သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ တွံတေးမြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော သောက်ရေသန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော သောက်ရေသန့်များရောင်းချနေမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စက်တင်ဘာလ ၁၁ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် သက်ဆိုင်ရာဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာဈေးတာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ တွံတေးမြို့၊ ဗိုလ်ချုပ်လမ်း၊ အုန်းပင်စုရပ်ကွက်ရှိ သောက်ရေသန့်အမျိုးမျိုးရောင်းချလျက်ရှိသော ကုန်စုံဆိုင်၊ စတိုးဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ သောက်ရေသန့်များအား ဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုရှိသော၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိသော အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ခွင့်ပြုချက်ပါရှိသော သောက်ရေသန့်အမျိုးမျိုးကိုသာဝယ်ယူဖြန့်ဖြူးရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော သောက်ရေသန့်များအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ပါရန် ကုန်စုံဆိုင်၊ စတိုးဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်အတွင်းရှိ သောက်ရေသန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီများအား စာအုပ်စနစ်ဖြင့် ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံသည် (၁၂.၉.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် M Power Energy Co.ltd မှ မကွေးမြို့နယ် ပြည်သူများအတွက် စားအုန်းဆီများအား စာအုပ်စနစ်ဖြင့် ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    မကွေးမြို့နယ်အတွင်း M Power Energy Co.ltd ၏ ကိုယ်စားလှယ်မှ ခွဲတမ်းရရှိသော စားအုန်းဆီများအား ဆီဆိုင်(၄)ဆိုင်တို့ကို ရပ်ကွက်အလိုက်ခွဲ၍ ရောင်းချပေးခဲ့ရာတွင် စိုးဆီအရောင်းဆိုင်မှ အောင်မင်္ဂလာ၊ အောင်ဇေယျာ၊ ရန်မျိုးလုံ၊ ရန်ကင်း၊ ရန်မျိုးနိုင်၊ ရန်ပယ်နှင့် ရန်ဝေးရပ်ကွက်နေ ပြည်သူများအားလည်းကောင်း၊ စိုးဆီအရောင်းဆိုင်(၂)ဆိုင်မှ အောင်ရတနာရပ်ကွက်နေပြည်သူများအားလည်းကောင်း၊ ဖြိုးဆီအရောင်းဆိုင်မှ ကန်သာရပ်ကွက်နေ ပြည်သူ များအားလည်း‌ကောင်း၊ သန်းဝေယံဆီအရောင်းဆိုင်မှ ရွာသစ်ပွဲကြိုရပ်ကွက်နေပြည်သူများအားလည်းကောင်း အိမ်ထောင်စု တစ်စုလျှင် ဆီစာအုပ် (၁)အုပ် ပြုလုပ်ပေးထားပြီး တစ်ပတ်လျှင် ဆီစာအုပ်(၁)အုပ် စားအုန်းဆီ (၁)ပိဿာနှုန်းဖြင့် အပတ်စဉ် ထုတ်ပေးလျက်ရှိသော စားအုန်းဆီ လက်ကားရည်ညွှန်းစျေးနှုန်းများအတိုင်း စနစ်တကျဖြင့် အပတ်စဉ် တနင်္လာနေ့မှစနေနေ့အထိ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

သောက်ရေသန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

       လူအများသောက်သုံးသည့် သောက်ရေသန့်အမျိုးမျိုးတို့အား သောက်သုံးသည့် လူများဘေးအန္တရာယ်မရှိစေရန် (၁၁-၉-၂၀၂၄) ရက်နေ့၌ ဗဟန်းမြို့နယ် One Stop Mart နှင့် မရမ်းကုန်းမြို့နယ် g & g ဆိုင်များသို့သွားရောက်၍ DesignerOK TaxiDASANIMax ALPINE၊ စံပါဦး၊ g & g သောက်ရေသန့်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည်ကိုစစ်ဆေးတွေ့ရှိရပြီး ရောင်းချသောဆိုင်မှ ဝန်ထမ်းများအား စားသုံးသူသတင်းအချက်အလက်များ အပြည့်အဝပေးပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များအား အနောက်ပိုင်းခရိုင်ဝန်ထမ်းများက အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဒေသတွင်းရှိ MSMEs လုပ်ငန်းများအား ကွင်းဆင်းလေ့လာ

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၃.၉.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် မကွေးမြို့နယ်၊ နွားကူးကျေးရွာရှိ “ရွှေမိုးဦး” ပဲကြော်လုပ်ငန်းနှင့် အောင်မေတ္တာ(B)(၁၇)လမ်းရှိ “ရှမ်းကြီး” အားလူးကြော်လုပ်ငန်းများသို့ သွား‌ရောက်တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

     “ရွှေမိုးဦး” အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းတွင် လုပ်သား ကျား(၃)ဦး၊ မ (၁၄)ဦး၊ စုစုပေါင်း (၁၇)ဦး ရှိပြီး လုပ်သားခ (၁)ရက်လျှင် ကျား (၁)ဦး ကျပ်(၁၂၀၀၀)၊ မ(၁)ဦး ကျပ်(၉၀၀၀) ပေးချေရပြီး တစ်ရက်လျှင် ကုန်ကြမ်းပဲကြီး (၃၀)ပိဿာဝင် (၇)အိတ်ကျော်ကုန်ကျကြောင်း၊ ထွက်ရှိသော ကုန်ချောပဲကြော်များအား မကွေး၊ မင်းဘူးမြို့နယ်များသို့ ဖြန့်ချိရောင်းချလျက်ရှိကြောင်း သိရသည်။

     “ရှမ်းကြီး” အမှတ်တံဆိပ် အာလူးကြော်လုပ်ငန်းတွင် လုပ်သား ကျား(၂)ဦး၊ မ (၂)ဦးနှင့် မိသားစုလုပ်အားဖြင့် လုပ်ကိုင်နေပြီး လုပ်သားခ တစ်ရက်လျှင် ကျား(၁)ဦး ကျပ်(၉၀၀၀)နှင့် မ(၁)ဦး ကျပ်(၇၀၀၀) ပေးချေရပြီး တစ်ရက်လျှင် ကုန်ကြမ်းအာလူးကြော် (၆၀-၇၀)ပိဿာခန့် ကုန်ကျကြောင်း၊ ထွက်ရှိသော ကုန်ချောအာလူးကြော်များအား (၁)ထုပ်လျှင် ကျပ်(၇၀၀)၊ ကျပ်(၁၁၀၀)တို့ဖြင့် မ‌ကွေး၊ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်မြို့များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး လုပ်ငန်းအတွက်အဓိကလိုအပ်သော လုပ်ငန်းသုံးဆီ (စားအုန်းဆီ)များအား စားသုံးသူရေးရာဦးစီးဌာနမှ ကူညီချိတ်ဆက် ဆောင်ရွက်ပေးမှုကြောင့် လုပ်ငန်းများ အစဉ်မပြတ် လုပ်ကိုင်နေရ၍ လုပ်ငန်းတွင် မှီခိုလုပ်ကိုင်နေရသော လုပ်သားများအတွက် စားဝတ်နေရေးပါ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်ရှိ အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဦးစားပေးကုန်စည်များသတ်မှတ်ကာ လစဉ်လျာထားချက်ပြည့်မီအောင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချနေသည့် အသင့်သောက် အချိုရည်အမျိုးမျိုးကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံတို့ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ပြည့်ပမှတင်သွင်သော ကုန်စည်များတွင်သာမက ပြည်တွင်းမှ ထုတ်လုပ်နေသော ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များ ဘေးအန္တရာယ်ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ကုန်စည်များရောင်းချနေခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာဆောင်ရွက်ရမည့်တာဝန်များကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် ကုန်ပစ္စည်းများ လာရောက်ပို့ဆောင်သူများကို ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဆောင်ရွက်ပေးရန်နှင့် ပြန်လည်ကူညီပြောကြားပေးရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ဌာန၏ဥပဒေနှင့် ညွန်ကြားချက်များပါရှိသော အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျောင်းနေအရွယ်ကလေးများ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကျောင်းမုန့်ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် (၁၇--၂၀၂၄)ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုရှင်းလင်းဆွေးနွေးခြင်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေး စားသုံးသူကလေးသူငယ်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းကို ကျွန်းလှမြို့နယ်အတွင်းရှိ ကျောင်းအင်းကျေးရွာ အ..က စာသင်ကျောင်းရှိ မုန့်ဈေးဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီကသတ်မှတ်ထားသည့် ဦးစားပေးဆောင်ရွက်ရမည့် ကုန်စည်(၁၀)မျိုးထဲမှ အသင့်စားမုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာစိစစ်ဖော်ပြထားခြင်းရှိ/မရှိ၊ သက်တမ်းလွန်ကုန်ပစ္စည်းများရောင်းချခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင် မိမိတို့ စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဋ္ဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများကိုမရောင်းချရန် စစ်ဆေးပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၉)ကုန်အညွှန်းအမှတ်အသားအသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)       

 

 

စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၇-၉-၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ ပေါင်မုန့်၊ ကိတ်မုန့်တွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း၊  စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535 သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများ၊ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှရောင်းချမည့် စားအုန်းဆီများ‌ရောက်ရှိ

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်‌နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ‌ဆက်ဟိန်းယာဉ်ရပ်နားစခန်းသို့  မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd   ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီ တစ်ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၈) ပေပါကို ယာဥ်မောင်း ဦးသန်းဌေး၊ ယာဥ်အမှတ် 6E-5304 /HINO အမျိုးအစား မော်တော်ယာဥ်ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးလွင် (ဦးစီးအရာရှိ)နှင့် တာဝန်ရှိသူ များက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ (၇၈) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရက်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှသတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကမ္ဘာ့အိုဇုန်းလွာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခြင်း

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက် (၀၉း၃၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့‌တော်ခန်းမတွင် ကျင်းပပြုလုပ်သော ကမ္ဘာ့အိုဇုန်းလွာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ တက်ရောက်ခဲ့ပါသည်။ 

    အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ အိုဇုန်းလွာ၏အဓိပ္ပာယ်နှင့်ရာသီဥတုပြောင်းလဲမှုတို့အကြား ဆက်နွယ်မှုများ၊ အိုဇုန်းလွာ၏ အကျိုးကျေးဇူးများ၊ ရေခဲသေတ္တာ၊ လေအေးပေးစက်များမှထုတ်လွှတ်သော ကလိုရင်းနှင့် ဘရိုမင်း စသည့် ဓာတုပစ္စည်းများ‌‌ကြောင့် အိုဇုန်းလွာပျက်စီးရခြင်းအကြောင်းအရင်းများအား ရှင်းလင်းပြောကြားခဲ့ပါ သည်။

   ဆက်လက်၍ ကမ္ဘာ့အိုဇုန်းလွာထိန်းသိမ်းရေးနေ့ စာစီစာကုံးနှင့်သရုပ်ဖော်ကာတွန်းပြိုင်ပွဲတွင် ဆုရရှိသော အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုကာ အခမ်းအနားအား နံနက်(၁၀း၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း‌ဒေသကြီး တိုင်းဦးစီးမှူးသည် ကော့သောင်းခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းနှင့် ဆန်စပါးလုပ်ငန်းရှင်များအသင်း နှင့်တွေ့ဆုံဆွေးနွေးခြင်း

      ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ(၁၆:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့နယ် ကုန်သည်ကြီးများအသင်း အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးစိုးဦး သည် ကော့သောင်းခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းနှင့် ဆန်စပါးလုပ်ငန်း ရှင်များအသင်းမှ အသင်းသူ/အသင်းသားများနှင့် တွေ့ဆုံဆွေးနွေးခြင်းပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

      တနင်္သာရီတိုင်းဒေသကြီး တိုင်းဦးစီးမှူးသည် ကော့သောင်းခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆန်စပါးလုပ်ငန်းရှင်များအသင်း တွေ့ဆုံဆွေးနွေးရာတွင် ဆန်နှင့်ဆီ အရေးကြီးသည့် အခြေခံစားသောက်ကုန်ဖြစ်သည့်အတွက် နိုင်ငံတော်မှ ချမှတ်သည့် မူဝါဒတွေ တပြေးညီ ဆောင်ရွက်ရန်၊ အခက် အခဲ့တွေ ဖြေရှင်းဆောင်ရွက်မှသာ ကျော်လွှားနိုင်မည့်ဖြစ်ကြောင်း၊ ပြည်တွင်းဒေသထွက်ကုန်တွေကိုလည်း ပြည်ပပို့ကုန်ဖြစ်အောင် မြှင့်တင်ဆောင်ရွက်ရန်၊ အတ္တနှင့်ပရ မျှအောင် စားသုံးသူလက်ထဲကိုရောက်အောင် ဆောင်ရွက်ရန်၊ မိမိဒေသက ဆန်လိုသည့်ဒေသဖြစ်သည့်အတွက် ရည်ညွှန်းစျေးအပေါ်ထိုက်သည့် စျေးနှုန်းဖြင့် ရောင်းချရန်၊ Win Win System ဖြစ်အောင်ဆောင်ရွက်ရန်၊ တိုင်းဒေသဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ အသင်းအဖွဲ့တွေ အားကောင်းလာဖို့အတွက် အသင်းအဖွဲ့အသစ်ပြန်လည်ဖွဲ့စည်းဆောင်ရွက်ရန်၊ ဆွေးနွေးပြောကြားခဲ့ပြီး၊ အသင်း(၂)သင်း၏ ဥက္ကဌများမှလည်း အသီးသီးအပြန်အလှန်ဆွေးနွေးကြပြီး တွေ့ ဆုံပွဲ အခမ်းအနားကို ညနေ (၁၇:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ