သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒိုက်ဦးမြို့နယ် ဓာတ်မြေသြဇာ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

         ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၃) စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း (ACLC) ၌ ၂၇.၄.၂၀၂၂ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး  ၊ ဝန်ကြီးချုပ်မှ ထောက်ပံပေးအပ်သော ဓာတ်မြေသြဇာအိတ်များကို တစ်နှစ်သုံးသီး စိုက်ပျိုးသော ဒိုးတန်းကျေးရွာမှ တောင်သူဦးမောင်စိုးထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောတောင်သူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှ အမှာစကားပြောကြားခဲ့ပြီး တောင်သူဦးမောင်စိုးက ဓာတ်မြေသြဇာ ၂၀ အိတ်အား ထောက်ပံ့ပေးအပ်သည့်အတွက် ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မကွေးတိုင်းဒေသကြီးအတွင်း မေလ(ပထမလဝက်)ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများဘေးကင်းလုံခြုံရေး၊  ဈေးကွက်အတွင်းအရည်အသွေးပြည်မီသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းလာစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

          ၂၀၂၂ ခုနှစ် ၊ မေလ (၁)ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိ ဈေးကွက်အတွင်း ကုန်အမှတ် တံဆိပ်မျိုးစုံဖြင့် ရောင်းချလျက်ရှိသော စားသောက်ကုန်စည်နှင့် ဆေးနှင့်ဆေးဝါးပစ္စည်းများအား  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း(၁၀)ကြိမ်ဆောင်ရွက်ခဲ့ရာ ချောက်မြို့နယ်၊ ရေစကြိုမြိုနယ်တို့မှ မေလ(၃)ရက်နေ့တွင် မြို့မဈေး၊ ကျေးရွာ/ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များ၊ မကွေးမြို့နယ်မှ မေလ(၅)ရက်နေ့တွင် မကွေးမြို့ပေါ်ရှိ စတိုးဆိုင်များ၊ ပခုက္ကူမြို့နယ်မှ  မေလ(၆၊ ၁၀၊ ၁၁) ရက်နေ့တွင် မြို့ပေါ်ရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များ၊ သရက်မြို့နယ်မှ မေလ(၈)ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့်ရေနံချောင်းမြို့နယ်မှ မေလ(၁၁)ရက်နေ့တွင် မြို့မဈေးရှိ ကုန်စုံဆိုင်များအားလည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များမှ အလေးထားလိုက်နာ ဆောင်ရွက်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အုတ်တွင်းမြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည့် မေလ ၉ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့ပေါ်ရှိ ဆေးဆိုင်ကြီးများသို့ သွားရောက်၍ ဈေးကွက်အတွင်း ရောင်းချနေသော ပလာစတာများ၌ ဆေးဝါး မှတ်ပုံတင် ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိတို့ကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

              ထိုသို့ဈေးကွက်အတွင်း စောင့်ကြည့်စစ်ဆေးရာတွင် အုတ်တွင်းပေါ်ရှိ အရောင်းဆိုင်ကြီး များ၌ ဆေးဝါး မှတ်ပုံတင်ထားသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိသော Bella Plus ပလာစတာ , Belladonna, Tiger Balm, Hansa Plast, , Capsium နှင့် Shin Way အမှတ်တံဆိပ် ပလာစတာများကို တွေ့ရှိရပါသည်။

             ဆက်လက်၍ မြို့နယ်တာဝန်ခံသည် ဆေးဆိုင်ပိုင်ရှင်များနှင့် အရောင်းဝန်ထမ်းများအား မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ အရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားရှိသောဆေးဝါးများကိုသာ ရောင်းချကြရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွားမည်

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁၃ပုဒ်မခွဲ(က)(၄)အရ စစ်ဆေးရေးအရာရှိများခန့်အပ်တာဝန်ပေးခဲ့ပြီး စစ်ဆေးရေးအရာရှိများအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအပါအဝင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ နည်းစနစ်ကျနစွာဆောင်ရွက်နိုင်ရန်အတွက် စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေပွဲကို ၂၀၂၂ခုနှစ်၊ မေလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရုံးအမှတ် ၅၂ စားသုံးသူရေးရာ ဦးစီးဌာန နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

          စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(၁/၂၀၂၂)ကို ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခု (၂/၂၀၂၂) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွားမည် ဖြစ်ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို (၅)ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ စစ်ဆေးရေးအရာရှိ (၄၈)ဦး တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဆက်လက်၍ အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ရန် ကျန်ရှိသည့် စစ်ဆေးရေးအရာရှိများကိုလည်း ယခုကဲ့သို့ အသုတ်လိုက်ခွဲ၍  အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

        ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်သွားစေရေးတို့အတွက် ၂၀၂၂ခုနှစ် ဧပြီလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များအား ကွင်းဆင်းစစ်ဆေးရေးလုပ်ငန်းများ(၁၈)ကြိမ် ဆောင်ရွက်ခဲ့ပြီး ယခုမေလပထမပတ်နှင့် ဒုတိယပတ်အတွင်း(၂၀)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်စားသုံးသူများအနေဖြင့်  ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့်ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်စေ ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန် တင်ပြလာပါက ဌာနမှ ဥပဒေနှင့်ကိုက်ညီမှုရှိ/မရှိ စိစစ် ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရေကြည်မြို့နယ်၊ ကြာကန်ကျေးရွာဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ရေကြည်မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်နှင့် ဝန်ထမ်းများသည် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ကြာကန်ကျေးရွာဓမ္မာရုံ၌ (၁၂.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျေးရွာနေပြည်သူ(၃၀)ဦးအား စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး မိမိတို့နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက်လည်း စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့်အညီ သိရှိနိုင်ရန် ရည်ရွယ်၍ ယခုလို စားသုံးသူ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် မြို့မဈေးရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ  ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့နှင့် ပူးပေါင်း၍  (၁၃.၅. ၂၀၂၂)ရက်နေ့ နံနက်(၁၀:၄၀)နာရီအချိန်တွင် ဝါးခယ်မမြို့၊ မြို့မဈေးရှိ ဆေးဝါးရောင်းချနေသော ဆေးဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Bella  Plus  Plaster နှင့်ပတ်သက်၍ ထုတ်လုပ်သည့် နိုင်ငံ၊ ထုတ်လုပ်သည့် ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီ ဆေးဝါးမှတ်ပုံတင်အမှတ် Import မှ Registration No, (IR) များ ဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချနေခြင်းရှိ/မရှိနှင့် Online ပေါ်တွင် ကြော်ငြာ၍ ရောင်းချနေသော ရသေ့ဆေး(သို့)ထိုင်းတိုင်းရင်းဆေးများရောင်းချခြင်း  ရှိ/မရှိစစ်ဆေး ခဲ့ပြီး သတ်မှတ်ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးမှတ်ပုံတင်မရှိသောဆေးများအား ရောင်းချခြင်းမပြုရန် ဆေးဝါးရောင်းချနေသော ဆေးဆိုင် ပိုင်ရှင်များအား အသိပေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ဆေးဝါးရောင်းချနေသည့် အရောင်းဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ (၁၀.၅.၂၀၂၂) ရက်နေ့၊နံနက် (၁၁:၃၀)အချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့မဈေး၊ အောင်သာယာဈေး၊ ဆိပ်ကမ်းသာဈေးများအတွင်း ရောင်းချနေသော ဆေးဝါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များ၌ Bella Plus Plaster များ ဆိုင်တင်ရောင်းချမှု ရှိ/မရှိ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင် အမှတ်နှင့်Import Registration NO.  (IR) များ ဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဆိုင်ရှင်များအား Bella Plus Plaster သတ်မှတ် ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသောဆေးဝါးများ၊ သက်တမ်းလွန်ပစ္စည်းများ၊ ဆေးဝါးမှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများအား ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Online ပေါ်တွင်ရောင်းချနေသည့် ထိုင်းတိုင်းရင်းဆေး (ရသေ့ဆေး)အား ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၅.၂၀၂၂) ရက်နေ့တွင် Online ပေါ်တွင်ရောင်းချနေသည့် “ရသေ့ဆေး” ဟု ခေါ်ဆိုသည့် ထိုင်းတိုင်းရင်းဆေးများ စစ်တွေမြို့မဈေးအတွင်း ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ယင်း “ရသေ့ဆေး” (သို့) ထိုင်းတိုင်းရင်းဆေးသည် ထိုင်းနိုင်ငံ၏ FDA က ဘေးအန္တရာယ်ရှိ သည့်ဆေးအဖြစ် ထုတ်ပြန်ထားသည့် ဆေးဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း တရားဝင်ဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဖြစ်ကြောင်းသိရှိရသည့်အတွက် ဈေးကွက်အတွင်းရောင်းချမှုမရှိ စေရေး၊  မိဘပြည်သူများအနေဖြင့် ၎င်းဆေးအား သုံးစွဲမှုမရှိစေရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ စေရန် ရည်ရွယ်၍ သွား‌ရောက်စစ်ဆေးရခြင်းဖြစ်ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်တွေမြို့ မြို့မဈေးအတွင်း ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိခဲ့ရပြီး စစ်တွေမြို့နယ်တာဝန်ခံက ရောင်းချသည့်ဆေးဆိုင် လုပ်ငန်းရှင်များအား “ရသေ့ဆေး”(သို့) ထိုင်းတိုင်းရင်းဆေးသည် Online ပေါ်တွင် အကိုက်အခဲ ရောဂါပေါင်းစုံပျောက်ဆေးအဖြစ် ကြော်ငြာရောင်းချနေကြောင်း၊ ၎င်းဆေးအား ထိုင်းနိုင်ငံမှ ဘေးအ‌န္တရာယ်ရှိသည့် ဆေးအဖြစ်ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံတွင်လည်း တရားဝင်ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဖြစ်၍ သုံးစွဲသူများအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်အတွက် မှာယူရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။                                                             

DOCA(ရခိုင်)  

ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းဦးဆောင်၍ ဒေါ်စန္ဒာမွန်(ဒု-ဦးစီးမှူး)နှင့် ဒေါ်ဇင်မိုးဝါ(အကြီးတန်းစာရေး) ဝန်ထမ်းများအဖွဲ့သည် တပ်ဦးသီတာရပ်ကွက်ရှိ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းရှင် ဉီးဗန်ဇမှုန်အား စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များအား သိရှိစေရန်တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ပါသည်။

            မုန့်လုပ်ငန်းရှင် ဦးဗန်ဇမုန်နှင့်တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ ( ၂၀၁၉ ) အခန်း ( ၁၈ ) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားတွင်ပါဝင်သော ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ တင်သွင်းသူ၏ အမည်နှင့်လိပ်စာ၊ လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ပါဝင်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ အစိုးရဌာနများက သတ်မှတ်ထားသော အချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

           မုန့်လုပ်ငန်းရှင် ဉီးဗန်ဇမုန်အား ကုန်အမှတ်တံဆိပ်တွင် ပြည့်စုံစွာထည့်သွင်း ဖော်ပြပါက အခြားမုန့်လုပ်ငန်းရှင်များနှင့်နှိုင်းယှဉ်လျှင် မိမိတို့ကုန်ပစ္စည်းသည် လုံခြုံစိတ်ချရမည်ဖြစ်ပြီး စားသုံးသူမှကုန်အမှတ်တံဆိပ် ပြည်စုံမှုရှိသောမုန့်များကိုသာ ရွှေးချယ်ဝယ်ယူစားသုံးမည်ဖြစ်ပြီး ကုန်အမှတ်တံဆိပ်မပြည့်စုံသည့် ကုန်စည်နှင့်နှိုင်းယှဉ်ပါက ပြည်သူများအနေဖြင့် လုံခြုံစိတ်ချမှုရှိသော ကုန်စည်ကိုသာရွှေးချယ်ဝယ်ယူ စားသုံးကြမည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာထည့်သွင်းပြီးလျှင် စားသုံးသူရေးရာဉီးစီးဌာနသို့ လာရောက်၍ လျှောက်ထားနိုင်ကြောင်းနှင့် လုပ်ငန်းရှင်များ၏လျှောက်ထားချက်များကို တိုင်းဒေသကြီးဉီးစီးမှူးရုံးသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း  ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင် ဉီးဗန်ဇမုန်မှလည်း ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ