သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ‌ဒေါ်သန်းသန်းတင်မှ ဦးဆောင်၍ ဒု-ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် စစ်ကိုင်းခရိုင်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ နှင့်အတူ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နိုင်ငံတော်က ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှ တင်သွင်းသည့် စက်သုံးဆီများအပေါ် သက်သာသော အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးသည့် စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် စစ်ကိုင်းမြို့ရှိ BOC စက်သုံးဆီဆိုင်နှင့် ရွှေဗျိုင်းဖြူ စက်သုံးဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီအရောင်းဆိုင်များသည် နေ့စဉ်နံနက်(ဝ၅:ဝဝ)နာရီမှ ည(၂ဝ:ဝဝ)ထိ ဆိုင်ဖွင့်လှစ် ရောင်းချကြောင်း၊ အထူရောင်းဈေးနှုန်းသည် သာမန်ဈေးထက် တစ်လီတာအပေါ် ၁၅ဝိ/-ခန့် ဈေးသက်သာကြောင်း၊ အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချခြင်းသည် သာမန်ဈေးဖြင့် ရောင်းချခြင်း ထက် ၃၀% ခန့် ရောင်းအားတက်ကြောင်း၊ စက်သုံးဆီ ဝယ်ယူမှုကို ကန့်သတ်ချက်မထားဘဲ ကုန် ကားကြီးများ၊ Express ကားများအား ကား၏ ဆီတိုင်ကီဝင့်ဆန့်သည်ထိ ရောင်းချပေးကြောင်း၊ ဆိုင်ကယ်နှင့် ကားဆီဖြည့်ခြင်းကို နေရာသီးခြား ခွဲထားပြီး၊ ပုံးများဖြင့် ဝယ်ယူခွင့်မပြုပါကြောင်း ဆိုင်တာဝန်ခံများက ပြောကြားခြင်းအပေါ် အဖွဲ့ခေါင်းဆောင်က အချင်အတွယ်မှန်ကန်စွာရောင်းချ ရန်၊ နေ့စဉ်ရောင်းချရမှုစာရင်းနှင့် ဈေးနှုန်းများကို စနစ်တကျမှတ်တမ်းထားရှိပြီး၊ မိမိတို့ဌာနသို့ နေ့စဉ် ဖုန်း သို့မဟုတ် Viber ဖြင့်စာရင်းပေးပို့ရန်နှင့် ခွဲတမ်းရရှိမှု တစ်ကြိမ်ပြီးတိုင်း စာရင်းချုပ် ပြုစုပေးပို့ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီများ တင်သွင်း၍ မြန်မာနိုင်ငံ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီ အရည်အသွေး ဈေးနှုန်းကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေး ကျင်းပ

      ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂) ရက်နေ့ မွန်းလွှဲပိုင်းတွင် ပြည်ပမှ စားအုန်းဆီများ တင်သွင်း၍ မြန်မာနိုင်ငံအတွင်းရှိ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီများ၏ အရည်အသွေး ဈေးနှုန်းကိစ္စရပ်များနှင့် ပတ်သက်သော ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး၊ ပြည်တွင်း၌ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစုပိုမိုရရှိလာစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆီထွက်သီးနှံကဏ္ဍမှ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ (Supply Chain) တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ပြည်ပမှ စားသုံးဆီ တင်သွင်းမှုကို မူဝါဒအရ လျှော့ချပြီး အကန့်အသတ်ဖြင့်  တင်သွင်းခြင်း အစီအစဉ်ကို  ယခု Mini Budget  မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင် ရွက် ရာတွင်  စားသုံးဆီ ကမ္ဘာ့ဈေးနှုန်းမြင့်တက်မှု၊ ပြည်တွင်းဈေးကွက် အခြေအနေ၊ ပြည်တွင်း၌စားသုံးဆီများ စုပုံမှု မရှိစေရေးနှင့် ပြတ်လပ်မှု မရှိစေရေးတို့ကို အခြေခံ၍ တွက်ချက်ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

          စားသုံးဆီတင်သွင်းသူများသည်လည်း နစ်နာမှု မရှိစေရေး၊ စားသုံးသူများအတွက်လည်း ထိခိုက်မှု မရှိစေရေးတို့အတွက် ဗဟိုဘဏ်မှ  ရောင်းချပေးသော ဒေါ်လာဈေးနှုန်းဖြင့် သက်သာသော ဈေးနှုန်းတွက်ချက်၍ စီစဉ်ဆောင်ရွက်ပေးခဲ့သည်မှာ ငါးလရှိပြီဖြစ်ပါကြောင်း၊ တင်သွင်းဖြန့်ဖြူးသူများအနေဖြင့် အရောင်းအဝယ် သဘောအရ အမြတ်ရရှိရေးကိုသာ အဓိက မဟုတ်ဘဲ စားသုံးသူပြည်သူများ အနေဖြင့်  အဆင်ပြေမှုရရှိစေရန်အတွက် ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုကာလတွင် ကမ္ဘာ့စားသုံးဆီ ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လျက်ရှိသည့်အတွက် ပြည်တွင်းဈေးကွက် ကိုရိုက်ခတ်မှုများရှိကြောင်း၊ ကမ္ဘာ့ဈေးနှုန်း အနေဖြင့် ယခုနှစ် ဇန်နဝါရီလ အတွင်း စားသုံးဆီ တစ်တန်လျှင် ပျှမ်းမျှ ၁၄၀၇ ဒေါ်လာရှိပြီး ဖေဖော်ဝါရီလ ပထမပတ်အတွင်း ပျမ်းမျှအားဖြင့် ဒေါ်လာ ၁၅၅၀ ခန့်မှ ယခုအပတ်အတွင်း ပျမ်းမျှ အားဖြင့် ဒေါ်လာ ၁၆၄၀ ခန့်ထိ တဖြည်းဖြည်း မြင့်တက်လာခဲ့ကြောင်း၊ စားသုံးဆီတင်သွင်းမှု အနေဖြင့် ကာလတူနှိင်းယှဉ်ချက်အရ ယခင်နှစ်တွင်  ၃ ဒဿမ ၁ သိန်းကျော်ခန့် တင်သွင်းခဲ့ပြီး ၂ ဒဿမ ၃ သိန်းကျော်ခန့် သာတင်သွင်းခဲ့သည့် အတွက် ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း အထိလျှော့ချထိန်းညှိဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းစားသုံးဆီ ဈေးနှုန်း တည်ငြိမ်စေရေး နှင့် သင့်တင့်မျှတသည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် စဉ်ဆက်မပြတ်စောင့်ကြည့်ထိန်းကျောင်း ကြပ်မတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးက ပြည်တွင်း၌ စားသုံးဆီလက်ကျန် ကျန်ရှိမှု၊ ပြည်ပမှ စားအုန်းဆီသင်္ဘောများ ထပ်မံရောက်ရှိမည့် အခြေအနေနှင့် ပြည်တွင်းစားသုံးမှု ဖူလုံစေရန် စီမံဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စားသုံးဆီ တင်သွင်းသို လှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်  စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများက မတ်လအတွင်း စားသုံးဆီ တင်သွင်းရောက်ရှိမည့် အခြေအနေများနှင့် ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်သွားမည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။

          အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး၊ အမြဲတမ်း အတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊  မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဌ၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် စားသုံးဆီ တင်သွင်းသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့ရှိ စားသောက်ဆိုင်၊ အအေးဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကွမ်းဆိုင်များသို့ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေးအသိပညာပေးကွင်းဆင်းစစ်ဆေး

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကိုဗစ်ရောဂါတားဆီးထိန်းချုပ်ရေးကော်မတီဝင်များဖြစ်ကြသော ခရိုင်ပြည်သူ့ကျန်းမာရေး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်စသော သက်ဆိုင်ရာဌာနများပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်‌နေ့၊ နံနက် (၈း၀၀) အချိန်တွင် မြိတ်မြို့ပေါ်ရှိ စားသောက်ဆိုင်၊ အအေးဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကွမ်းဆိုင်များသို့ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေး အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ၎င်းတို့ရောင်းချနေစဉ် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအနက် စားသောက်ဆိုင်၊ အအေးဆိုင်နှင့်လက်ဖက်ရည်ဆိုင်ရောင်းချသူများအနေဖြင့် လာရောက်စားသောက်ကြသော စားသုံးသူများအား အပူချိန်တိုင်းကိရိယာဖြင့်တိုင်းတာရန်၊ လက်ဆေးဘေစင်ထားရှိရန်၊ လက်အိတ်ဝတ်ဆင်၍ရောင်းချရန်၊ မက်စ်တတ်၍ရောင်းရန်၊ လက်သန့်ဆေးရည်များထားရန် ညွှန်ကြားခဲ့ပြီး စားသုံးသူများအား စားသောက်ဆိုင်သို့မဝင်မီ(သို့) ပြန်လည်မထွက်ခွာမီ မက်စ်တတ်ဆင်စေရန်နှင့် မိသားစုများမှအပ အခြားစားသောက်ရန်ဝင်ရောက်လာသူများအား ကိုဗစ်စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်‌စေရန် အသိပညာပေးခဲ့ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက ကိုဗစ်စည်းမျဉ်းစည်းကမ်းဥပဒေနှင့် အညီအရေးယူမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

မော်လမြိုင်ကုန်စည်ဒိုင်(လပတ်) အစည်းအဝေး(၂/၂၀၂၀) ကျင်းပခြင်း

             မော်လမြိုင်ကုန်စည်ဒိုင်၏ လပတ်အစည်းအဝေး (၂/၂၀၂၂)ကို ၁၉.၂.၂၀၂၂ ရက်နေ့ (၁၃း၀၀) နာရီတွင် မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေးသို့ မော်လမြိုင်ကုန်စည်ဒိုင် နာယက၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မော်လမြိုင်ကုန်စည်ဒိုင်လုပ်ငန်းစဉ်များကို နည်းပညာအရ ပံ့ပိုးကူညီပေးနေသူများ စုစုပေါင်း(၃၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

        အစည်းအဝေးတွင် မော်လမြိုင်ကုန်စည်ဒိုင်ဥက္ကဌ ဦးအောင်မျိုးဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးအား အဓိကပံ့ပိုးကူညီပေးနေသူ ဒေါ်မိုမိုချိုဝင်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက မွန်ပြည်နယ်စီးပွားရေးကဏ္ဍတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း  းသိရှိရသည်။

          ဆက်လက်၍ NEI အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ရည်မွန်ဆုက မွန်ပြည်နယ်ရော်ဘာလုပ်ငန်းကဏ္ဍတွင် ကြုံတွေ့နေရသောအခက်အခဲများ၊ လောင်စာဆီဈေးနှုန်းမြင့်မားလာခြင်းနှင့် လုပ်ငန်းရှင်များ ကြုံတွေ့နေရသော အခက်အခဲများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မယမုံဇင်မှ ကုန်စည်ဒိုင် Facebook စာမျက်နှာမှ နေ့စဉ် ဖော်ပြပေးခဲ့သော ကုန်ဈေးနှုန်းအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်များ၊ အမှုဆောင်များမှ မော်လမြိုင်ကုန်စည်ဒိုင်အသင်း ယာယီအမှုဆောင်များ ပြင်ဆင်ဖွဲ့စည်းခြင်း ကိစ္စရပ်များဆွေးနွေးခဲ့ကြပြီး အခမ်းအနားအား (၁၅း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၂၃.၂.၂၀၂၂ ရက်နေ့တွင် ဝိုင်းမော်မြို့၊ ရပ်ကွက်(၂)ရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်နှင့်‌တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်သိုမဟုတ်ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ၄၁၊ ပုဒ်မ ခွဲ(ခ)နှင့်(ဆ) တို့တွင် ဖော်ပြထားသည့် ကုန်စည်၏အမျိူးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှသာ ဈေးကွက်တွင်ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန                          

ကချင်ပြည်နယ်        

အိမ်မဲမြို့၊ ရေယာဉ်အသင်းရုံးတွင် စားသုံးသူအသိပညာပေးဟောပြော

           စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံဦးလေးလွင်သည် မြို့နယ်ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီနှင့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ရက်နေ့၊ နေ့လည် (၁၁:၀၀)နာရီအချိန်က အိမ်မဲမြို့၊ ရ.စ.က ရုံးတွင် ရေယာဉ်လုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးရာတွင် အိမ်မဲမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) ပြဌာန်းချက်ပါ စားသုံးသူ၏အခွင့်အရေးများနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်း ရှင်၏  အခွင့်အရေးနှင့်တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု လုံခြုံစိတ်ချရမှု၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေး၍  လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး လုပ်ငန်းရှင် များမှသိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ညီညွတ်မျှတသည့် စားသုံးသူကာကွယ်ရေး ဖော်ဆောင်ကြပါစို့

            စားသုံးသူသည် နေ့စဉ် ကုန်စည်နှင့်ဝန်ဆောင်မှုကို ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ၊ ပေးကမ်းထောက်ပံ့ခြင်းခံရသူများအားလုံးတို့မှလည်းကောင်း သုံးစွဲရကြသည်။ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုကို သုံးစွဲကြရာတွင် အဓိက ကိုယ်ကျန်းမာရေး စိတ်ချမ်းသာစေဖို့ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ(၂)ခုလုံး စိတ်ချမ်းသာယာမှုရှိပြီး ခန္ဓာကိုယ်ကျန်းမာစေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းစွာ ရရှိဖို့လိုအပ်လာပါသည်။ ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ ကုန်စည်ထုပ်ပိုးမှုများသည်အဆင့်မြှင့်တင်လာကြ၍ ဝန်ဆောင်မှုပေးသည့်ပုံစံများကလည်းမတူ မရိုးရလေအောင် ဖန်တီးမှုအသစ်သစ်တွေကို တွေ့မြင်လာရပါသည်။ ယင်းအပေါ်မှာ စားသုံးသူများက ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် စားသုံးသူအခွင့်အရေး၏မိမိတို့စိတ်ကြိုက် ရွေးချယ်နိုင်ခွင့်ရရှိခြင်းဖြင့် ဝယ်ယူလာကြသည် ထိုပုံစံကလည်း စားသုံးသူအခွင့်အရေးများကို သိရှိပြီး ရယူလာနိုင်မှုလည်းဖြစ်ပါသည်။

          ယနေ့တွင် စားသုံးသူများသည် မြန်မာနိုင်ငံတွင်ပြဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပေါ်ပေါက်လာပြီးနောက် စားသုံးသူများသည် တိကျမှန်ကန်မှုရှိသည့် သတင်းအချက်အလက်များရရှိလာသည့်အတွက် ကုန်စည်နှင့်ဝန်ဆောင်မှုတို့ကို  ခိုင်မာသောဆုံးဖြတ်ချက် မှန်ကန်သောရွေးချယ်မှုများဖြင့်ဝယ်ယူသုံးစွဲလာခဲ့ကြသည်။ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းရေးလုပ်ငန်းများလုပ်ဆောင်၍ စဉ်ဆက်မပြတ် လေ့လာသုံးသပ်ရာတွင် စိတ်ချရသည့် ကုန်စည်စိတ်ချယုံကြည်ရန် လိုအပ်သည့်ကုန်စည် လိုအပ်ချက်များဖြည့်သွင်းရန်ကျန်သေးသည့်ကုန်စည်နှင့်ဝန်ဆောင်မှုအချို့သည် လုံခြုံစိတ်ချရမှုရှိစေရေး လိုအပ်မှုအချို့ရှိသည်ကို တွေ့ရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာနမှ စီးပွားရေးလုပ်ငန်းရှင်များကို အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ကောင်းမွန်သည့်စီးပွားရေးလုပ်ငန်းရှင်ဖြစ်စေရန် စီးပွားရေးလုပ်ငန်းရှင်ကျင့်ဝတ်လိုက်နာမှု၊ တာဝန်ယူမှု တာဝန်ခံမှုတို့ ဆွေးနွေးအကြံပေးခြင်း၊ လိုအပ်သည့်လမ်းညွန်မှုများ ဖော်ဆောင်ပေးခဲ့ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၀)တွင် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဆိုသည့် ပုဒ်မ ၂၁၊ ပုဒ်မခွဲ (၁၁)ခု ဖော်ပြထားမှုတွင် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ် အခြေခံ၍အာမခံချက်ပေးခြင်း၊ အရည်အသွေးစမ်းသပ်ရန်လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့်အခွင့်အရေးပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထမ်မံပေးချေရမည့်တန်ဖိုးစားသုံးသူ ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားမည့် ကုန်စည် သို့မဟုတ်        ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက် ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်နှင့်စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့်ကိုက်ညီမှု မရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ်လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း မဟုန်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့်ပြုမှုခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊  ထုတ်လုပ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတွင် ဘေးအန္တရာယ်ရှိကြောင်းကို မိမိကိုယ်တိုင်သော်လည်းကောင်း အခြားနည်းလမ်းတစ်ခုခုအရသော်လည်းကောင်း သိရှိလျှင် အဆိုပါအကြောင်းအရာအား ဦးစီးဌာနနှင့်စားသုံးသူများထံအချိန်မီသိရှိနိုင်စေရန် လူထုဆက်သွယ်ရေးနည်းလမ်းဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ အသိပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှုကိစ္စရပ်များဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်ရာ ကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့် ဆုံးဖြတ်ချက်ကို အလေးထားလိုက်နာဆောင်ရွက်ရန် စသည့်အချက်များနှင့် ပတ်သတ်၍ စီးပွားရေးလုပ်ငန်းရှင်များမှလည်း သိရှိလိုက်နာဆောင်ရွက်လာကြသည်။

          ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်သားဖော်ပြခြင်း ပုဒ်မ ၄၁၊ ပုဒ်မခွဲ (၈)ချက်ကို အလေးထားဆောင်ရွက်လာကြောင်းတွေ့ရှိရသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့် ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊  ပြည်တွင်းသို့ တင်သွင်းလာသည့် ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊  ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှ ကုန်စည်များတင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ကုန်စည်တွင် ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်နှင့်ပစ္စည်းများ၏ ပမာဏပါဝင်မှုအမျိုးအစား၊  ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊  သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များတို့ကို မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်တွင် ဖော်ပြရပါမည်။ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ သို့မဟုတ် မြန်မာနှင့် အခြားဘာသာတစ်ခုခုဖြစ်စေ တွဲလျက်ဖော်ပြထားသည့်အတွက် စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုဖြစ်စေပါသည်။

          သို့ဖြစ်ပါ၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်တွင် ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့်မျှတမှုရှိသော လုပ်ငန်းစဉ်ကြီးဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော “ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်”ဆိုသည့်အတိုင်း စားသုံးသူရေးရာဦးစီးဌာနမှလည်း စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအရ ဆောင်ရွက်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်းကောင်းမွန်သောစီးပွားရေးလုပ်ငန်းကျင့်စဉ်၊စည်းကမ်းချက် များနှင့်အညီတာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်မည်၊ စားသုံးသူများဘက်မှလည်း မိမိတို့ရရှိမည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်ကိုသိရှိလိုက်နာကာ ဆောင်ရွက်ကြပါက စားသုံးသူ၊လုပ်ငန်းရှင်များ ညီညွတ်မျှတသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်ကြီးကို ဖော်ဆောင်ရာရောက်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

DOCA(မွန်)

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကျင်းပပြုလုပ်

         မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူဗဟိုပြုခန်းမ၌ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံဦးစီးအရာရှိ ဦးနေဇင်သက်က တက်ရောက်ဆွေးနွေးခဲ့ပြီး ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက moderator အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကျင်းပပြုလုပ်သည့် Talk Show တွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်းအရာများ၊ စားသုံးသူတို့၏ အခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊  စားသုံးသူရေးရာဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ စားသုံးသူတိုင်ကြားမှုနှင့် ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေများအားလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ပြည်တွင်း ထုတ်လုပ်အသုံးပြုမှု ပိုလျှံသည့် ဝါဂွမ်းများ ပြည်ပသို့ တင်ပို့နိုင်ရေးဆွေးနွေးပွဲကျင်းပ

          မန္တလးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် ၂၁.၂.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်း ထုတ်လုပ်အသုံးပြုမှုမှ ပိုလျှံသည့် ဝါဂွမ်းများအား ပြည်ပတင်သို့ တင်ပို့မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပါသည်။

        အဆိုပါအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၊ မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဝါနှင့် ဝါထွက်ပစ္စည်း ကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်း နာယက၊ မြန်မာနိုင်ငံ ဝါထွက်ပစ္စည်းကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဝါနှင့်ဝါထွက်ပစ္စည်းတင်ပို့ရောင်းချလျက်ရှိသည့် Exporter များ တက်ရောက်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး မှ မိမိတို့အနေနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားချက်များအရ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်ရမည်ဖြစ်ပါသဖြင့်  ပြည်တွင်းရှိ ဝါလက်ကျန်အခြေအနေကို တင်ပြရမည်ဖြစ်ကြောင်း၊ လက်ကျန်စာရင်းကောက်ယူရာတွင် သိုလှောင်ရုံများ တခုချင်းလိုက် ကောက်ခံသည့်အခါ အခက်အခဲများရှိသည့်အတွက် ကုန်သည်များအနေနှင့် မိမိတို့သိုလှောင်ရုံများတွင် ဝါလက်ကျန်၊ ဝါဂွမ်းလက်ကျန်အခြေအနေများကို ယခုပြုလုပ်သည့် အစည်းအဝေးတွင် လုပ်ငန်းရှင်များအနေဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေး ပေးကြရန်နှင့် မြန်မာနိုင်ငံ ဝါနှင့် ဝါထွက်ပစ္စည်း ကုန်သည်များ၊ ကုန်ထုတ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ များမှလည်း ပစ္စည်းလက်ကျန်အခြေအနေစာရင်းများ မှန်ကန် မြန်ဆန်စွာရရှိရေး တို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် လက်ကျန်အခြေအနေသိရှိမှသာ ပြည်ပသို့တင်ပို့နိုင်မည့် ပမာဏကို ခန့်မှန်းတွက်ချက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ပတင်ပို့မှသာလျှင် ဈေးကောင်းရရှိနိုင်ပြီး တောင်သူ/ကုန်သည်/Exporter အကျိုးအမြတ်ရရှိမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

ဇီးကုန်းမြို့နယ်စားသုံးသူရေးရာသိ‌ကောင်းစရာ Talk Show ဆွေးနွေးပွဲကျင်းပခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၁.၂.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပြန်/ဆက်ဦးစီးဌာန Community Center   တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ဇီးကုန်းမြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်း တာဝန်များရှင်းလင်းခြင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားပေါ်မူတည်ပြီး အဓိကပါဝင်ရမည့်အချက်များကို မဖြစ်မနေဖော်ပြရန်၊ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို ထုတ်ပြန်ခဲ့သည့် ဟင်းသီးဟင်းရွက်ဆီ(vegetable oil, cooking oil) အမျိုးအစားများနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြသော နေရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအစားကို တိကျစွာဖော်ပြရမည်ဖြစ်ကြောင်း ၎င်းညွှန်ကြားချက်စတင်ထုတ်ပြန်ပြီး (၆)လပြည့်တဲ့ နေ့တွင် အာဏာတည်မည် ဖြစ်ကြောင်းကိုလည်း လုပ်ငန်းရှင်များသိအောင် ထည့်သွင်းပြောကြားခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှု များကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါကလွယ်ကူ လျင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center-CICC)ကို ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ