သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူမြို့ရှိ Royal King Land Manufacturing & Distribution Co.,Ltd စီးကရက်လုပ်ငန်းအား စက်မှုမှတ်ပုံတင်သက်တမ်းတိုးမြှင့်ရန်အတွက် အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးသည် ဇန်နဝါရီလ (၁၀)ရက်၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်၊ ဗုဒ္ဓကုန်းရပ်၊      ပခုက္ကူ-ရေစကြိုလမ်း ရှိ Royal King Land Manufacturing & Distribution Co.,Ltd စီးကရက်လုပ်ငန်း အမှတ် (၃) စီးကရက်စက်ရုံအား စက်မှုမှတ်ပုံတင် သက်တမ်းတိုးမြှင့်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနစသည့် သက်ဆိုင်ရာဌာန(၇)ခုမှ ကိုယ်စားလှယ်များဖြင့် ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးမှုအား စစ်ဆေးခဲ့ပါကြောင်း၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဖြင့် တာဝန်ယူဆောင်ရွက်ပြီး ကျန်ဌာနများသည် အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း၊ စက်မှုမှတ်ပုံတင်မှာ (၁)နှစ်(၁)ကြိမ် သက်တမ်းတိုးရာတွင် လိုအပ်သည့် အချက်အလက်များ စစ်ဆေးရန်အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရပါကြောင်း သိရှိရပါသည်။

          စစ်ဆေးတွေ့ရှိချက်အရ စက်ရုံမှာ ယခုကာလအတွင်း ကုန်ကြမ်းပြတ်တောက်သည့်အခါ ခဏရပ်နားထားရပြီး ကုန်ကြမ်းရရှိသည့်အခါ လုပ်ငန်းပြန်လည် လည်ပတ်ကြောင်း၊ စက်ရုံမှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ထံမှ(၅)နှစ်(၁)ကြိမ်စာချုပ်ဖြင့် ငှားရမ်းထားကြောင်း၊ Boiler (၁)လုံးအား သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းနိုင်ရေးအတွက် နှစ်စဉ်သက်တမ်းတိုး စစ်ဆေးမှုခံယူခြင်းဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် စက်ရုံအတွင်းရှိ ထရန်စဖော်မာနှင့် လျှပ်စစ်ပစ္စည်းများကို (၁)နှစ်(၁)ကြိမ် အစစ်ဆေးခံလျက်ရှိကြောင်း၊ စက်ရုံလည်ပတ်မှုကြောင့် စက်ရုံဝန်ထမ်းများအတွက် အလုပ်အကိုင်အခွင့်အလမ်း များရရှိပြီး လစဉ် ဝင်ငွေများရရှိကြောင်း၊ စက်ရုံမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ(စက္ကူ/နံကာ၊ ပလပ်စတစ်များ)အား ပြင်ပသို့ စနစ်တကျရောင်းချကြောင်း၊ Boiler  မှာလည်း FO ဆီ အသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိကြောင်း သိရှိရပါသည်။

         စက်ရုံမှူးမှ စီးကရက်လုပ်ငန်း၏ အဓိကကုန်ကြမ်းဖြစ်သော ဗာဂျီနီးယားဆေးများအား ဗာဂျီနီးယားဆေးလုပ်ငန်းစက်ရုံ  (VTCL) ကုမ္ပဏီမှ ဝယ်ယူပြီးဆောင်ရွက်ကြောင်း၊  ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်ကို ရှင်းလင်းရာ ပထမဆုံးအနေဖြင့် ကုန်ကြမ်းဌာနခွဲမှ ဆေးချိန်၊ ဆေးခွာ၊ ဆေးစပ်ခြင်း ၊ ဆေးပေါင်းခြင်း၊ ဆေးရွက်ဆုတ်ခြင်း၊ အချိုရည်ဖြန်းခြင်း၊ ဆေးရိုးပေါင်းခြင်း၊ ပြားခြင်း၊ ဖြတ်ခြင်း၊ လှော်ခြင်း၊ ဆေးရွက်ဖြတ်ခြင်း၊ ဆေးရိုးမျှင်ရောစပ်ခြင်း၊ ဆေးမျှင်အအေးခံခြင်း၊ ဆေးမွှေးရည်ဖျန်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြောင်း၊ ဒုတိယအနေဖြင့် ကုန်ချောဌာနခွဲမှ ဆေးမျှင်သိုလှောင်ခန်း၊ စီးကရက်လိပ်စက်၊ စီးကရက်ဘူးသွင်းစက်၊ အခွန်တံဆိပ်ခေါင်းစက်၊ လကြေးပတ်စက်နှင့်ဆုတ်ကြိုးစက်၊ ကာတွန်းထုတ်စက်နှင့် ကာတွန်းထုတ်လကြေးပတ်စက်၊ သေတ္တာသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး စီးကရက်ကုန်ချောဂိုဒေါင်သို့ ပေးပို့ပါကြောင်း စက်ရုံမှူး၏ ပြောကြားချက်အရ သိရှိရပါသည်။

         ဌာနကိုယ်စားလှယ်များအနေဖြင့် ကုန်ထုတ်လုပ်မှု အပြည့်အဝ လည်ပတ်နိုင်ပါက လေဝင်/ လေထွက် ကောင်းစေရန် လေအေးပေးစနစ်များကို အမြဲအသုံးပြုသင့်ကြောင်း၊ စက်လည်ပတ်နေစဉ် ဝန်ထမ်းများ၏ ကျန်းမာရေးအတွက် နှာခေါင်းစည်း၊ ခေါင်းစည်းနှင့် Apron များ အမြဲဝတ်ဆင်ပြီးမှ လည်ပတ်သင့်ကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိဘဲ အလုပ်အကိုင် အခွင့်အလမ်းများရရှိခြင်းတို့ကြောင့် ဒေသခံများအနေဖြင့် စက်ရုံအမြဲတမ်းလည်ပတ်နိုင်လျှင်ပို၍အဆင်ပြေနိုင်ကြောင်း အကြံပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

မကွေးမြို့၊ မြင်သာရပ်ကွက်ရှိ “ဆီကြော်”မုန့်လုပ်ငန်းနှင့်”လဒူးမုန့်”၊ “မလိုင်မုန့်” လုပ်ငန်းရှင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

          မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်ချက်အရ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြစေရေးအတွက် (၁၁.၁.၂၀၂၂)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မကွေးမြို့၊ မြင်သာရပ်ကွက်ရှိ ဒေသတွင်းမုန့်လုပ်ငန်းများဖြစ်သော ဆီကြော်မုန့်လုပ်ငန်းနှင့် လဒူး၊ မလိုင်မုန့်လုပ်ငန်းများသို့ သွားရောက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူခိုင်မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထည့်သွင်းရမည့်အချက်များအား ဆွေးနွေးခဲ့ပြီး မိမိတို့ဌာနသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြနိုင်ရေး လာရောက်အကူအညီတောင်းနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာပါရှိပါက မကွေးမြို့တွင် သာမက မြန်မာနိုင်ငံတစ်ဝှမ်းတင်ပို့ရောင်းချနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်အေးအေးခိုင်မှ ညွှန်ကြားချက် (၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(က)ရှိ အသင့်စားမုန့်အမျိုးမျိုးတွင် ထည့်သွင်းရမည့်အချက်များအားလည်းကောင်း၊ ဦးစီးမှူး ဒေါ်စန္ဒာစိုးလွင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များအားလည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များနှင့်တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့် အချက်အလက်များပါဝင်သော လက်ကမ်းစာစောင်များအား ဝေငှခဲ့ကြပါကြောင်းသိရှိရပါသည်။

          ဤကဲ့သို့ ဒေသတွင်းတစ်ပိုင်တစ်နိုင်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများသို့သွားရောက်၍ အသိပညာပေးဆွေးနွေးခြင်းအားဖြင့် လုပ်ငန်းရှင်တို့၏ ထုတ်လုပ်မှုအပိုင်း၊ ဖြန့်ဖြူးရောင်းချမှု အပိုင်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာထည့်သွင်းဖော်ပြလာမှုများရှိလာမည်ဖြစ်သည့်အပြင် စားသုံးသူများအနေဖြင့် ဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးနိုင်မည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့ရောင်းချလာနိုင်မည်ဖြစ်၍ ဈေးကွက်ဝေစုပိုမိုရရှိကာ စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

မြိတ်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းအသိပညာပေး

              ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့၊ နံနက် (၁၀း၃၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြိတ်မြို့ပေါ်ရှိစားသုံးဆီအရောင်းဆိုင်များသို့ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာအချက်များအား ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

                အဆိုပါဆိုင်များသို့ ကွင်းဆင်းအသိပညာပေးရာတွင် စားသုံးဆီအရောင်းဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ စျေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီများတွင် ပင်ရင်းပါဝင်ပစ္စည်းများအား တိကျစွာဖော်ပြရမည့်အပြင် စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေရန် စားသုံးဆီအမျိုးအမည်များတွင် (ဟင်းသီးဟင်းရွက်ဆီ၊ အသားဆီ) ဟု ခြုံငုံဖော်ပြခြင်းမပြုရန်နှင့် (ဟင်းသီးဟင်းရွက်ဆီ-စားအုန်းဆီ၊ နေကြာဆီ၊ နှမ်းဆီ)ဟု မြန်မာဘာသာဖြင့် အမျိုးအစားအလိုက် တိကျစွာဖော်ပြရန်၊ စားသုံးဆီအမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေဖော်ပြပေးပါရန် ရှင်းလင်းပြောကြားခဲ့ပြီး  အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

တနင်္သာရီတိုင်းဒေသကြီး

တရားမဝင်ကုန်စည် တားဆီးရေးအဖွဲ့များ ပူးပေါင်း၍ တရားမဝင်အေးခဲဘဲသားနှင့် အေးခဲကြက်နက်သားများဖမ်းဆီးဖျက်ဆီးခြင်း

      (၁၀.၁.၂၀၂၂) ရက်နေ့တွင်  တရားမဝင်ကုန်စည်တားဆီးရေးအဖွဲ့များဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီး ဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် သံလွင်တံတားစုပေါင်းစစ်ဆေးရေးဂိတ်တွင် ရှောင်တခင်စစ်ဆေးစဉ် နံနက် (၁၁:၀၀)နာရီအချိန်ခန့်တွင် မြဝတီ- ရန်ကုန်ပြေးဆွဲလျက်ရှိသော မှန်လုံယာဉ်အား ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးစဉ် ယာဉ်ပေါ်တင်ဆောင်လာသော အေးခဲဘဲသား (၁၃၀)အိတ် ခန့်မှန်းအလေးချိန် (၂၀၈၀) ကီလိုဂရမ်နှင့် အေးခဲကြက်နက်သား (၆၅)အိတ် ခန့်မှန်းအလေးချိန် (၉၇၅)ကီလိုဂရမ် ကာလတန်ဖိုးခန့်မှန်း (၅၈.၅)သိန်းကျပ်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

      ဈေးကွက်အတွင်း စားသုံးသူများထံသို့ ရောက်ရှိပါက အန္တရာယ်ဖြစ်စေနိုင်သဖြင့် တရားမဝင်ကုန်စည်တားဆီးရေးအဖွဲ့များက သိမ်းဆည်းပြီး အေးခဲဘဲသားနှင့် အေးခဲကြက်နက်သားများကို တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင် တင်သွင်း/ တင်ပို့ခြင်း ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ဖြင့် ထန်းကိုးပင်သုဿန်တွင် ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကရင်ပြည်နယ်

စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ  ဦးဇော်နေလင်းသည် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိတ်ဖက်ဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၇. ၁. ၂၀၂၂)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ပတ္တမြားဈေးနှင့် အနောက်ပိုင်းရပ်ကွက်အတွင်းရှိ စားသောက်ကုန်ရောင်းချသည့် ဈေးဆိုင်(၇)ဆိုင်တို့တွင် မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဈေးကွက်အတွင်း နမူနာကောက်ယူ၍ ဓါတ်ခွဲ စစ်ဆေးချက်အရစားသုံးရန်မသင့် စားသောက်ကုန်ပစ္စည်း(၃၅)မျိုးအား ဈေးဆိုင်များတွင် ရောင်းချခြင်းရှိ/မရှိကို ပူးပေါင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးရန်မသင့် စားသောက်ကုန်ပစ္စည်း(၃၅)မျိုးမှ "ဟိုင်းဂွတ်" အမှတ်တံဆိပ်ပါ မက်မန်းနီ၊ ဂွေးသီးပေါင်း၊ ခံသီးပေါင်း(၅)ထုပ်တွဲ ၂၀၀တန် အတွဲ(၁၇)တွဲနှင့် "ထွန်းထွန်းဝင်း ရှမ်းမင်းသား" အမှတ်တံဆိပ် လက်ဖက် (၁၀)ထုပ် ၄၅တန် အတွဲ(၅၀)တို့အား ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ ပေါ်ပြူလာ ကုန်မျိုးစုံရောင်းဝယ်ရေးနှင့် ပတ္တမြားဈေးအတွင်းရှိ ဦးဇေယျာဝင်းကုန်စုံဆိုင်တို့တွင် ရောင်းချဖြန့်ဖြူးနေသည်ကို တွေ့ရှိခဲ့ရမှုအပေါ် စားသုံးသူများအတွက် ဘေးအန္တရာယ်ရှိပြီး စားသုံးရန်မသင့်သည့်အတွက် ဈေးကွက်အတွင်းမှ အမြန်ဆုံးပပျောက်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိမ်းဆည်း၍ ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

          ထုတ်လုပ်ရောင်းချဖြန့်ဖြူးရောင်းဝယ်ဖောက်ကားသူ ဈေးဆိုင်ပိုင်ရှင်များကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)တွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်တာဝန်များ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌါန်းချက်များနှင့် ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းမှုအပေါ် ရောင်းချဖြန့်ဖြူးသူတို့မှလည်း သိရှိနားလည်ပါကြောင်း၊ ဝန်ခံကတိပြုခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

 

ကရင်ပြည်နယ် ဘားအံမြို့ရှိ သောက်ရေသန့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားအကြောင်း အသိပညာပေးခြင်း

            ၁၀.၁.၂၀၂၁ ရက်နေ့တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ပြည်နယ်ဦးစီးမှူး၊ ဦးသန်းဦးနှင့် ဝန်ထမ်း (၃) ဦးတို့သည် သောက်ရေသန့်လုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ ဦးအောင်ကျော်သူနှင့် တွေ့ဆုံပြီး ကုန်စည်များပေါ်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်း ရှင်လင်းဆွေးနွေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာနမှ  ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကုန်စည်များတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၃)အရ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်များပေါ်တွင် အဓိကပါဝင်ရမည်အချက်များမှာ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များ ပါဝင်ရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းကိုပါ စီးပွားရေးလုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း  ဆွေးနွေးပြောကြားခဲ့ပါ သည်။ ထပ်မံ၍ သောက်ရေသန့်လုပ်ငန်းဆောင်ရွက်ရာတွင် သောက်ရေသန့်ဘူးများကို ကိုင်တွယ်ရာတွင် သန့်ရှင်းစွာဆောင်ရွက်ခြင်း၊ သန့်ရှင်းစွာဝတ်စားဆင်မှုနှင့် သောက်ရေသန့်ပို့ဆောင်သောကားတွင် အမိုးအကာပြုလုပ်ခြင်းစသည့် ထုတ်လုပ်မှုကျင့်စဉ်များ ဆောင်ရွက်သွားသင့်ကြောင်း အကြံပြု ဆွေးနွေးခဲ့ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ သောက်ရေသန့်လုပ်ငန်းရှင်အသင်း ဥက္ကဌ ၊ ဦးအောင်ကျော်သူက ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သောက်ရေသန့်လုပ်ငန်းရှင်များအသင်းကို (၄၂)ဦး ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ သောက်ရေသန့်လုပ်ငန်းရှင်များ လိုက်နာရမည်စည်းမျဉ်း/ စည်းကမ်းများကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သောက်ရေသန့်လုပ်ငန်းဆောင်ရွက်ရာတွင် သောက်ရေသန့်ဘူးများကို ကိုင်တွယ်ရာတွင် သန့်ရှင်းစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သန့်ရှင်းစွာဝတ်စားဆင်ယဉ်မှုနှင့် သောက်ရေသန့်ပို့ဆောင်သောကားတွင် အမိုးအကာပြုလုပ်ရန်အတွက် အကြံပြုချက်များအား လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကရင်ပြည်နယ်

ဟင်္သာတမြို့နယ်မှ ဆေးဘက်ဝင်ရဲယိုစိုက်ပျိုးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်သည် ဧရိယာစတုရန်းမိုင် ၃၇၈.၆၉၅ မိုင်ရှိပြီး၊  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော ဒေသဖြစ်ကာ၊ လယ်မြေဧက တစ်သိန်းသုံးသောင်းကျော် ၊ ဥယျာဉ်မြေဧက တစ်သောင်းခုနှစ်ထောင်ကျော်၊ ကိုင်းမြေဧက နှစ်သောင်းခြောက်ထောင်ကျော် ၊ စိုက်ပျိုးသောဒေသလည်းဖြစ်ပါသည်။ စပါး၊ ပဲအမျိုးမျိုး၊ အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့ ရာသီအလိုက်စိုက်ပျိုးရသော သီးနှံများကို စိုက်ပျိုးသကဲ့သို့ ရဲယို၊ ဒန့်သလွန်၊ မာလကာ၊ သီဟိုဠ်ကဲ့သို့သောနှစ်ရှည် သီးပင်စားပင်များကိုလည်းစိုက်ပျိုးကြပါသည်။ သို့ရာတွင် နှစ်ရှည် သီးပင်၊ စားပင်များကိုစိုက်ပျိုးသူ အရေအတွက်မှာ ဈေးကွက်နှင့် တွက်ချေကိုက်မှုပေါ်မူတည်၍  စိုက်ပျိုးဧကအနည်းငယ်ကိုသာ စိုက်ပျိုးသည်ကို တွေ့ရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ပြည်တွင်းထုတ်ကုန်များ၏ သတင်းအချက်အလက်များပံ့ပိုးပေးရန်နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ( ၃ .၁ .၂၀၂၂) နေ့တွင် ဟင်္သာတမြို့နယ်၊ တောင်ကလုံကျေးရွာရှိ တောင်သူ ဦးထိန်းလင်း၏ ရဲယို (၁၀) ဧက စိုက်ခင်းသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။ ‌တောင်သူဦးထိန်လင်းအနေဖြင့် မိဘလက်ငုတ်လက်ရင်း ဥယျာဉ်ခြံ၌ ရဲယိုစိုက်ပျိုးလာသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ကာ ရဲယိုပင်များကို ပင်ကြား၊ တန်းကြား ၉ပေစီခြား၍ စိုက်ပျိုးထားပြီး တဧကကိုအပင် ၄၀၀ စိုက်ပျိုးထားပါသည်။ ယခင်က ရာသီပေါ်သီးနှံများကိုသာ စိုက်ပျိုးခဲ့သော်လည်း ၂၀၁၇ မှစ၍ ရာသီဥတုဒဏ်ခံနိုင်ပြီး အရွက်ရော၊ အသီးပါ ဈေးကွက်ဝင်သော ရဲယိုပင်များကို စတင်စိုက်ပျိုးခဲ့ကြောင်း သိရပါသည်။

          စတင်စိုက်ပျိုးစဉ်က မြေတန်ဘိုးမပါ တစ်ဧက စိုက်ပျိုးစရိတ်မှာ မြေပြင်ခ၊ မြေခံထည့်ခြင်း၊ ပျိုးပင်ဖိုး၊ စိုက်ခ နှင့် သွင်းအားစုဖိုးမှာ အပင်သက် ခြောက်လခွဲခန့်ထိ ၁၆သိန်းကျပ် ခန့်ကုန်ကျပြီး နောက်ပိုင်း ရေသွင်းခ၊ အပင် အားဆေး၊ အပင်ပြုပြင်ခ၊ အသီးခူးစရိတ်တို့သာ ကုန်ကျတော့ကြောင်း ၊ ရရှိသော အသီးများကို အချင်း ၄ စင်တီမီတာခန့်၊ အလျား ၈ စင်တီမီတာခန့်ရှိ အသီးများကို ခူးပြီး ရန်ကုန် Fame ဆေးဝါးစက်ရုံ၊ ထွန်းရွှေဝါ ဆေးဝါးစက်ရုံ၊ သန်လျင်ရှိ စက်ရုံများသို့တင်ပို့ရောင်းချကြောင်းကို သိရှိခဲ့ရပါသည်။ ၂၀၂၁ ခုနှစ် ရာသီချိန်တွင် ရန်ကုန်အရောက်ဈေး ရဲယိုတစ်ပိဿာ ၅၀၀ ကျပ်ခန့်ရရှိကြောင်းနှင့် အပင်သက်ခြောက်လခွဲတွင် စတင်အသီးသီးပြီးဈေးကွက်ဝင် အသီးများကို အပင်သက် တစ်နှစ်ခွဲကျော်မှာစတင်ရရှိကာ မိုးရာသီဖြစ်သော ဇွန်၊ ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာလထိ တစ်လနှစ်ကြိမ် အသီးခူးရပြီး၊ မိုးနှောင်းကောင်းပါက အောက်တိုဘာလထိပါ အသီးရကြောင်းနှင့်  တစ်ကြိမ်ခူးပါက တစ်ဧက အချိန် ၅၀၀ခန့်ထွက်ရှိပြီး  သီးအားအကောင်းဆုံးဖြစ်သောမိုးတွင်းကာလတွင် အနည်းဆုံး ၈ကြိမ်မှ ၁၀ ကြိမ်အထိ ခူးဆွတ်နိုင်ကာ တစ်ဧက အချိန်ငါးထောင်ခန့်ရရှိကြောင်း ၊ ခူးဆွတ်ခနှင့် ရန်ကုန်ဈေးကွက်သို့ သယ်ယူစရိတ် ၁၅၀ ကျပ်နှုတ်ပါက တစ်ပိဿာ ၃၅၀ ကျပ်ခန့်ရကြောင်း တွက်ချေကိုက် အကျိုးရှိသော စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ကြောင်းသိရှိခဲ့ရပါသည်။ ရဲယိုပင်သည် အမြင့်ပေ (၂၀)ထိ ကြီးထွားနိုင်သဖြင့် အပင်သက်(၃)နှစ်ကျော်ပါက ခေါင်ညွှန်နှိမ်ရန် လိုအပ်ပါသည်။ သို့မှသာ ခူးဆွတ်ရလွယ်ကူမည် ဖြစ်ပါသည်။

          ရဲယိုပင်သည် တစ်နှစ်ပတ်လုံးသီးသော အပင်မျိုးဖြစ်ပြီး၊ သတ်မှတ်မိုးရေချိန်ရရှိသော  မိုးရာသီတွင် အများအပြားသီးကာ၊ အမှည့်လွန်အသီးများ၊ ကြွေကျသောအသီးများနှင့် ရန်ကုန်တင်ပို့ရန် လုံလောက်သောပမာဏမရှိသည့် အသီးများကိုကောက်ယူ၍ ပါးပါးလှီးအခြောက်လှမ်း၍ အသီး ခြောက်ပြုလုပ်ရောင်းချနိုင်ပြီး ယခုအခါ အသီးခြောက် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်ထိရရှိလျက်ရှိပါသည်။၊ အရွက်ကိုလည်းရန်ကုန်သို့ တင်ပို့ရောင်းချနိုင်ပြီး စွန့်ပစ်စရာမရှိ ဈေးကွက်ဝင် အသုံးတည့်သောအပင်မျိုးလည်းဖြစ်ပါသည်။

          ရဲယိုပင်သည် မြန်မာနိုင်ငံအနှံ့ ပေါက်ရောက်ပြီး မိုးများသော ဒေသတွင်ပိုမိုဖြစ်ထွန်းကာ အစေ့ပျိုး၍ စိုက်ပျိုးနိုင်သောအပင်ဖြစ်သလို အရွက်ကော၊ အသီးပါစားသုံးနိုင်ပြီး ၊ အသီး၏စူးရှသော အနံ့ကြောင့် စားသုံးသူများကြိုက်နှစ်သက်မှုနည်းသော်လည်း အရွက်တွင်ပါဝင်သော အဟာရဓာတ်မှာ အသီးနှင့် အတူတူပင်ဖြစ်၍ ပရိုတင်း၊ ဗီတာမင်စီ၊ အမျှင်ဓာတ် တို့ပါဝင်၍ ဝမ်းဖောဝမ်းရောင်၊ ရင်ပြည့်ရင်ကယ်၊ ချောင်းဆိုးရောဂါများကိုပျောက်ကင်းစေကြောင်း မြန်မာ့စွယ်စုံကျမ်းအတွဲ (၁၁) တွင်ဖော်ပြထားပါသည်။ ဆက်လက်တွေ့ရှိချက်များအရ Antioxidant ကြွယ်ဝတဲ့အတွက် ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း ကင်ဆာဆဲလ်ကိုတားဆီးနိုင်ခြင်းတို့ကြောင့် အလွန်ဆေးဘက်ဝင်သော အပင်လည်းဖြစ်ပါသည်။

          ရဲယိုစိုက်ပျိုးခြင်းသည် အပင်ပေါက်မြန်ပြီး  အထူးတလည် ပြုပြင်စရာမလိုပဲ ရှင်သန်ကြီးထွားနိုင်သော အပင်မျိုးဖြစ်သည့်အတွက် တွက်ချေကိုက်စိုက်ပျိုးနိုင်သော်လည်း ပြည်တွင်းဈေး ကွက်မတည်ငြိမ်ခြင်းသည် တောင်သူတို့ကြုံတွေ့ရသောအခက်အခဲဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ တစ်နှစ်ပတ်လုံး အသီးရရှိရန် ဆောင်းတွင်းနှင့် နွေရာသီကာလများတွင်  ပေးရန်လိုအပ်ပါသည်။ အသီးစိုနှင့် အသီးခြောက်ကို ရန်ကုန်တခုတည်းကိုသာ အဓိကထားတင်ပို့နေရပြီး ဝယ်သူဈေးကွက်ဖြစ်နေကာ ဈေးနှုန်းနှင့် ဝယ်လိုအားတည်ငြိမ်မှုမရှိသည့်အတွက် ရဲယိုထုတ်ကုန်များ ထုတ်လုပ်နိုင်မှသာ  ပိုမိုတွက်ချေကိုက် အကျိုးဖြစ်ထွန်းနိုင်ကြောင်း သိရပါသည်။

          သဘာဝနည်းစဉ်များနှင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိခြင်းကြောင့် ၂၀၁၉ ခုနှစ်တွင်  ဦးထိန်လင်း၏ ရဲယိုခြံမှ  Organic ရဲယို အစို ၃၅ တန်အား Myanmar Organic Agricultural Group ၏ ထောက်ခံချက်ဖြင့် Fame ဆေးဝါးထုတ်လုပ်ငန်းသို့ တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။  ယခုအခါ ဦးထိန်လင်းအနေနှင့် ရဲယိုသတ္တုရည်ကို စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး ပတ်ဝန်းကျင်ဒေသများသို့ ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါသည်။ ရဲယိုသီးအစို ပိဿာ (၅၀) ကိုသတ္ထုရည်ထုတ်လုပ်ပါက သန့်စင်သည့် သတ္ထုရည် ၁၁လီတာခန့်ရရှိပြီး၊ တစ်လီတာလျှင် ၄၀၀၀ ကျပ်ဈေးဖြင့် ရောင်းချရလျက် ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီး မှူးရုံးအနေဖြင့်လည်း  ကုန်စည်များပေါ်တွင်‌ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြနိုင်ရေး ဆွေးနွေးခြင်း၊ ရဲယို ပျားရည်၊ရဲယိုဖျော်ရည်များ ထုတ်လုပ်နိုင်ရေးအတွက်  အသေးစား စက်မှု၊လက်မှုလုပ်ငန်းဦးစီးဌာန နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

          အစာလည်းဆေး၊ ဆေးလည်းအစာဆိုသော မြန်မာ့စကားပုံကဲ့သို့ နေ့စဉ်စားသုံးသော အစားအစာများတွင် မိမိပတ်ဝန်းကျင်ရှိ အဖိုးနည်းဝန်ပါ  ကျန်းမာရေးနှင့်လျော်ညီသော အသီးအရွက်များကို စားသုံးခြင်းဖြင့် ရောဂါများကို ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ဆေးဘက်ဝင်သော  ရဲယိုကဲ့သို့ နှစ်ရှည်သီးပင်များကို သဘာဝနည်းစနစ်များအတိုင်း (Organic Farm) အဖြစ် စိုက်ပျိုးပြီး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်၍ အရည်အသွေးမီ ဆေးဘက်ဝင်စားကုန်များ ထုတ်လုပ်ခြင်းဖြင့်၊ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ခြင်းနှင့် မိသားစုဝင်ငွေများတိုးကာ၊ကျန်းမာပျော်ရွှင်သော လူမှုဘဝကိုရရှိစေမှာ ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး

 

ကိုဗစ်ကာလအလွန်ဆောက်လုပ်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာခြင်း

စစ်တွေမြို့ရှိ နေအိမ်/အဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းများသည် ယခုအချိန်တွင် ပြန်လည်စတင်လုပ်ကိုင်လာကြပြီဖြစ်ပါသည်။ စစ်တွေမြို့သည် ယခင်က လူနေမှုအဆင့်အတန်းရိုးရှင်းခြင်း နေအိမ်အဆောက်အဦး ဆောက်လုပ်ရာတွင် ရခိုင်ပြည်နယ်၏ သယံဇာတထွက်ကုန်ဖြစ်သော ဝါး/သစ်များကိုသာ အဓိကထားသုံးစွဲခြင်းကြောင့် အထပ်မြင့်အဆောက်အဦးများ ဆောက်လုပ်မှုမရှိသလောက်နည်းပါးခဲ့သည်။ ယခင်က နေအိမ်များ ဆောက်လုပ်လိုသူများသည် မိမိကိုယ်တိုင် တည်ဆောက်ရေးပစ္စည်းများ ဝယ်ယူစုဆောင်ခြင်း/လုပ်သားများရှာဖွေရခြင်း အခက်အခဲများ ကြုံတွေ့လာရပါသည်။ ယခုအခါတွင် စစ်တွေမြို့သည် လူနေမှုအဆင့်တန်းများ ခေတ်မီမြင့်မားလာခြင်းကြောင့် နေအိမ်များ/အထပ်မြင့် အဆောက်အဦးများ တည်ဆောက်ရာတွင် မိမိလိုချင်သော ပုံစံဒီဇိုင်းများ ဒီဇိုင်ရေးဆွဲသူနှင့် ဆောက်လုပ်ရေးကန်ထရိုက်တာလုပ်ငန်းရှင်များထံအပ်နှံခြင်း/ နေအိမ်အလှဆင်လုပ်ငန်းလုပ်ကိုင်သူများထံ၌ အပ်နှံဆောက်လုပ်လာကြပါသည်။ ၂၀၂၁ခုနှစ် အောက်တိုဘာလဆန်းမှစ၍ ကန်ထရိုက်တာဈေးနှုန်းများအနေဖြင့် စစ်တွေမြို့တွင် တစ်စတုရန်းတစ်ပေလျှင် (ရေ၊မီး၊ဆေးသုတ်)အပါအဝင် ကျပ်-၆၀၀၀၀၊ (ရေ၊မီး)မပါ (ဆေးသုတ် ပါဝင်) ကျပ်-၅၀၀၀၀ နှုန်းဖြင့် လုပ်ကိုင်လျက်ရှိကြရာတွင် ကုမ္ပဏီများအနေဖြင့် ၂၀၂၂ခုနှစ် ဇန်နဝါရီလဆန်းမှစ၍ စစ်တွေမြို့တွင်း လုပ်ငန်းခွင်အရောက် အခြေခံဆောက်လုပ်ရေးပစ္စည်းများဖြစ်သော အုတ်တစ်ချပ်လျှင် ကျပ်-၁၅၀၊ သဲ(ရေချို) တစ်ကျင်း- ကျပ်-၄၀၀၀၀ ၊ သဲ (ရေငန်) တစ်ကျင်း ကျပ်-၃၅၀၀၀၊ ကျောက်စရစ်တစ်ကျင်း ကျပ်-၈၀၀၀၀၊ ဘိလပ်မြေ(ပြည်တွင်း) တစ်အိတ် ကျပ်-၈၈၀၀/၉၀၀၀၊ ဘိလပ်မြေ(ပြည်ပ)တစ်အိတ်လျှင် ကျပ်-၁၃၀၀၀/၁၄၀၀၀၊ ၁၂-မီလီမီတာ သံချောင်း (ပြည်တွင်း) တစ်တန် ကျပ်-၉၀၀၀၀၀၊ ၁၆-မီလီမီတာသံချောင်း(ပြည်တွင်း) တစ်တန် ကျပ်-၁၀၀၀၀၀၀၊ ၁၂၊၁၆ မီလီမီတာသံချောင်း (ပြည်ပ) တစ်တန် ကျပ်-၁၁၀၀၀၀၀၊ သံခွေ၂၀ ခွေတစ်တန် ကျပ်-၂၀၀၀၀၀၀၊ ဈေးနှုန်းများဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြပြီး အခြေခံလုပ်သားများအား တစ်နေ့လျှင် လုပ်အားခ အမျိုးသမီး ကျပ်-၈၀၀၀၊ အမျိုးသား ကျပ်_၁၀၀၀၀ ဖြင့် ဒေသခံလုပ်သားများအပြင် တစ်ခြားတိုင်းဒေသကြီး/ပြည်နယ်များမှ လုပ်သားအများအပြား ဝင်ရောက်လုပ်ကိုင်လျှက်ရှိပြီး အလုပ်အကိုင်များ ပိုမိုရရှိလာပါကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ရခိုင်ပြည်နယ်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဓမ္မသုခကျောင်းလမ်းရှိ အမှတ်(၁-က)၊ အဆောက်အဦ(၁)လုံး (၁၂၀'x၅၀' x၂၀')(သွပ်၊ အုတ်၊ ကွန်)အား (၅)နှစ်သက်တမ်း (၁)နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆို၍ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-
(က) တင်ဒါပုံစံရောင်းချမည့်ရက် - (၁၇.၁.၂၀၂၂)ရက်မှ (၁၆.၂.၂၀၂၂)ထိ
( ခ ) တင်ဒါပိတ်မည့်နေ့/အချိန် - (၁၆.၂.၂၀၂၂)ရက် ညနေ( ၁၆:၀၀)နာရီ
( ဂ ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန် - (၁၇.၂.၂၀၂၂)ရက်နေ့၊ (၁၃:၀၀)နာရီ
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။
(င) စာရင်းပေးသွင်းရမည့်နေရာ - ရုံးအမှတ်(၅၂)၊ နေပြည်တော်
(စ) တင်ဒါစည်းကမ်းချက်များ - (၁၇.၂.၂၀၂၂)ရက်နေ့၊ (၁၁:၀၀)နာရီ
ရှင်းလင်းမည့်နေ့/အချိန်/နေရာ ရုံးအမှတ်(၅၂)၊ နေပြည်တော်
(ဆ) တင်ဒါပုံစံရောင်းချမည့်နေရာ - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ၊ အမှတ် (၂၂၈/၂၄၀)၊ ဒုတိယထပ်၊ ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့။
(ဇ) Depositပေးသွင်းနိုင်သည့်ဘဏ် - တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။
၂။ စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် အဆောက်အဦ(၁)လုံး၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာ မြို့နယ်သို့ သွားရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံ ဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

တင်ဒါစိစစ်ရေးကော်မတီ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ရေကြည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်၊ ရေကြည်ပေါ်ဆန်း((ဘေးကြား) ရိတ်သိမ်းပွဲကျင်းပ

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ တောင်သူဦးအောင်မျိုးဝင်း၏ (၅.၀၀)ဧက စိုက်ကွက်တွင်(၂၉.၁၂.၂၀၂၁)ရက်နေ့တွင် စံကွက်ရိတ်သိမ်းပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဒုတိုင်းဦးစီးမှူးနှင့် ရေကြည်မြို့နယ်ရှိ ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။ ဧရာဝတီပေါ်ဆန်းမှာ ယခင်ကဈေးကွက်တစ်ခု ရရှိခဲ့သော်လည်း အရည်အသွေးကျဆင်း၍ ဈေးကွက်ပျောက်လာပြီးဖြစ်၍ ရွှေဘိုပေါ်ဆန်းကဲ့သို့ မိမိတို့တိုင်းဒေသကြီးအတွင်းမှ ရေကြည်ပေါ်ဆန်းဖြစ်ပေါ်လာပြီး ဈေးကွက်အခိုင်အမာ ပြန်လည်ရရှိစေရန်အတွက် နွားရေတိုက်ကျေးရွာအုပ်စုတွင် တောင်သူ(၂၂၁)ဦးမှ စိုက်ဧက(၁၆၀၀) အား Contract Farming စနစ်ဖြင့် စိုက်ပျိုးသောကြောင့် တစ်နှစ်ထက်တစ်နှစ် အရည်အသွေးပိုမိုကောင်းမွန်၍ အထွက်တိုးစေရန် ဆောင်ရွက်လျက်ရှိပါသည်။ စံပြရိတ်ကွက်တွင်(၁)ဧကလျှင် စက်ကျအစို (၁၁၄.၃)တင်း ထွက်ရှိ၍ တင်း(၁၀၀)လျှင် (၁,၂၃၀,၀၀ဝိ/-)ကျပ် ရှိကြောင်းသိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ