သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့ မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင်  ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊  စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်စံချိန်စံညွှန်းပြည်မီရေး၊ အချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ/ချောဆီများာ တင်သွင်းရောင်းချခြင်းမပြုရန်၊  ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသောရည်ညွှန်းဈေးများအတိုင်း ရောင်းချရန်၊ ရည်ညွှန်းဈေးထက်ပိုမို၍ ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ လုပ်ထုံး လုပ်နည်းဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခြင်း

           ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း(ဦးစီးအရာရှိ)သည် (၂၅-၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၂:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show အစီအစဉ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန စစ်တွေခရိုင်ဦးစီးမှူး(ယာယီ) ဦးမြင့်စိုး(ဦးစီးအရာရှိ) က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး စစ်တွေခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း မှ စားသုံးသူရေးရာဦးစီးဌာန၏ အသစ်ထပ်မံပြောင်းလဲခဲ့သည့် ဆောင်ပုဒ်၊ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဦးစွာရှင်းလင်း ပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ စားသုံးသူအခွင့်အရေး (၈) ချက်၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်များ၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့်အခါ အဓိကထားပြီး စစ်ဆေးသည့် ထုတ်ကုန်များ၊ စီမံခန့်ခွဲမှုအရအရေးယူဆောင်ရွက်သည့်အခြအနေများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

 

(၁၀)ကြိမ်မြောက် Thursday Talk အခမ်းအနားကျင်းပခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ Thursday Talk (ကြာသပတေးနေ့စကားဝိုင်း) အခမ်းအနားအား (၈.၉.၂၀၂၂)ရက်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ (၂၆.၁.၂၀၂၃)ရက်နေ့၊ (၁၃:၀၀)နာရီတွင် (၁၀)ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

          ယခုကျင်းပသည့် (၁၀)ကြိမ်မြောက် Thursday Talk (ကြာသပတေးနေ့စကားဝိုင်း) အခမ်းအနားတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးရွှေဖြူမှ ကြီးမှူးကျင်းပ၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲမှ ဌာနခွဲကိုယ်စားအနေဖြင့် ဒေါ်ဇင်မာစိုး၊ ဒုတိယဦးစီးမှူး က “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကုန်ဈေးနှုန်းစာရင်းများ ကောက်ခံနေမှု အခြေအနေ” ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးခဲ့ရာ လုပ်ငန်း၏ ရည်ရွယ်ချက်များ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဈေးနှုန်း သတင်းအချက်အလက်သိရှိရခြင်း၏ အကျိုးကျေးဇူးများ၊ ဈေးနှုန်းကောက်ခံသည့် အချိန်၊ နေ့ရက်၊ နည်းစနစ်များ၊ ဈေးနှုန်းကောက်ခံသည့် အမျိုးအစားနှင့်နေရာများ၊ ထုတ်ကုန်ဈေးနှုန်း တက်/ကျရခြင်း၏ အကြောင်းအရင်းများ၊ ဈေးနှုန်းမြှင့်တက်မှုကို သက်သာစေနိုင်သည့် နည်းလမ်းများ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ နေ့စဉ်/ အပတ်စဉ်/ လစဉ် ကုန်ဈေးနှုန်း/ ကုန်စည်ဝင်ရောက်မှုများအား အထက်ဌာနများသို့ တင်ပြမှုအခြေအနေများ၊ Commodity Price Database Software User Guide အသုံးပြုပုံနည်းစနစ်အဆင့်ဆင့်တို့အား ရှင်းလင်းဆွေးနွေးခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများမှ သိရှိလိုသည်များ မေးမြန်းကြ၍ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးရွှေဖြူမှလည်း ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ဝန်ထမ်းများဗဟုသုတတိုးပွားစေရန် သိသင့်သိထိုက် သော အချက်အလက်များအား အသေးစိတ်ထပ်မံရှင်းလင်းပြောကြားပေးခဲ့ပြီး အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည့် ဒေါ်ဇင်မာစိုး၊ ဒုတိယဦးစီးမှူးအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့၍ အခမ်းအနားအား (၁၄:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပြီး အဆိုပါ အခမ်းအနားတွင် အရာထမ်း/ အမှုထမ်း (၃၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ခေတ်မီသတင်းဆက်သွယ်ရေး နည်းပညာအသုံးပြု၍ ဆောင်ရွက်ခြင်း

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အမျိုးသားအကျိုးစီးပွား တိုးတက်မြင့်မားရေးအတွက် ထိရောက်သော ကုန်သွယ်ရေးမူဝါဒ(၆)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ (၁)ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ အားလုံးပါဝင်ခွင့်ရှိသော တီထွင် ဆန်းသစ်မှုရှိသည့် စဉ်ဆက်မပြတ် တိုးတက်မှု ရယူနိုင်စွမ်းရှိသည့် ကုန်သွယ်မှုစနစ်ဖြစ်စေရန်၊ (၂) ပို့ကုန်တိုးချဲ့မြှင့်တင်ရေး ဆောင်ရွက်နိုင်ရန်နှင့် ကုန်သွယ် မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေး  (၃) ဒေသတွင်း နိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့် ပူးပေါင်း၍ ကုန်သွယ်မှုတိုးချဲ့ရေး၊ (၄) ကုန်သွယ်မှုပတ်ဝန်းကျင်ကောင်းတိုးတက်ကောင်းမွန်ရန်နှင့် ပုဂ္ဂလိကကဏ္ဍ စွမ်းဆောင်ရည် မြှင့်တင်ရေး ဆောင်ရွက်ရန်၊ (၅)ပြည်တွင်း စားသုံးမှုနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော အရေးကြီးကုန်စည်များ ဖူလုံရေးအတွက် ကုန်သွယ်မှု ရှုထောင့်ဖြင့် ထိန်းညှိဆောင်ရွက်ရန်၊ (၆) နိုင်ငံတော် ၏ စီးပွားရေး၊ လူမှုရေးသိပ္ပံနှင့် ယဉ်ကျေးမှုကဏ္ဍ များကို ဖွံ့ဖြိုးတိုးတက်စေနိုင်သော တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို မြင့်မားတိုး တက်လာစေမည့် မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရန်စသည့် အချက်များကို ဒေသအသီးသီးတွင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

          ကုန်သွယ်မှုကဏ္ဍ၌ ပြည်တွင်းမှထွက်ရှိသည့် လယ်ယာထွက်ကုန်သီးနှံများအပါအဝင် အခြေခံစားသောက်ကုန်များ၊ ပြည်ပပို့ကုန်ပစ္စည်းစာရင်းများကို နေ့စဉ်ကောက်ခံ၍ စနစ်တကျ ထည့်သွင်းထားရှိပြီး   လိုအပ်သည့်အချိန်တွင် အလွယ်တကူရှာဖွေနိုင်ရန်နှင့် စာရင်းဇယား(Report) များ ထုတ်ယူနိုင်ရန်အတွက် ကုန်ဈေးနှုန်း အချက်အလက်များ ထိန်းသိမ်းခြင်းဆိုင်ရာ ဆော့ဖ်ဝဲ (Commodity Price Database Software)ကို စမ်းသပ်အသုံးပြုလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း လွန်ခဲ့သည့် (၄/၅)နှစ်ခန့်မှစ၍ Online Websiteများ၊ Facebook လူမှုကွန်ရက်၊ အင်တာနက်သုံးစွဲမှုများ များပြားလာပြီး လူထုအတွင်းကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ခဲ့ပါသည်။ Online Shopping လုပ်ငန်းများလည်း ကျယ်ပြန့်များပြားလာခဲ့ပါသည်။

         Mobile Banking နည်းပညာများလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာပါသည်။ နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီ၊ လက်ကားရောင်းချခွင့်ပြုခြင်း၊ စီးပွားရေးနှင့် သက်ဆိုင်သော ဌာန/ အဖွဲ့အစည်းများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ ဘဏ်ရုံးခွဲများနှင့် အခြားစီးပွားရေး လုပ်ငန်းအသီးသီးတို့တွင် စီးပွားရေးလုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန်၊ တိုးတက်မှုများ ရရှိနိုင်စေရန်အတွက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ကျောက်ဖြူ၊ ထားဝယ်၊ သီလဝါဟူ၍ ဇုန်(၃)ဇုန် တာဝန်ထား ဆောင်ရွက်လျက်ရှိပြီး တောင်သူလယ်သမားများ နည်းပညာ အပြည့်အဝရရှိစေရေး၊ သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာများ လွယ်ကူလျင်မြန်စွာ ပံ့ပိုးပေးနိုင်ရေးနှင့် လယ်ယာထုတ်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်းရရှိရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၊ ဆန်စပါးဝယ်ယူရေးကြီးကြပ်မှု လုပ်ငန်းအဖွဲ့၊ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ် အကြံပြု တင်ပြရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်များတွင် အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဖြင့် ကာလတို/ ကာလရှည်လုပ်ငန်း စီမံကိန်းများ၊ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ဒေသန္တရဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။

         ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ၊ လုပ်ငန်းစဉ်များနှင့်အညီစနစ်တကျထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထု၏လူမှုစီးပွားရေး ဘဝမြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီသည့်အခွင့်အလမ်းများ၊ နည်းလမ်းသစ်များကို ရှာဖွေဖော်ထုတ်နိုင်ရန်၊ လူမှုစီးပွားရေးကို အကျိုးပြုမည့် သတင်းအချက်အလက်နှင့် စီးပွားရေးအခြေအနေများကို Website များတွင် ဖော်ပြနိုင်ရန်၊ တစ်ရွာထုတ်ကုန်တစ်မျိုး ထွက်ကုန်များကိုလေ့လာပြုစု၍ ရှေ့အလားအလာကောင်း ရှိနိုင်သော စီးပွားရေးဆိုင်ရာအခြေအနေများ၊ အချက်အလက်များကို ပြည်သူများထံခေတ်မီ ဆက်သွယ်ရေး၊ နည်းပညာအသုံးပြု၍  သတင်းပေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့အကျိုးကို တစ်ထောင့်တစ်နေရာမှပါဝင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ရန်ကုန်)

 

စက်ဆီ/ချောဆီ အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊  ပန်းတနော်မြို့နယ်ရှိ စက်ဆီ/ချောဆီအရောင်းဆိုင်များတွင် စက်ဆီ၊ ချောဆီနှင့်ဆက်စပ်ရေနံထွက် ပစ္စည်းများ တင်သွင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်အတွင်း အတုအပ၊ တရားမဝင်ဖြန့်ဖြူးရောင်းချခြင်း၊ ကုန်အညွှန်းအမှတ်အသားပြည်စုံ စွာပါဝင်ခြင်း ရှိ/မရှိ ကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၄.၁.၂၀၂၃) နေ့ (၁၀:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ စက်ဆီ၊ ချောဆီအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့ပေါ်အတွင်း စက်ဆီ၊ချောဆီ အတုအပများပြုလုပ်၍ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း၊ ပြန်လည်ပြုပြင်ပြီး သုံးစွဲရန်မသင့်သော အရည်အသွေးညံ့သည့် စက်ဆီ၊ ချောဆီများကို တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပြုလုပ်ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်မသား ပြည်စုံစွာဖော်ပြခြင်းမရှိသောကုန်စည်များကိုလည်း ရောင်းချခြင်းမပြုရန် ဆွေးနွေးရှင်းလင်းပြီး ပန်းတနော်မြို့အတွင်းတွင် တရားမဝင်စက်ဆီ၊ချောဆီများ ရောင်းချခြင်းကို မတွေ့ရှိရဘဲ စက်ဆီ၊ချောဆီ ရောင်းချသော လုပ်ငန်းရှင်များအား တရားမဝင်စက်ဆီ၊ ချောဆီများနှင့် ဆင်တူယိုးမှား အတုအပများကို ရောင်းချခြင်းမပြုလုပ်ကြပါရန် အသိပညာပေး စိစစ်ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စီမံချက်များပြည့်မီကျော်လွန်အောင် ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)၊ ထူထောင်ရေးရပ်ကွက်ရှိ “သန့်စင်”ဆန်လှော်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်က  ဆန်လှော်မှုန့်ရောင်းချသည့်လုပ်ငန်းကို လုပ်ကိုင်လာခဲ့သည်မှာ (၃)နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ပုံမှန်ဝယ်ယူသည့် ဖောက်သည်များလည်း ရှိလာပြီဖြစ်၍ “သန့်စင်”အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလိုသောကြောင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များကိုလည်း သိရှိလိုကြောင်းဆွေးနွေးရာ  စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြ၍ ဌာန၏အတည်ပြုချက်ရယူကြရန်နှင့် ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို  အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးဆီများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြန့်ဖြူးသယ်ယူရောင်းချနိုင်ရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်

      21.1.၂၀၂3 ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသောဝန်ထမ်းများသည် ကြည့်မြင်တိုင်မြို့နယ်ရှိ စားသုံးဆီကန်များသို့သွားရောက်၍ ပြည့်ပမှတင်သွင်းလာသည့် စားသုံးဆီများအရည်အသွေးပြည့်မီရေး၊ ပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းဖြန့်ဖြူးမည့် စားသုံးဆီ ထည့်သွင်းသည့်ပေပါများပေါ်တွင် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်‌ရေး ကော်မတီမှ ခွင့်ပြုပေးထားသည့် သက်ဆိုင်ရာကုမ္ပဏီ၏ ကုန်အမှတ်တံဆိပ် (Logo)ပါ Cap Seal များ ချိတ်ပိတ်ထားခြင်း ရှိ/မရှိ ၊ သန့်စင်သော ပေပါ (Food Grade Clean Drum) များဖြင့်လည်းကောင်း၊ Food Grade Bowser Truck  ဖြင့်လည်း‌ကောင်း၊ ဆီလုပ်ငန်းရှင်များမှလည်း ဆီလာရောက်ထုတ်ယူရာတွင် သတ်မှတ်ထားသည့် အဝါရောင်ပေပါအသစ် (သို့မဟုတ်) သန့်စင်ဆေးကြောပြီး အဝါရောင်ပေပါများဖြင့် သယ်ယူ/ ထုတ်ယူခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

         

 

“စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ”ခေါင်းစဉ်ဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနသည်  စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများကို ပြည်သူအများ သိရှိနားလည်စေရန် ကဏ္ဍပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနှင့် ရှုထောင့်ပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
        ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့  (နေ့လယ် ၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးတာဝန်ထမ်းဆောင်နေသော ဦးစီးအရာရှိ ဒေါ်တိုးတိုးချွန်သည် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စားသုံးသူများအသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်းသိရပါသည်။
    မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်စိုးက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးချွန်က စားသုံးသူရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ်တ၀င့်ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြောင်းသိရပါသည်။ ထိုသို့ ရှင်းလင်းဆွေးနွေး‌ရာတွင် စားသုံးသူအဓိပ္ပါယ်နှင့်စားသုံးသူကာကွယ်ရေးအဓိပ္ပါယ်၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးဥပဒေရေးဆွဲပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအကြောင်း မိတ်ဆက်ပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေးများအကြောင်း၊ "ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက" ဆောင်ပုဒ်အတိုင်း ကုန်အညွှန်းအမှတ်အသားအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်များနှင့်ပတ်သက်၍ အာမခံမှုပေးထားသည့်အပေါ် စားသုံးသူများက တောင်းဆိုနိုင်သည့်အခွင့်အရေးများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များဘက်ကလည်း မိမိတို့ထုတ်ကုန်များကို လုံခြုံ စိတ်ချရမှုရှိစေရန် ဥပဒေပါအတိုင်း ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံအောင် ထုတ်လုပ်ကြရန်လိုအပ်ကြောင်း၊ စာသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်‌ပေါ်လာပါက စားသုံးသူများအနေဖြင့် သက်ဆိုင်ရာ ခရိုင်/ မြို့နယ်များရှိ စားသုံးသူရေးရာဦးစီးဌာန၏ (Consumer Information and Complaint Center) CICC စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ၌ လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သည့် ( www.doca.gov.mm ) (Complaint System) Mobile Application ဖြစ်သည့် Doca Myanmar Mobile app Consumer Call Center (1535) သို့ ဆက်သွယ်၍ တိုင်ကြားနိုင်ကြောင်းပြည်တွင်းကုန်သွယ်မှုဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး  စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်နေသည့် အခြားလုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုလည်း ပြည့်ပြည့်စုံစုံ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ သရက်ပြင်လုပ်ငန်းရှင်သူများကို (၂၃၊၁၊၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) အချိန်ခန့်က မအူပင်မြို့နယ် ရွာသစ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဌာနဆိုင်ရာများနှင့်အတူတွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခြင်းကို ဆောင်ရွက် ခဲ့ကြပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦး က ရွာသစ်ကျေးရွာတွင် သရက်ပြင်လုပ်ငန်းကို ထုတ်လုပ်ရောင်းချလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသောကြောင့် သရက်ပြင်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ကုန်စည်ကို ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေန်အတွက် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင်  စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အရ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ဖော်ပြပါရှိသော ကုန်စည်များကိုပြည်စုံစွာဖော်ပြရန်နှင့် ကုန်အညွှန်အမှတ်အသားမပြည့်စုံပါက စားသုံးသူလက်ဝယ်သို့ ရောင်းချခြင်းမပြုရန်၊  စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများအတွက် စားသုံးကာကွယ်ရေးဥပဒေ၏ တားမြစ်ချက်၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လုပ်ငန်းရှင် (၁၈)ဦးတက်ရောက်ခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလို၍ မေးမြန်းမှုများကို အကျယ်တဝင့် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့ လှေဆိပ် မူလတန်း ကျောင်းတွင် “စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိဖို့” အသိပညာပေးဟောပြော

          (၂၃.၁.၂၀၂၃) နေ့ (၁၀:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြူ လှေဆိပ် (၁၇)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိနိုင်ရေး မိတ်ဖက် ဌာန တို့နှင့်အတူ လူငယ်အသိပညာပေး ဟောပြော ပွဲပြုလုပ်ခဲ့ကြပါသည်။

        အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးက စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)ကိုရှင်းလင်းဟောပြောပြီး စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့်   အကျိုးစီးပွားကိုကာကွယ်ပေးခြင်း နှင့် စားသုံးသူနှင့် စီးပွားရေးလု်ပငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ် ဆောင်ရွက်ပေးသည့် မျှတမှု ရှိသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းကို ရှင်းလင်းပြီး စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်(၈)ချက်အကြောင်း၊စီးပွားရေးလုပ်ငန်းရှင်အဓိပ္ပာယ်၊လုပ်ငန်းရှင်တို့၏တာဝန်နှင့်လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည် (သို့မ ဟုတ်) ဝန်ဆောင်မှု၏ အဓိပ္ပာယ်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းများ ကို လည်းကောင်း၊ စားသုံးသူတို့သည် မိမိတို့အခွင့်အရေးကိုသိရှိ၍ ကုန်စည်ကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှု ရှိလာပါကလည်း စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်သည့်နည်းလမ်း များအကြောင်း နှင့် တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခြင်းအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်ဟောပြောပြီး ကျောင်းသူ၊ ကျောင်းသား ၊ ဆရာ/ဆရာမ (၁၃၆) ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ