း၊ ဖြန့်ဖြူးမှုအပိုင်းတွင် စားသုံးသူပြည်သူများ ဘေးအန္တရယ်ကင်းရှင်းစေရေးအတွက် Food Grade အဆင့်ရှိ Yellow Colour New Drum ၊ Clean Drum များ အသုံးပြု၍ သယ်ယူဖြန့်ဖြူးရန် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းပြီး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျှက်ရှိ ကြောင်း၊ ဆီများ ဝယ်ယူရာတွင် အတွင်း/ အပြင် သန့်ရှင်းသော အဝါရောင်ပီပါများဖြင့် ထည့်သွင်း ဝယ်ယူရန် သတ်မှတ်ချက်အား ( ၁၅.၆.၂၀၂၂ ) ရက်နေ့မှစ၍ လိုက်နာဆောင်ရွက်ရမည်ဖြစ်၍ ဆီလုပ်ငန်းရှင်များအနေဖြင့် မဖြစ်မနေ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆက်လက်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိသော ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil , Cooking Oil ) များနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးအတွက် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံ၍ အမျိုးအမည် ဖော်ပြရန်နှင့် အလေးချိန်ကို ပိဿာ/ ကျပ်သားတို့ဖြင့် ဖော်ပြရန် ညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ၎င်းညွှန်ကြားချက်မှာ ( ၂၀.၆.၂၀၂၂ ) ရက်နေ့မှစ၍ အာဏာတက်ရောက်မည်ဖြစ်၍ လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည့်အခြေအနေများ၊ လက်ရှိ စားအုန်းဆီဈေးနှုန်း ကို အပတ်စဉ် ရန်ကုန်အထိုင် အခြေခံရည်ညွှန်းဈေး သတ်မှတ်၍ ပြည်တွင်းဈေးကွက်၌ ရောင်းချ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ လောလောဆယ် ရန်ကုန်ဆီလှောင်ကန်များတွင် ဆီလက်ကျန်အခြေအနေအရ ထိန်း၍ ထုတ်ပေးနေရကြောင်း၊ မကြာမီ ဆီသင်္ဘောများ ဆိုက်ရောက်မည်ဖြစ်၍ နယ်ကုန်သည်များ ဆီလိုအပ်သလောက် ရောင်းချပေးနိုင်မှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါ သည်။

              ဆက်လက်ပြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များမှ ဆွေးနွေးရာတွင် စားအုန်းဆီ ဈေးနှုန်းအား လက်ကားရည်ညွှန်းဈေးသတ်မှတ်ထားသော်လည်း ရန်ကုန်မြို့သို့ သွားရောက်ဝယ်ယူသည့်အခါတွင် သတ်မှတ်ထားသော လက်ကားရည်ညွှန်းဈေးနှုန်းအတိုင်း လိုသလောက် ဝယ်ယူ၍ မရခြင်း၊ မိမိရောင်းအားအပေါ် မူတည်၍ ကားတစ်စီးဆံ့ ပီပါ အလုံး ( ၉၀ / ၁၀၀ ) အတွက် လိုအပ်သည့် ဆီများကို စားအုန်းဆီ တင်သွင်းသည့် ကုမ္ပဏီများမှ လိုသလောက် မရရှိသဖြင့် တစ်ဆင့်ခံဖြစ်သော ဘုရင့်နောင်ဈေးကွက်မှ ဝယ်ယူရသည့်အတွက်  ဒေသအတွင်း ပြန်လည် ဖြန့်ဖြူးရောင်းချရာတွင် ဒေသအရောက်ဈေးနှုန်းများအပေါ် ၂ ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ရောင်းချသော်လည်း အခြေခံရည်ညွှန်းဈေးနှုန်းအပေါ် အခြေခံ၍ သက်ဆိုင်ရာ ဒေသအရောက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ် တွက်ချက်ထားသည့် ဈေးနှုန်းထက် ဈေးမြင့် နေကြောင်း၊  ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ ပြုလုပ်ပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည့် ညွှန်ကြားချက်များလည်း ရှိနေသည့် အတွက် ဆီကုန်သည်များအနေဖြင့် အခက်အခဲဖြစ်နေမှုအပေါ်  ဌာနမှ ကူညီဖြေရှင်းပေးစေလို ကြောင်း၊ ရန်ကုန်မြို့ရှိ စားအုန်းဆီရောင်းချသည့် ကုမ္ပဏီများမှာ ဧရာဟင်္သာ၊ 6 Winner Brother ၊ First Stop၊  DD ၊ ဝေမာ၊ အေးရှားဝါလ်၊ ပြည့်ဖြိုးအောင် စသည့်ကုမ္ပဏီများအနက် မကွေးခရိုင်အတွင်းရှိ ဆီကုန်သည်များ အများဆုံး ဝယ်ယူသည့် ကုမ္ပဏီများမှာ ဧရာဟင်္သာ၊ 6 Winner Brother နှင့် ပြည့်ဖြိုးအောင်ကုမ္ပဏီတို့ဖြစ်ကြောင်း၊  ဆီဝယ်ယူရာတွင်လည်း ကုမ္ပဏီများမှ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအရသာ  ဆီများ ရောင်းချပေးလျှက်ရှိသည့်အတွက် ၎င်းတို့အနေဖြင့် မိမိတို့မြို့ စားသုံးဆီ မပြတ်လပ်စေရေးအတွက် ဆောင်ရွက်နေရမှုအပေါ် ဌာန၏ သတ်မှတ်ဈေးနှုန်းထက် အနည်းငယ် ကြီးမြင့်နေမှုအား နားလည်ပေးစေလိုကြောင်းနှင့်  အဝါရောင်ပီပါ ပြောင်းလဲသုံးစွဲရေးနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် အခက်အခဲ တစ်စုံတစ်ရာမရှိကြောင်း ပြန်လည် ဆွေးနွေးခဲ့ပါသည်။

              ဆီကုန်သည်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် မကွေးတိုင်းဒေသကြီးအတွင်း စားသုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် ဆီကုန်သည်များ ကြုံတွေ့နေရသည့် အခက်အခဲများ အဆင်ပြေစေရေးအတွက် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ သက်ဆိုင်ရာဒေသ အာဏာပိုင်နှင့် အထက်ဌာနများသို့ တင်ပြ၍ လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြီး ဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးမှကျေးရွာအရောက် တွေ့ဆုံဆွေးနွေးပွဲများ ၊ ဟောပြောပွဲများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ် တာဝန်ခံသည် (၁၉.၅.၂၀၂၂) ရက်နေ့ ၊  နေ့လည် (၁ : ၀၀) တွင်    ဒိုက်ဦးမြို့ရှိ   အိမ်ခြေလေးဆယ် ကျေးရွာအုပ်စု ၊ ရွာဝိုင်းကြီးကျေးရွာ  ဘုန်းတော်ကြီးကျောင်း၌   လည်းကောင်း၊ နေ့လည် ( ၃: ၀၀ )  နာရီအချိန်တွင် ဆင်စခန်းကျေးရွာအုပ်စု ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ လည်းကောင်း ၊  မိတ်ဖက်ဌာနဆိုင်ရာများဖြစ်ကြသည့် ထွေ/အုပ်၊ လကဝ ၊ စက်မှုလယ်ယာ ၊ စိုက်ပျိုးရေး၊ တိမွေးကု၊ ဆည်မြောင်း၊ ကျေးလက်လမ်း၊ ကျေးလက်ဖွံ့၊ လဝကတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍  ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါ ဟောပြောပွဲတွင် မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝေယံကျော်မှ အဖွင့်အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးမှူး ဦးသီဟကျော်စွာက ဌာနလုပ်ငန်းစဉ်နှင့် ကောက်စိုက်စက် ၊ ရိတ်သိမ်းစက်များ အကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ် တာဝန်ခံ ဦးမျိုးမြင့်မှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် စားသုံးဆီ ပိုမိုသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့ပြီး တက်ရောက်လာသည့် တောင်သူကြီးများ၏ သိလိုသည်များကို သက်ဆိုင်ရာဌာနများမှ ပြန်လည် ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

                  ပဲခူးတိုင်းဒေသကြီး ၊  စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းသည် ၂၀၂၂ ခုနှစ် ၊ မေလ ၁၆ ရက်၊ နံနက် ၁၀:၀၀ နာရီတွင်  ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးပွဲ Talk Show  ကျင်းပပြုလုပ်ခဲ့ပါသည်။

                ကျောက်တံခါး မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ     ကုန်စည်အမျိုးအစား ပေါ်မူတည်ပြီး  အဓိကပါဝင်ရမည့် အချက်များကို မဖြစ်မနေ ဖော်ပြရန် ၊  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အရ ဟင်းသီးဟင်းရွက်ဆီ (vegetable oil, cooking oil) အမျိုးအစားနှင့် ပက်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြသောနေရာတွင် ပင်ရင်းပါဝင်သောပစ္စည်းကို အခြေခံ‌သော ကုန်စည်၏အမျိုးအစားကို တိကျစွာ ဖော်ပြရမည်ဖြစ်ကြောင်း ၊  ၎င်းညွှန်ကြားချက်စတင်ထုတ်ပြန်ပြီး(၆)   လပြည့်သည့်နေ့တွင် အာဏာတည်မည်ဖြစ်ကြောင်း ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက လွယ်ကူလျင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ကို ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် စားသုံးသူပြည်သူများအနေဖြင့်  မိမိတို့ဝယ်ယူ အသုံးပြုသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ

           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းစိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန အသီးသီးမှကျေးရွာအရောက် တွေ့ဆုံဆွေးနွေးပွဲများ ၊ ဟောပြောပွဲ များကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ် တာဝန်ခံသည် (၁၇.၅.၂၀၂၂) ရက်နေ့တွင် ဒိုက်ဦးမြို့ရှိ   သဲကောကျေးရွာ  ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ မိတ်ဖက်ဌာနဆိုင်ရာများဖြစ်ကြသည့် ထွေ/အုပ်၊ စိုက်ပျိုးရေး၊ တိမွေးကု၊ ဆည်မြောင်း၊ ကျေးလက်လမ်း၊ ကျေးလက်ဖွံ့၊ လဝကတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍  အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ဒိုက်ဦးမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်နှင့် တားမြစ်ချက်များ အကြောင်း၊ ဥပဒေအရ ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူများ ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ ၊ ဆက်သွယ်ဆောင်ရွက်နိုင်မည့် ဖုန်းနံပါတ်နှင့် လိပ်စာတို့အား အသိပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

စားသုံးသူအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်မှ ဝန်ထမ်းများသည် ဂွမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၄-၅-၂၀၂၂)ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် ဂွမြို့ မြို့မဈေးအတွင်းသို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှု ရှိ/မရှိ  ဈေးအတွင်းရောင်းချနေသော စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များနှင့် အခြားလူသုံးကုန်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်မာမာလေးမှ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြရန်နှင့် (၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများပြုလုပ်ကြရန် ကုန်စည်များအားစစ်ဆေးပြီး အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ဝေါမြို့မဈေးအတွင်း လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံ ရောင်းချနေသော ဆိုင်များအား  ကွင်းဆင်းစစ်ဆေး

           ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် (၁၆.၅.၂၀၂၂) ရက်နေ့ ၊ နံနက်ပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်၊ ဝေါမြို့မဈေးတာဝန်ခံ ဦးအောင်ကျော်ရွှေ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်းကာ ဝေါမြို့မဈေးကြီးအတွင်းရှိ လူသုံးကုန်၊  စားသောက်ကုန်နှင့် ဆေးမျိုးစုံ ရောင်းချနေသောဆိုင်များသို့သွားရောက်၍   လက်ရှိရောင်းချနေသော ဆပ်ပြာခဲများ၊ စားသုံးဆီများ ၊ Bella Plus Plaster နှင့် အခြားအမှတ်တံဆိပ်ပါ Plasterများတွင် ဆေးဝါးမှတ်ပုံတင်ရှိ /မရှိ ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ၊ အလေးချိန်ကိုက်ညီမှုရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး ဌာနမှ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များ ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ညွှန်းအမှတ်အသား မပြည့်စုံသည့် ကုန်ပစ္စည်းများကို ရောင်းချခြင်း မပြုကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်စေမည့် သက်တမ်းလွန် ကုန်စည်များကို သွယ်ဝိုက်ရောင်းချခြင်းများ ရှောင်ကြဉ်ကြရန် အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပဲခူးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (BRCCI) ဖွဲ့စည်းနိုင်ရေး အကြိုညှိနှိုင်း ဆောင်ရွက်

             ပဲခူးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (BRCCI) ဖွဲ့စည်းနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို  ၂၀.၅.၂၀၂၂ရက်နေ့၊ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)၌ ပဲခူးခရိုင်အတွင်းရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်များ၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်အတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းကိုယ်စားလှယ်များနှင့် Zoom Virtual meeting စနစ်ဖြင့် ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပြန်လည်သက်ဝင်လှုပ်ရှားမှုရှိစေရေး ဖွဲ့စည်းရန်အတွက် အဆိုပြု အလုပ်အမှုဆောင်  ပဲခူးခရိုင်မှ (၁၄)ဦး၊ တောင်ငူခရိုင်မှ (၁၅)ဦး၊ ပြည်ခရိုင်မှ (၁၉)ဦး၊ သာယာဝတီခရိုင်မှ (၁၄)ဦး၊ စုစုပေါင်း (၆၂)ဦးရှိပြီး ဉက္ကဌ၊ ဒုဉက္ကဌနှင့် အတွင်းရေးမှူးတာဝန်တို့ ဆောင်ရွက်ရန်   အလုပ်အမှုဆောင်များကို အသီးသီး ရွေးချယ်လျာထားဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ပဲခူး)

ပေါင်မြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ (၂၃.၅.၂၀၂၂) ရက်နေ့တွင် ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ မင်းလမ်း ဝဲ/ယာရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဆိုင်များ၌ ရောင်းချနေသော ထုတ်ကုန်ပစ္စည်းများမှာ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ၊ စားသုံးရန် သင့်/မသင့်၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ထုတ်ကုန်များ ရောင်းချခြင်း ရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ အချက်အလက်များအား သိရှိနားလည်လိုက်နာစေရန် အသိပညာပေးခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန်ကုန်စည်များအား ရောင်းချခြင်းမပြုရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

တာချီလိတ်ခရိုင်၊ တာလေမြို့ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ မေလ(၂၄)ရက်နေ့ နံနက် (၁၀;၀၀)နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ တာလေမြို့အတွင်းရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          တာချီလိတ်မြို့နယ်တာဝန်ခံနှင့် ဌာနဆိုင်ရာများသည် ကုန်စုံဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ကုန်ပစ္စည်းများနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ပိတ်ပင်ထားသောကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”၊ အခန်း(၉)ပါ ‘‘စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ”နှင့် အခန်း(၁၀)ပါ ‘‘စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”အား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ဘိုကလေးမြို့နယ်မှ ထုတ်လုပ်သော မုန့်မျိုးစုံလုပ်ငန်းများ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

            ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်ထိုက်ရွှေရည် မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်သော ကုန်ပစ္စည်များ  ဈေးကွက်မရောက်မီ  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ ရေးအတွက်၂၀၂၂ခုနှစ်၊မေလ(၂၀)ရက်‌နေ့တွင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

            ထိုက်ရွှေရည်  မုန့်မျိုးစုံလုပ်ငန်းမှ  ထုတ်လုပ်သောပဲမုန့်  ၊ ပူတင်းမုန့်တို့တွင် ကြက်ဥ ၊ ဆား၊ သကြား၊ ဂျုံ၊ ဟင်းရွက်ဆီ၊ ပွဆေး၊ထောပတ်ဆီများပါဝင်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် အထုပ်အရေအတွက်(၃၀၀)ခန့် နေ့စဉ်ထုတ်လုပ်လျက်ရှိပါသည်။ မုန့်တစ်ထုပ်လျှင်(၅)ခုပါရှိကြောင်း၊ မုန့်တစ်ထုပ်လျှင် (၆၅၀) ကျပ်နှုန်းနှင့် ရောင်းချလျက်ရှိကြောင်း၊ လက်ကားဈေးနှုန်းအနေဖြင့် (၅၃၀)ကျပ်နှုန်း ရောင်းချကြောင်း ထိုလုပ်ငန်းတွင် လုပ်သား(၃)ဦးရှိပြီးတစ်ဦးလျှင် တစ်နေ့(၄၀၀၀/၅၀၀၀)ကျပ်နှုန်းဖြင့် လုပ်အားအလိုက် ရရှိကြောင်း ၊ဈေးကွက်အနေဖြင့် ဒေသတွင်းသာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရပါသည်။

          မြို့နယ်တာဝန်ခံက  ထုတ်လုပ်သောကုန်စည်များနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ  (၄၁)  (၄၃)အရ   ကုန်အညွှန်းအမှတ်အသား  ဖော်ပြချက်များ၊   စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊    ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ