သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ဩဂုတ်လအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

        စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ သြဂုတ်လအတွင်း လုပ်ငန်းရှင်ပေါင်း(၂၇)ဦးက အပ်နှံလာသော သီးနှံ အမျိုး အစား(၁၆)မျိုး၊ နမူနာအရေအတွက် (၆၉) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၁၆၇) ခုကို စမ်းသပ် စစ်ဆေးဆောင်ရွက်နိုင်ခဲ့ပါသည်။

        စမ်းသပ်စစ်ဆေးခဲ့သည့် သီးနှံအမျိုးအစားများမှာ ပဲတီစိမ်း၊ ပဲယင်း၊ ဆန်ကွဲ၊ ထောပတ်ပဲ၊ မတ်ပဲ၊ ပဲမှုန့်၊ နှမ်းနက်သိပ္ပံ၊ စားအုန်းဆီ၊ နှမ်းဖြူ၊ နေကြာစေ့၊ နွားစာဖွဲနု၊ ဖွဲနု၊ မုယောကြိတ်ဖတ်၊ ဆန်ကွဲဖတ်၊ ရှောက်ဘီလူးခွံနှင့် ငရုတ်သီးတို့ဖြစ်ပါသည်။

         ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲစမ်း သပ်မှု (၂၇) ခု၊ မှိုဆိပ်ဆိုင်ရာဓာတ်ခွဲစမ်းသပ်မှု (၅) ခု၊ ဆီနှင့်ဆီထွက်သီးနှံ ဓာတ်ခွဲစမ်းသပ်မှု (၁၂၁) ခုနှင့် သီးနှံ(ဓာတု)ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်မှု (၁၄)ခု၊ စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၁၆၇) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကုန်မျိုးစုံရောင်းချသည့်ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၇)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ ထုန်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ရေဦးမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်ရှိ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         အဆိုပါဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရွှေဘိုမြို့နယ်၊ ကုန်းသာကျေးရွာမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ညီနောင်ထက်အမှတ်တံဆိပ်ပါ အာလူးကြော်တွင် မြန်မာဘာသာဖြင့် ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်များ ထည့်သွင်းဖော်ပြထားခြင်း မရှိ သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)နှင့်အညီ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးတွေ့ရှိချက်နှင့်ပတ်သက်၍ ထုတ်လုပ် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား တယ်လီဖုန်းဖြင့် ချိတ်ဆက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း၍ လျှောက်ထားနိုင်ရေး တစ်ပါတည်းဆောင်ရွက်ခဲ့ပါသည်။ ၎င်းအပြင် ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေ သည့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများနှင့် ဥပဒေပါအကြောင်းအရာများကို အသိပညာဗဟုသုတ ရရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်၊ ကုန်စည်ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ဌာန၏ အတည်ပြုချက်ရယူနိုင်ရေးဆောင်ရွက်ကြရန်၊ စားသုံးသူ၏ အခွင့် အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေး ခြင်းနှင့် အာမခံပေးထားမှုအပါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုကြောင့် စားသုံးသူ အခွင့်အရေးဆုံးရှုံမှုဖြစ်ပါက ဌာနသို့တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ တိုင်ကြားမှုအပေါ် စီးပွားရေးလုပ်ငန်းရှင်မှ အာမခံမှုနှင့်အညီ တာဝန်ယူဆောင်ရွက်ပေးရမည့်အကြောင်းတို့ကို အကျယ် တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၇)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင်  ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့်  ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်း (၂)ဦးတို့ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြင်ဈေးတောင်ပိုင်းရှိ “ဟန်” ဆေးခန်း၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးသည့် ဆေးခန်း၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်သည်  အသစ်ဖွင့်လှစ်သည့်ဆေးခန်း၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်ဖြစ်သဖြင့် ရွှေဘိုခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(က)အရ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို အမိန့်ကြော်ငြာစာအမှတ်(၂၁/၂၀၂၀)ဖြင့် အရေးကြီးကုန်စည်အဖြစ်သတ်မှတ် လိုက်ပြီး အဆိုပါကုန်စည်များအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅) အရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်းထုတ်ပြန်ထားပြီး ၎င်းအပြင် အမိန့်ကြော်ငြာစာအမှတ်(၂၂/၂၀၂၀)ဖြင့် အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ(ခ)အရ အထက်ပါတားမြစ်ထားသည့် ကုန်စည်များကို တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့်စပ်လျဉ်း၍ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ် နည်းများ ထုတ်ပြန်ခွင့်ကို စားသုံးသူရေးရာဦးစီးဌာနအား အခွင့်အာဏာအပ်နှင်းထားကြောင်း၊ ကျန်းမာရေး အထောက်အကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်းအရာများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ လက်ကမ်းစာစောင်များဖြန့်ဝေ၍ ဆေးဈေးနှုန်းနှင့် လက်ကျန် အခြေအနေများ မေးမြန်းဆွေးနွေးခြင်း များကို ဆောင်ရွက်ခဲ့ပြီး ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လိုင်စင်အသစ်လျှောက်ထားရာတွင် လိုအပ်သည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် စံမညီဆေးဝါးများ၊ တားမြစ် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခြင်းနှင့် စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ် အရွဲကျေးရွာရှိ ရွှေဝါနဒီဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၈.၉.၂၀၂၂) ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီမှ (၁၅:၀၀)နာရီ အထိ ညောင်တုန်းမြို့နယ် အရွဲကျေးရွာရှိ ရွှေဝါနဒီဆန်စက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ရွှေဝါနဒီဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှု အဆင့်ဆင့်အကြောင်းနှင့်၊ ထွက်ရှိလာသော ဆန်များကို ရန်ကုန် ဈေးကွက်သို့ တင်ပို့ခြင်း၊ ဆန်/စပါး ဈေးနှုန်း ဈေးကွက်အခြေအနေများ မိုးမနောသုခစပါး (၅၀)ပေါင် ကွင်းဈေးမှာ ၁၂၈၀၀ကျပ်၊ စက်ဈေးနှုန်းမှာ ၁၃၀၀၀ကျပ်ဖြစ်ကြောင်း၊ မနောသုခ ဆန်(၁၀၈)ပေါင်လတ်စ ဈေးမှာ ၄၃၀၀၀ကျပ်၊ ထိပ်စ ၄၅၀၀၀ကျပ်နှင့် နှံကား စပါး(၅၀)ပေါင် ကွင်းဈေး မှာ ၁၂၃၀၀ကျပ်၊ စက်ဈေးမှာ ၁၂၅၀၀ကျပ်နှင့် နှံကားဆန်(၁၀၈)ပေါင် လတ်စ ၃၈၀၀၀ကျပ်နှင့် ထိပ်စ (၄၀၀၀၀)ကျပ် ရှိကြောင်းရှင်းလင်းပြောကြားပြီး၊ ဆန်စက်မှ ထွက်ရှိလာသော ဆန်များကို အရည်အသွေးမြင့်ကုန်စည် ထွက်ရှိစေရေးနှင့် လုပ်ငန်းရှင်တို့၏ ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ခြင်းနှင့်စပ်လျဉ်၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်လိုက်နာရမည့် တာဝန်၊ တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့ လှေဆွဲငူကျေးရွာ ဦးသန်းကျော်သင်ဖျာလုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပန်းတနော် လှေဆွဲငူကျေးရွာရှိ ဦးသန်းကျော်သင်ဖျာလုပ်ငန်းအား (၈.၉.၂၀၂၂) နေ့ နေ့လယ် (၁၂:၀၀) အချိန် သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သင်ဖျာလုပ်ငန်းရှင် ဦးသန်းကျော်နှင့် တွေ့ဆုံ၍ လုပ်ငန်းအကြောင်းမေးမြန်းရာ လုပ်ငန်းရှင်မှ ကိုယ်တိုင်သင်ပင်ကိုစိုက်ပျိုးထားပြီး သင်ပင်သက်တမ်းမှာ ၆နှစ်၊ ၇နှစ်ရှိမှ ခုတ်လှဲ၍ နေလှမ်းပြီး၊ ထွင်၍ သင်ရကြောင်းနှင့် ထွက်ရှိလာသော သင်များကို ယက်လုပ်၍ ဖျာများကို ရန်ကုန်သို့ တင်သွင်းဖြန့်ဖြူးကြောင်း ရှင်းလင်းခဲ့ပါသည်။ စားသုံးသူရေးရာဦး စီးဌာကလည်း မိမိထုတ်လုပ်သောကုန်စည်ကို ပိုမိုကောင်းမွန်သော အရည်အသွေးပြည့် လက်မှုမှ စက်မှု သို့ပြောင်းလဲနိုင်ရေး ဌာနမှ ကူညီချိတ်ဆက် ဆောင်ရွက်နိုင်ပါကြောင်း၊ သင်ဖျာများတွင် အမှတ်တံဆိပ် နှင့် မည်မျှနှစ်ရှည်ခံနိုင်သည့် အာမခံချက်များ ဖော်ပြနိုင်ပါက ပိုမိုကောင်းမွန်နိုင်ကြောင်း လုပ်ငန်းရှင်တို့လိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းစပ်လျဉ်းသည့် ကိစ္စရပ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် တောရအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၇.၉.၂၀၂၂)ရက် နေ့လယ် (၁၃:၀၀)နာရီတွင် မော်လမြိုင်ကျွန်းမြို့နယ် တောရအလယ်တန်းကျောင်း၌ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်ခွဲ(ခ)(ဂ)(ဆ) တို့ ပါထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ဘေးထွက် ဆိုးကျိုး(သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များကို ကျောင်းသား/ ကျောင်းသူများ သိရှိလွယ်ကူစေရန် ဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးရန်မသင့်သော အစားအ သောက်များအကြောင်း၊ ဓါတုဆိုးဆေးများလွန်ကဲစွာပါဝင်သော အစားအသောက်များ စားသုံးမိပါက ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာပြီး ဆေးကုသမှုအတွက် ကုန်ကျစရိတ်များ နှင့်နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်သောကြောင့် အစားအသောက်များအား ရွေးချယ် ဝယ်ယူစားသုံးသင့်ကြောင်း ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပါသည်။ ၎င်းနောက်ကျောင်းမုန့်ဈေးတန်း တွင် ရောင်းချနေသော ဆိုင်ရှင်များအား သက်တမ်းလွန်နေသောအစားအသောက်များ၊ သတ်မှတ်ချက်များနှင့်မကိုက်ညီသော အစားအသောက်များ ရောင်းချခြင်းမပြုရန် ဈေးဆိုင်ပိုင်ရှင်များအား ဆွေးနွေးမှာကြားစစ်ဆေးခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ  (၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိ အိမ်သုံးဆေးအရောင်းဆိုင်များသို့  ကွင်းဆင်းစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ မြို့နယ်ဦးစီးမှူး  ဦးလှထွဋ်ဦးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၆.၉.၂၀၂၂)ရက်နေ့ မွန်းလွှဲ(၁၄:၀၀)နာရီက မြို့ပေါ်ရှိ အိမ်သုံးဆေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ အိမ်သုံးဆေးအရောင်းဆိုင်ရှင်များအား စားသုံးသူပြည်သူများ သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဈေးနှုန်းများမြှင့်တင် ရောင်းချခြင်းမပြုရန် ဆေးဆိုင်များတွင် ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ဆေးဆိုင်များပုံမှန်ဖွင့် လှစ်ရောင်းချနိုင်ရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများရောင်းချခြင်းမပြုရန်၊ ရောင်းချနေခြင်း စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၄)ရပ်ကွက်၊ နန္ဒဝန်ဈေးရှိ အသားငါးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်တာဝန်ခံ    ဦးမြင့်ဌေးသည် (၆.၉.၂၀၂၂) ရက်နေ့ နံနက်(၀၉:၀၀) နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ဦးဆောင်သောအဖွဲ့ဖြင့်လိုက်ပါ၍ အမှတ်(၇)ရပ်ကွက် နန္ဒဝန်ဈေးရှိ အသား/ငါးရောင်းချနေသော ဈေးသို့ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသာ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များအရ  စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားပြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ဥပဒေများအရ ရောင်းချနေသော အသား/ငါးများတွင် ပိုးမွှားအန္တရာယ်ကင်းစင်ပြီး လတ်ဆတ်သော အသားငါး များရောင်းချနိုင်ရေး၊ အသားငါးထုတ်လုပ်ရောင်းချသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များအား ဈေးသည်များသို့ ဖြန့်ဝေပေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ ထုတ်လုပ်ရောင်း စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ လက်ပံကုန်းကျေးရွာ အလက(ခွဲ)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံဦးလေးလွင်သည်(၈.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် အိမ်မဲမြို့နယ်၊ လက်ပံကုန်းကျေးရွာ အလက(ခွဲ) ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏လက်ရှိဆောင်ရွက်နေသော လုပ်ငန်း တာဝန်များအား ဦးစွာရှင်းလင်းဆွေးနွေးပြီး စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပြဌာန်းချက်များ မှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏အခွင့်အရေးနှင့် တာဝန််များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)(ဂ)(ဆ)တို့ပါ ကုန်စည် ၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ အညွှန်း သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ် ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့)ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်များအကြောင်း၊ ကျောင်းသား/သူများ မှတ်မိလွယ်စေရန်ဟောပြောခဲ့ပါသည်၊ စားသုံးရန်မသင့် သောအစားအသောက်များအကြောင်း၊ ဓါတုဆိုးဆေးများစွာ ပါဝင်သောအစားအသောက်များ၊ စားသုံးမိပါက ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း ကျောင်းသား/သူများ သိရှိနားလည်စေရန် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ(၉)ဦး၊  ကျောင်းသား/သူ(၁၂၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အိမ်မဲကြီးရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မြို့နယ်တာဝန်ခံဦးလေးလွင်သည်(၅.၉.၂၀၂၂)ရက်နေ့ နံက်(၁၁:၀၀)နာရီအချိန်က အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များအား  ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်ရှင်များ အား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်အရ စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး မိမိတို့ရောင်းချနေသော ကုန်ပစ္စည်းအမျိုးအစားအလိုက် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက် ကြရန် ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးမှာကြားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ