သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘီးလင်းမြို့နယ် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show ) ပြုလုပ်ခြင်း

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ် တာဝန်ခံဦးမျိုးလွင်နှင့် ဝန်ထမ်းတို့သည် (၁၀.၁.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေး(Talk Show)တွင် မြို့နယ်တာဝန်ခံ ဦးမျိုးလွင်မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှု အကြောင်းအရာများ၊ စားသုံးသူတို့၏ အခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းမှ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်(၁၁)ချက်နှင့် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ဖော်ပြရမည့် အချက်အလက်များကိုလည်းကောင်း စားသုံးသူတို့မှ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်အခွင့်အလမ်းများနှင့် တင်ပြရမည့် အထောက်အထားများကိုလည်းကောင်း အများပြည်သူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မွန်ပြည်နယ်)

မုန့်တီဖတ်(မုန့်ဖတ်)လုပ်ငန်းများအား ရှောင်တခင် စစ်ဆေးပြုလုပ်ခြင်း

           ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းမှ ပူးပေါင်းအဖွဲ့ (FDA ၊ ကျန်းမာရေး ၊ ထွေ/အုပ်၊ စည်ပင် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့) ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်  (၁၄-၁-၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီ မှ (၁၂:၀၀)နာရီထိ စစ်တွေမြို့ပေါ်ရှိ   မုန့်တီဖတ်လုပ်ငန်းများသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။ကွင်းဆင်းစစ်ဆေးရာတွင် မုန့်တီဖတ်လုပ်ငန်း ဆောင်ရွက်ရာ၌ သန့်ရှင်းသန့်ရပ်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မုန့်ဖတ်ထုတ်လုပ်ပုံ အဆင့်ဆင့်အား မေးမြန်းခြင်း၊ သန့်ရှင်းမှုအားနည်းသော မုန့်ဖတ်လုပ်ငန်းရှင်များအား ကျန်းမာရေးနှင့် ညီညွတ်စွာဆောင်ရွက်မှုရှိစေရေး၊ စားသုံးသူကာကွယ်ရေး၊ ဘေးဥပါဒ်အန္တရာယ်မဖြစ်ပေါ်စေရေး၊ တာရှည်ခံဆေး (Formalin) သုံးစွဲမှုရှိ/မရှိ စစ်ဆေးရန်အတွက် ချက်ချင်းကားပေါ်ဓါတ်ခွဲစက် (Mobile Lab) ဖြင့် ဓါတ်ခွဲစစ်ဆေးမှုပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ရာ  (Formalin) အသုံးပြုထားခြင်းများမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။ မုန့်တီဖတ် (မုန့်ဖတ်)များမှာ အသင့်စားအစားအစာဖြစ်၍ သန့်ရှင်းမှုရှိစေရေး၊ မုန့်ဖတ်ထုတ်လုပ်မှု အဆင့်ဆင့်တွင်လည်း သန့်ရှင်းစွာထုတ်လုပ်စေရေးနှင့် မုန့်တီဖတ်(မုန့်ဖတ်) ထုတ်လုပ်ရာတွင် တာရှည်ခံဆေး (Formalin) လုံးဝသုံးစွဲမှု မပြုလုပ်စေရေး အသိပေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရခိုင်ပြည်နယ်

ကျိုက်မရောမြို့နယ် မြို့မဈေးနှင့် ရန်ကြီးအောင်ဈေး၌ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

      စားသုံးသူရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် (၁၁.၁.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီက ကျိုက်မရောမြို့နယ်ရှိ မြို့မဈေး၊ ရန်ကြီးအောင်ဈေးတို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရပါသည်။  ဈေးကွက် စစ်ဆေးဆောင်ရွက်မှုတွင် ကျိုက်မရောမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆံဆက်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ နှင့်ပူးပေါင်း၍ အဆိုပါဈေးတို့၌ ရောင်းချနေသော စားသောက်ကုန်စည်မုန့်များ၊ အလှကုန်ပစ္စည်းတို့အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ထုတ်ကုန်များအားရောင်းချမှုရှိ/မရှိ၊ ဘေးအန္တရာယ်မရှိသောကုန်စည်များရှိ/မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများအား သတ်မှတ်ချက်များနှင့်ဖော်ပြထားရှိမှုရှိ/မရှိ တို့အား စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြရန်လိုအပ်သောကုန်စည်တချို့အား လိုက်နာဆောင်ရွက်မှုရှိစေရန်၊ ကိုက်ညီသောကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် ကုန်စည်တို့အားသတိပေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ်

ကျိုက်မရောမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာ (Talk Show ) ပြုလုပ်

         မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၁၁.၁.၂၀၂၂ရက်နေ့ နံနက်(၉:၃၀)နာရီက ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းမှ “ကုန်အညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့်”(Talk Show) ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

         ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက“ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်”(Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်တိုးတိုးယဉ်နှင့် ကျိုက်မရောမြို့နယ်ရုံးတာဝန်ခံ ဦးအောင်ညီညီခန့်က စားသုံးသူများ၊ လုပ်ငန်းရှင်များသိရှိကြစေရန် “ကုန်အညွှန်းအမှတ်အသားသိကောင်းစရာ”၏ အကြောင်းအရာများအား ဆွေးနွေးပါသည်။ ၎င်းဆွေးနွေးချက်များမှာ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ခုနှစ် မတ်လ ၁၅ရက်တွင်ပြဌာန်းထားသော ဥပဒေအခန်း(၁၈)၊ ပုဒ်မ၄၁တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်မဖြစ်မနေ ထင်ရှားစွာဖော်ပြရမည့် လိုက်နာဆောင်ရွက်ရန် အဓိကအချက်များကိုလည်း အထူးသတိထားစေလိုကြောင်း၊ယင်းတို့မှာ ပုဒ်မ၄၁၊ ပုဒ်မခွဲ(ခ)ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွန်း၊ သုံးစွဲပုံနည်းလမ်းနှင့်ပုဒ်မ၄၁၊ ပုဒ်မခွဲ(ဆ)ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်တို့အားမည့်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ဖော်ပြခဲ့သည့် ပုဒ်မ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်တို့ဖြစ်ကြောင်းတို့အား ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။ အဆိုပါ “ကုန်အညွှန်းအမှတ်အသား အကြောင်းသိကောင်းစရာ” (Talk.Show) အစီအစဉ်အားကျိုက်မရောမြို့နယ်၊ ပြည်သူ့ စာကြည့်တိုက် Facebook page စာမျက်နှာတွင် ဝင်ရောက်ကြည့်ရူလေ့လာနိုင်ကြောင်းသိရှိရသည်။

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ်

စစ်ကိုင်းမြို့၊မြို့မဈေးရှိ စားသုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးမှဦးဆောင်၍ စစ်ကိုင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၂)ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ဇန်နဝါရီလ(၁၂)ရက်နေ့က စစ်ကိုင်းမြို့၊ မြို့မဈေးသို့ စားသုံးဆီရောင်းချသည့်ဆိုင် (၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က သစ္စာဆီဆိုင်၊ဓနသုခမြိုင်ဆီဆိုင်၊ မမော်ဆီဆိုင်၊ ကြွယ်ကြွယ်စိုးဆီဆိုင်နှင့် ကြယ်စင်ဆီဆိုင် ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေး ဝန်ကြီးဌာန၏ ၂၀၂၁ခုနှစ်၊ဒီဇင်ဘာလ၂၂ရက်စွဲဖြင့် ညွှန်ကြားချက်အမှတ်၁/၂၀၂၁၊ အပိုဒ် ၄ အရ စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူး ရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသောကုန်စည်၏ အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ (ဉပမာ-ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)၊ ကုန်စည်၏ အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာ့အလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး၊ ဤညွှန်ကြားချက်သည် စတင်ထုတ်ပြန်ပြီး ၆လပြည့်မြောက်ပြီးသည့် နေ့ရက်မှစတင် အာဏာသက်ရောက်မည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဤညွှန်ကြားချက်အပိုဒ်၄ကို လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဉပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ပြီး ညွှန်ကြားချက်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန( စစ်ကိုင်းတိုင်းဒေသကြီး)

မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ Talk Show ဆွေးနွေးပွဲဆောင်ရွက်ခြင်း

           မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူလူထုထံသို့ ကိုယ်တိုင်အရောက် အသိပညာဖြန့်ဝေရန် အခက်အခဲရှိနေချိန်တွင် Media မှတဆင့် အသိပညာပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်၌ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ(Talk Show) အားကျင်းပပြုလုပ်ခဲ့ရာ ဦးမျိုးထွန်း(ဦးစီးအရာရှိ)နှင့် အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စံပယ်(ဦးစီးအရာရှိ)တို့ တက်ရောက်ခဲ့ကြပါသည်။

          ဆွေးနွေးပွဲတွင် လက်ရှိဆောင်ရွက်နေသာ လုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပြဌာန်းမှုအခြေအနေ၊ ၂၀၁၄ ဥပဒေနှင့် နှိုင်းယှဉ်ပါက (၂၀၁၉)ဥပဒေ၏ အားသာချက်များ၊ စားသုံးသူကာကွယ်ရေးနယ်ပယ်များ၊ ပြည်သူများသိသင့်သည့် ဥပဒေပါ အရေးကြီးကဏ္ဍများ၊ အရေးယူနိုင်သည့် နည်းလမ်းများ၊ စားသုံးသူနစ်နာမှုများအား တိုင်ကြားနိုင်သည့် အခြေအနေများ၊ အထွေထွေကဏ္ဍများအား ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဆွေးနွေးရခြင်းအားဖြင့် စားသုံးသူပြည်သူလူထုအနေဖြင့် ရသင့်ရထိုက်သည့် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်လာပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း လိုက်နာရမည့် ဥပဒေများ၊ ကုန်စည်ထုတ်ပိုးရာတွင် လိုက်နာရမည့် ဥပဒေများကိုပါ သိရှိသဘောပေါက်လာနိုင်မည်ဖြစ်ပါသည်။ ယခုကဲ့သို့ Talk Show ပွဲများမှတဆင့် ပြည်သူများအနေဖြင့် အသိပညာနှင့်အခွင့်အရေးများကို ပိုမိုကျယ်ပြန့်စွာ သိရှိလေ့လာခွင့်ရရှိလာမည်ဖြစ်ပြီး၊ အနာဂါတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်း၊ ပတ်ဝန်းကျင်များတွင် နေထိုင်ခွင့်ရရှိစေရေးစသော အကျိုးကျေးဇူးများကို ခံစားလာရမည်ဖြစ်ကြောင်း ရေးသားတင်ပြပေးလိုက်ရပါသည်။

စားသုံးသူရေးရာဌာနခွဲ

မန္တလေးတိုင်းဒေသကြီး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ချည်မျှင်စက်ရုံ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

                   ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီတွင် Pullman Mandalay Mingalar Hotel မန္တလေးမြို့၌ ပြည်တွင်းချည်မျှင်ထုတ်လုပ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညွန့်အောင်နှင့် ချည်မျှင်စက်ရုံလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

               ဒုတိယဝန်ကြီးက ဆွေးနွေးရာတွင် သက်ဆိုင်ရာဌာနများနှင့် ဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ Exporters များ၊ စက်ရုံလုပ်ငန်းရှင်များ ပေါင်းစပ်၍ ဝါသီးနှံကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်ကြမ်းဝယ်ယူမှုရရှိစေရေး၊ ဝါဈေးနှုန်းမှန်ကန်စေရေးတို့အတွက် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုကြုံတွေ့နေရသော ပြဿနာများမှာ Supply Chain တစ်လျှောက်လုံးတွင် ပါဝင်သော Sectorများ တစ်ခုနှင့်တစ်ခု မတူညီသောကြောင့် ဖြစ်‌ပေါ်နေရသော ပြဿနာများဖြစ်ပြီး ချည်မျှင်ထုတ်လုပ်သူများအတွက် သာမက တောင်သူများအတွက်လည်း စဉ်းစားပေးရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ထပ်မံ၍ ဒုတိယဝန်ကြီးမှ ဝါများအားပြည်ပတင်ပို့ခွင့်ပေးရာတွင် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးခဲ့ကြောင်း၊ ပို့ကုန်ကုမ္ပဏီများမှာလည်း လိုင်စင်ရထားပြီးဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် တင်ပို့ရန်ကျန်ရှိနေသော ကုမ္ပဏီများဖြစ်ကြောင်း၊ မျှမျှတတဖြင့် ဝါထွက်ရှိမှုပမာဏပေါ်မူတည်၍ နယ်ပယ်အလိုက် ဈေးနှုန်းညှိ၍ ခွဲတမ်းများရရှိစေရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။

              ချည်မျှင်စက်ရုံလုပ်ငန်းရှင်များမှလည်း ဝါသီးနှံမှာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ထွက်ပေါ်ချိန် အကောင်းဆုံး ဖြစ်ကြောင်း၊ ဝါဂွမ်းကောင်းမှ ချည်ကောင်းမည်ဖြစ်ပြီး ချည်ကောင်းမှ ပိတ်စကောင်းကောင်း ရရှိမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ ၂၀၁၈ ခုနှစ် နောက်ပိုင်းမှစတင်၍ ဝါကုန်ကြမ်း ဝယ်ယူရရှိရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်လာခဲ့ပြီး ဈေးနှုန်းများမြှင့်တက်လာခဲ့ရာ ပြည်တွင်းချည်မျှင်စက်ရုံများအနေဖြင့် အကျိုးအမြတ်ရရှိမှု နည်းပါးခဲ့ကြောင်း ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် ဩဂုတ်၊ စက်တင်ဘာလများတွင် ဝါဂွမ်းတစ်ပိဿာလျှင် (၄၈၀၀ မှ ၅၀၀၀) ကျပ်အထိ ဈေးတက်လာခဲ့ပြီး လက်ရှိအချိန်တွင် (၆၀၀၀) ကျပ်အထိ ဈေးပေး၍ ဝယ်ယူနေရကြောင်း၊မိမိတို့ချည်မျှင်စက်ရုံများအနေဖြင့် ဝါကုန်ကြမ်းကို တရုတ်ဝယ်လက်များနှင့် ဈေးပြိုင်ဝယ်ယူနေချိန်တွင် ထွက်ရှိသော ကုန်ချောချည်ကိုလည်း အိန္ဒိယချည်မျှင်များနှင့် ဈေးပြိုင်ရောင်းချနေရသဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဂွမ်းဈေးသက်သာပါက ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျော့ချနိုင်ကြောင်း ဆွေးနွေးခဲ့ကြသည်။

              ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်ချိုက ဆွေးနွေးရာတွင် ဝါစေ့ဆီမှာလည်း ပြည်တွင်းတွင် တန်ချိန်သိန်းချီ၍ ထွက်ရှိသော်လည်း ဈေးကွက်မရှိကြောင်း၊ အကြော်ကြော်ရာတွင်သာ သုံးစွဲလေ့ရှိကြောင်း၊ ပြည်တွင်းထွက်ရှိသောဝါမှာ နိုင်ငံပိုင်စက်ရုံ (၂)ရုံ နှင့် ပုဂ္ဂလိစက်ရုံ (၄)ရုံ၏ သုံးစွဲနိုင်မှုထက်များနေကြောင်း၊ တင်ပို့သူများ အခွင့်အရေးရရှိစေ‌‌ရေးအတွက် စက်ရုံများ၏ ကုန်ကြမ်းလိုအပ်ချက်ကိုကြည့်၍ စက်ရုံများသို့ တင်သွင်းစေပြီးမှ လိုင်စင်ထုတ်ပေးသည့်စနစ်ကိုလည်း စဉ်းစားသင့်ကြောင်း၊ လိုင်စင်လျှောက်ထားမှုပေါ် မူတည်၍ စက်ရုံများကို တင်သွင်းစေလိုကြောင်း၊ Contract Farming စနစ်ကို ကျင့်သုံးသင့်ကြောင်း ဆွေးနွေးခဲ့သည်။

              ထို့နောက် ဆွေးနွေးပွဲတွင် တက်ရောက်လာကြသော သက်ဆိုင်ရာဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများမှ လိုင်စင်ထုတ်ပေးမှုအခြေအနေများ၊ သီးနှံ Grading ခွဲခြားမှုများ၊ ဝါစိုက်ပျိုးထွက်ရှိမှုအခြေအနေများ၊ ဈေးနှုန်းဈေးကွက်များ၊ ဝါ Supply Chain တစ်လျှောက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များ၊ အကြံပြုသုံးသပ်ချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ တွေ့ဆုံဆွေးနွေးပွဲကို နံနက် ၁၀ နာရီတွင် ရုတ်သိမ်းခဲ့ကြသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး

ဖျာပုံမြို့နယ်နောက်မီးကျေးရွာရှိရေလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ရေထွက်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်စေရေးကွင်းဆင်းဆောင်ရွက်

          ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွေးသိမ်း၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့်ဝန်ထမ်းများသည် ဖျာပုံမြို့နယ် နောက်မီးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ (၃)ရက်နေ့နံနက်(၁၀:၀၀)နာရီတွင် ရေထွက်ပစ္စည်းလုပ်ငန်းရှင်(၃၀)ဦးနှင့်တွေ့ဆုံ၍ ရေထွက်ပစ္စည်းများဖွံ့ဖြိုးတိုး တက်စေရေးဆွေးနွေးခဲ့ကြောင်းသိရသည်။

          အဆိုပါတွေ့ဆုံပွဲတွင် ခရိုင်ဦးစီးမှူးက ဖျာပုံခရိုင်ကို ရောက်ရှိလာသည်မှာ သုံးလခန့်သာရှိသော်လည်း နောက်မီးကျေးရွာသည် ရေလုပ်ငန်းရှင်များနေထိုင်သည့် ပင်လယ်ကမ်းခြေရွာဖြစ်ပြီး ရေထွက်ကုန်ပစ္စည်းများ ရှာဖွေထုတ်လုပ်ပေးနေသောဒေသဖြစ်သည့်ကို ကြားသိထားပါကြောင်း၊နောက်မီးကျေးရွာအဝင်တစ်လျှောက်တွင် ငါးခြောက်ဆင်များ၊ ငါးပိကြိတ်စက်များ၊ ငါးဖမ်းရေယာဉ်များတွေ့ရပြီး ငါးပိ၊ ငါးခြောက်ရနံ့များကိုလည်း ယဉ်ပါးစွားခံစားရသဖြင့် အကြားနှင့်အမြင်ထပ်တူရှိပါကြောင်း၊ရေလုပ်ငန်းရှင်များ လက်ရှိလုပ်ငန်းလည်ပတ်နေမှုအခြေအနေနှင့် အခက်အခဲများ၊ အလုပ်သမားခန့်ထားမှုအခြေအနေများ Covid-19 Fund ချေးငွေရရှိထားမှုအား အသုံးပြုမှုအပေါ် အရှုံးအမြတ် အခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးကြပါသည်။

        ဆက်လက်၍ မြို့နယ်တာဝန်ခံက ဒေသထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်မှချေးငွေများထုတ်ပေးထားမှုအပေါ်  အခွင့်အရေးတစ်ရပ်အနေဖြင့်   အကျိုးရှိစွာအသုံးပြုစေချင်ပါကြောင်း ရေထွက်ပစ္စည်းများဖြစ်သည့် ငါး၊ ငါးခြောက်၊ ရေကျိုငါးပိ၊   မျှင်ငါးပိ၊ ပုစွန်ခြောက်နှင့် ငံပြာရည်များထွက်သည့်ဒေသဖြစ်၍ မိရိုးဖလားအတိုင်းသမရိုးကျမလုပ်ပဲ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်တွင်းသာမက   ပြည်ပဈေးကွက်သို့  ထိုးဖောက်နိုင်ရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ နည်းပညာအနေဖြင့်   သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ကုန်ထုတ်လုပ်ရာ အရည်အသွေးကောင်းမွန်းပြီး ထုပ်ပိုးမှုများကအစ   ဆန်းသစ်ပြီး  ဈေးကွက်ယှဉ်ပြိုင်နိုင်ရန်လုပ်ဆောင်ဖို့လိုကြောင်း၊ထုတ်လုပ်မှုတွင် သန့်ရှင်းသပ်ရပ်စွာ  ထုတ်လုပ်ရန်နှင့် ဈေးကွက်တင်ပို့ရာတွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကိုက်ညီစွာဖော်ပြရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း အကျယ်တဝင့်ပြောကြားပါသည်။

          ထိုနောက် တက်ရောက်လာသူလုပ်ငန်းရှင်များက သိလိုသည်များ မေးမြန်းမှုအပေါ်တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီးနောက် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များနှင့် လက်ကမ်းစာစောင်များအား ဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး

 

ဖျာပုံမြို့နယ်တွင်စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ

           ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၊တားမြစ်ထုတ်ကုန်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့်စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့ကို ရည်ရွယ်ကာ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အား၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ(၅)ရက်၊နေ့လည် (၁:၃၀)နာရီ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဒေါ်မာမာလွင် က Talk Show ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဈေးကွက်၌မည်သည့်ကုန်စည်များ စစ်ဆေးနေကြောင်းနှင့် ဥပဒေအရ ပြဌာန်းချက်များ မည်သို့ရှိကြောင်းဆွေးနွေး ပြောကြားရာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၆) စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအရ ပုဒ်မ(၁၅)၊ ပုဒ်မခွဲ(ခ)တွင် ကုန်အညွှန်းအမှတ်အသားတွင်ဖော်ပြရမည့် အချက်များပါဝင်မှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းဟု ပြဌာန်းထားသည့်အတွက် ဈေးကွက်အတွင်းရှိ ကုန်စည်များအား မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ စစ်ဆေးနေရခြင်းဖြစ်ပါကြောင်း၊ ကုန်စည်များစစ်ဆေးရာတွင် ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲမှုနည်းလမ်း၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့ကိုဖော်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းသို့တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်၊လိပ်စာ၊လုပ်ငန်းအမည်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းပြီးပြန် လည်ထုပ်ပိုးသည့်နေရာများထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်တွင်ပါဝင်သည့်ကုန်ကြမ်း ပစ္စည်းအမည်၊ ပမာဏနှင့်ပါဝင်မှုအချိုးအစား၊ဘေးထွက်ဆိုးကျိုးနှင့် ဓာတ်မတည်းကြောင်းဖော် ပြချက်၊ကြိုတင်ပြင်ဆင်သတိပေးချက်များ၊သက်ဆိုင်ရာအစိုးရဌာန၏ဖော်ပြရန် သတ်မှတ်ထားသည့် အချက်အလက်များထည့်သွင်းဖော်ရမည်ဖြစ်ကြောင်း၊ပုဒ်မ(၄၃)အရကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၆၇)၊ ပုဒ်မခွဲ(က)တွင် ပုဒ်မ(၄၁)အရ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့်အချက်အလက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှု၊ပုဒ်မ(၆၈)အရ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရာတွင်ပုဒ်မ(၄၃)ပါပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ကုန်သွယ်ခြင်းသို့မဟုတ်ရောင်းချခြင်း မပြုရရန်ပြဌာန်းထားပါကြောင်း၊  ပုဒ်မ(၇၃)အရ စီးပွားရေးလုပ်ငန်း မည်သူမဆို ပုဒ်မ(၆၇)နှင့် (၆၈)တို့ပါတားမြစ်ချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကျူးလွန်ကြောင်း၊ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၂၀၀) ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုပြဌာန်းထားပါကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်း‌‌‌‌‌‌‌ဒေသကြီး

 

ခေါက်ဆွဲစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇန်နဝါရီလ  ၆ ရက်နေ့က စစ်ကိုင်းမြို့၌ ခေါက်ဆွဲစက် ၂၆ စက်ရှိသည့်အနက် ပါရမီရပ်ကွက်ရှိ စိန်ကြည်ခေါက်ဆွဲစက်လုပ်ငန်းရှင်အား သွားရောက်တွေ့ဆုံခဲ့ပါသည်။

          ခေါက်ဆွဲလုပ်ငန်းကို ၁၉၉၀ ခုနှစ်က မတည်ရင်းနှီးငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် စတင်ခဲ့ကြောင်း၊  ယခု တစ်လလျှင် ကုန်ကြမ်း ဂျုံ ၃၀ ပိဿာဝင် အိတ် ၈၀၀ ကိုအသုံးပြု၍ ကုန်ချော ပိဿာ ၂၄၀၀၀ ခန့် ထွက်ရှိနေကြောင်း၊ လုပ်သားအင်အား ကျား ၂၀ ဦးနှင့် မ ၆၀ ဦး စုစုပေါင်း ၈၀ ဦးအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားနိုင်ကြောင်း၊ ကုန်ကြမ်းကို မန္တလေးမြို့မှ ဝယ်ယူပြီး ထွက်ရှိသည့် ကုန်ချော ဂျုံခေါက်ဆွဲများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းတောင်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ FDA လုပ်ငန်းလိုင်စင်ရပြီး ဖြစ်၍ ပြည်ပသို့ တင်ပို့ရောင်းချရန် မျှော်မှန်းထားကြောင်း၊ ခေါက်ဆွဲစက်များအနေဖြင့် ခေတ်မီ ထုပ်ပိုးနည်းစနစ်များနှင့် ခေတ်မီ စက်ကိရိယာများ၊ နည်းပညာများ ပိုမိုတိုးတက်လာပါက အရည်အသွေး အဆင့်အတန်းမြင့်မားသော နိုင်ငံတကာဈေးကွက်ဝင် ကုန်ချောများထုတ်လုပ်လာနိုင်မည်ဟု စိန်ကြည်ခေါက်ဆွဲစက်လုပ်ငန်းရှင် ဦးရန်ရီဆထံမှ သိရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ