သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပွင့်ဖြူမြို့ပေါ်ရှိ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှု ရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူးဒေါ်ဌေးဌေးဝင်းသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မိတ်ဖက်ဌာနများဖြစ်ကြသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးနှင့် ပူးပေါင်း၍(၈.၇.၂၀၂၂) နေ့နံနက် (၀၉:၃၀) အချိန်တွင် ပွင့်ဖြူမြို့၊ စည်ပင်သာယာဈေးနှင့်မြို့ပေါ်ရက်ကွက်အတွင်းရှိ ကုန်စုံဆိုင်များအား လူသုံးဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် စားသုံးရန်မသင့် တားမြစ်ထားသော အစားအစားနှင့် သုံးစွဲရန်မသင့်သည့် ဆေးဝါးများ ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိအားအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

          ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ ဈေးဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသားဆိုင်ရာ ပဌာန်းချက်များနှင့် ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ စားသုံးသူများ ဘေးကင်းလုံခြုံမှု့ရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နှစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့်စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူနို်သည့် အချက်အလက်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

 

         

မကွေးမြို့၊ အမှတ်(၅) စက်မှုသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်း

      မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးပါဝင်သော ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် အမှတ်(၅) စက်မှုသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ ဌာနဖြစ်ပေါ်လာပုံ အဆင့်ဆင့်နှင့် ဌာန၏ မျှော်မှန်းချက်/ ရည်မှန်းချက်များ၊ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ဦးစီးမှူးရုံး၏ စီမံခန့်ခွဲရေးပြစ်ဒဏ်များ ချမှတ်နိုင် သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဌာနခွဲ တာဝန်ခံဦးစီးမှူး ဒေါ်စန္ဒာစိုးလွင်မှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူ တိုင်ကြားမှုလက်ခံဖြေရှင်းရေးဆိုင်ရာ (CICC)ကိစ္စရပ်များနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း ရှင်းလင်းဆွေးနွေးခြင်း များ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဦးစီးမှူး ဒေါ်အေးအေးခိုင်မှ စားသုံးသူပြည်သူများ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အား Power Point များဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

        ဆက်လက်၍ အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးအပါအဝင် ဆရာ/မ(၁၁)ဦးနှင့် သင်တန်းသား/သူ (၁၃၄)ဦးတို့အား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပြီး တက်ရောက်လာသည့် သင်တန်းသူ/သားများမှ သိလိုသည်များ မေးမြန်းလာမှုအပေါ်  ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးနှင့်ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူခိုင်တို့မှ ပြန်လည်ဆွေးနွေးဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

ဗန်းမော်မြို့ စီဟဲကျေးရွာရှိ မနောသုခ စပါးမျိုး စမ်းသပ်စိုက်ပျိုးမှုအား ကွင်းဆင်းလေ့လာခြင်း

           ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၃.၇.၂၀၂၂ရက်နေ့ တွင် ဗန်းမော်မြို့၊ (၅)မိုင် စီဟဲကျေးရွာသို့ CP စိုက်ပျိုးရေးကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ သွားရောက်၍ ကျေးရွာရှိ တောင်သူတစ်ဦး၏လယ်(၅)ဧကတွင် မျိုး/သွင်းအားစု စိုက်ထုတ်ပေးပြီး ဧရာဝတီတိုင်းမှ မနောသုခစပါးမျိုး ကြဲ၊ ပက်စမ်းသပ်စိုက်ပျိုးထားသည့် (၁၀)ရက်သားစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် ဗန်းမော်ခရိုင်အတွင်းရှိ တောင်သူ လယ်သမားများအကျိုးအမြတ်ရရှိရန်ရည်ရွယ်၍ CP စိုက်ပျိုးရေးကုမ္ပဏီနှင့်တောင်သူများ အကျိုးတူ ပူးပေါင်းပြီး မနောသုခစပါးမျိုးအား ဧက(၂၀၀)ခန့် စမ်းသပ်စိုက်ပျိုးမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

DOCA(ကချင်)

ဟိုတယ်စီးပွားရေးလုပ်ငန်းရှင်အား အသိပညာပေးဆွေနွေးခြင်း

                  ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၃.၇.၂၀၂၂ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မလိခဟိုတယ်လုပ်ငန်းရှင်နှင့် တာဝန်ရှိသူများကိုတွေ့ဆုံပြီး ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          အသိပညာပေးဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့်စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ မှန်ကန်သောသတင်းအချက်အလက်နှင့်ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ အာမခံထားသောအချိန် ကာလအတွင်းပြီးမြှောက်အောင် ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှု တန်ဖိုးအတိုင်းပေးအပ်စေခြင်းတို့အား အာမခံပေးရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်မှ စားသုံးသူ အပေါ်အာမခံပေးထားသည့်ကာလအတိုင်း ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက်လျော်ကြေးပေးရန်၊ အာမခံထားသောအချိန်ကာလအတွင်း သဘောတူညီထားသောဝန်ဆောင်မှုကိုမရရှိခဲ့လျှင် စားသုံးသူ၏နစ်နာမှုအတွက် ကုစားခွင့်ပေးရန် အချက်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

အင်ကြင်းကုန်းကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

          ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၁၃.၇.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူ၏အခွင့်အရေးဖြစ်သော ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များပြည့်စုံ မှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းတို့နှင့်စားသုံးသူ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့်တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေး လုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ကလေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် စပါးစံပြစိုက်ကွက်စိုက်ပျိုးမည့်တောင်သူများသို့ မျိုးစေ့များနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

           ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးတိုးတက်စေရေးနှင့် တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ စိုက်ပျိုးရေး ဦးစီးဌာနတွင် ( ၁၃.၇.၂၀၂၂ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  စပါးတင်း (၁၀၀) နှင့်အထက် ထွက်ရှိရေး စံပြစိုက်ကွက်နှင့် မျိုးစေ့ထုတ်စံပြတောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းနားကို ကျင်းပခဲ့ကြောင်း သိရသည်။

           စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်ထွန်းဝင်းမှ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် သီးနှံများမျိုးကောင်းမျိုးသန့်များရရှိစေရန် မျိုးစေ့များ မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ရန်အတွက်၊ စိုက်ပျိုးရေး အလေ့ကျင့်ကောင်းများ ( GAP ) တိုးတက်အောင် ဆောင်ရွက်နိုင်စေရန်၊ စီးပွားရေး တွက်ချေကိုက်ပြီး ဈေးကွက်ဝင်သော သီးနှံများ ပိုမိုစိုက်ပျိုးလာနိုင်စေရန်နှင့် စိုက်ပျိုးရေးဦးစီးဌာအနေဖြင့် တောင်သူများ စိုက်ပျိုးရေးဗဟုသုတများ တိုးပွားစေရန်အတွက် ဆွေးနွေးပွဲများ၊ စိုက်ပျိုးရေးသင်တန်းများနှင့် လက်တွေ့ကွင်းဆင်း ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

             ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မာန်အွေမှ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်စေရန်၊ စိုက်ပျိုးမြေပြုပြင် သုံးစွဲနည်းများ၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ သဘာဝပိုးသတ်ဆေးရည် ပြုလုပ်သုံးစွဲ နည်းများနှင့် ဓာတုဗေဒဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများသုံးစွဲမှုလျော့ချနိုင်ရေး၊ သဘာဝမြေဩဇာများ သုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော လယ်ယာထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်ပြီး ရရှိလာမည့်ရလဒ်ကောင်းများကို အကျယ်တဝင့် ဆွေးနွေးပြီး တာဝန်ရှိသူများမှ တောင်သူများသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

         အဆိုပါအခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ စံပြစိုက်ကွက် စိုက်ပျိုးမည့်တောင်သူများနှင့် မျိုးစေ့ထုတ်တောင်သူ စုစုပေါင်း ( ၃၀ ) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)

ကသာမြို့ပေါ်ရှိ အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကသာမြို့ပေါ်ရှိ အလှကုန်ဆိုင်များသို့ ဇူလိုင်လ (၁၁)ရက်နေ့တွင် Mistine အလှကုန်များအား အတုအပ ပြုလုပ်၍ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

          Mistine အလှကုန်အား ထိုင်းနိုင်ငံရှိ Better Way ကုမ္ပဏီမှ ထုတ်လုပ်ပြီး Thiri Cosmetic မှ မြန်မာနိုင်ငံ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် FDA ထောက်ခံချက်၊ Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling ကပ်၍ ဖြန့်ဖြူးရောင်းချကြောင်း၊ ယခုအခါ ဈေးကွက်အတွင်း ရောင်ပြန် စတစ်ကာနှင့် မြန်မာစာ ကပ်နှိပ်ထားခြင်းမရှိသည့် Mistine အလှကုန်များအား တုပ၍ တရားမဝင် ရောင်းချမှုများရှိနေသည့်အတွက် ကသာမြို့ပေါ်ရှိ စတိုးဆိုင်နှင့် အလှကုန်ဆိုင်များတွင် အဆိုပါ ကုန်စည်များ ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Mistine အလှကုန်များအား တုပ၍ တရားမဝင်ရောင်းချမှု မရှိဘဲ Hologram (ရောင်ပြန်) စတစ်ကာ နှင့် မြန်မာစာ Labelling ကပ်ထားသည့်ကုန်စည်များသာ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

         

ကသာခရိုင်အတွင်း တန်ဖိုးမြှင့်စားသောက်ကုန်နည်းပညာပေး သင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

          ၂၀၂၂-ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့တွင် ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ကသာမြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကသာခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာပေးသင်တန်းသို့ သွားရောက်၍ သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ဒု-ခရိုင်ဦးစီးမှူးမှ သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါရှိသော စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများဖြစ်သည့် website၊ Mobile Application၊ Consumer call center တို့နှင့် ပတ်သက်၍  အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပါသည်။ ထို့အပြင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် ၂၀၂၂-ခုနှစ် ဇွန်လ(၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးညီလာခံတွင် အာဆီယံ ဒေသအတွင်း Online မှ စားသုံးသူတိုင်ကြားမှုစနစ် (ASEAN Regional Complaints Platform)ကို စတင်ဆောင်ရွက်နေကြောင်း၊ အဆိုပါ ပလက်ဖောင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အတွင်းမှ ဝယ်ယူသုံးစွဲမှုကြောင့် ဖြစ်ပွားရသည့် စားသုံးသူနစ်နာတိုင်ကြားမှုများကို တိုင်ကြားနိုင်ပြီး ဘာသာစကား အခက်အခဲအား ဖြေရှင်းနိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ Focal Point များ အချင်းချင်း ညှိနှိုင်းကူညီဖြေရှင်းသွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူဝယ်ယူခဲ့သည့် ဆိုင်/ကုမ္ပဏီ တည်ရှိရာနိုင်ငံများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအား သင်တန်းသား/သူ (၂၀)ဦးနှင့် နည်းပြ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း(၂၈)ဦး တက်ရောက်ခဲ့ကြပြီး ဒု-ခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

         

ကြံခင်းမြို့နယ် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၁.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဆုံလဲကျေးရွာအုပ်စု ခန်းမ၌ ဆီစက်လုပ်ငန်းရှင် (၄) ဦးအား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ သည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ စားသုံးသူ ကာကွယ်ရေးဥပဒေတွင်ပါရှိသော အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများအကြောင်း၊ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ် ရေးနည်းဥပဒေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းသိရှိလိုပါက www.doca.gov.mm Website တွင်ဝင်ရောက် လေ့လာနိုင်ကြောင်း  စသည် တို့ကို ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည် များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၁.၇.၂၀၂၂)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူ စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို  မြန်မာဘာသာဖြင့် (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖော်ပြထားသောကုန်စည်များကို ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များအရ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုး စုံဆိုင်(၄)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ
a