သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ချမ်းသာသုခပဲမုန့်လုပ်ငန်းသို့ကွင်းဆင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ချမ်းသာသုခ ပဲမုန့်လုပ်ငန်းမှ ထုတ်လုပ်သောကုန်ပစ္စည်းများ ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ပါသည်။

        အဆိုပါချမ်းသာသုခအမည်ရှိ ပဲမုန့်လုပ်ငန်းမှထုတ်လုပ်သော မုန့်တွင်ပါဝင်ပစ္စည်းဖြစ်သည့် ဂျုံ၊ သကြား၊ ကုလားပဲခြမ်း၊ ရေသန့်၊ ဆား၊ ကြက်ဥ၊ ဟင်းရွက်ဆီများပါဝင်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် အထုပ်အရေအတွက် (၆၀မှ၁၀၀)အတွင်း ထုတ်လုပ်လျက်ရှိပါသည်။ မုန့်တစ်ထုပ်လျှင် (၅)ခု ပါရှိပြီး မုန့်တစ်ထုပ် (၅၀၀)ကျပ်နှုန်းဖြင့်ရောင်းချပြီး၊ လက္ကားဈေးနှုန်းအနေဖြင့် (၄၂၀)ကျပ်နှုန်း ရောင်းပေးပါသည်။ ထိုလုပ်ငန်းတွင် လုပ်သား(၁)ဦးသာရှိပြီး တစ်ဦးလျှင်တစ်နေ့(၄၀၀၀)ကျပ်နှုန်းပေးရပြီး တစ်နိုင်တစ်ပိုင် လုပ်ကိုင်သောလုပ်ငန်းဖြစ်ပြီး ဈေးကွက်အနေဖြင့် ဒေသတွင်းသာဖြန့်ဖြူးရောင်းချလျက်ရှိ ပါသည်။

        ထိုနောက်မြို့နယ်တာဝန်ခံက ထုတ်လုပ်သောကုန်ပစ္စည်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၄၁)၊ (၄၃)အရ ကုန်အညွှန်းဖော်ပြချက်များနှင့် မိမိတို့ထုတ်လုပ်သောကုန်စည်တွင် စားသုံးသူ စိတ်ကျေနပ်မှုရှိစေရေး၊ အလုပ်ရုံအတွင်းသန့်ရှင်းသက်ရပ်မှုရှိစေရေး၊ ဈေးနှုန်းဈေးကွက် အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်နိုင်ရေး သင်တန်းကျောင်းများသို့ အသိပညာပေး

          မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့ နေ့လယ် (၁၃:၀၀)အချိန်တွင် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းနှင့် နိုဝင်ဘာလ(၉) ရက်နေ့၊ နေလယ် (၁၅:၀၀) အချိန်တွင် ပခုက္ကူမြို့၊ သူနာပြု သင်တန်းကျောင်းများ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်မှ ဆွေးနွေးရာ၌ ဌာန၏သမိုင်းကြောင်းနှင့်  လုပ်ငန်း ဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံ သာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ(CICC) ဖွင့်လှစ်ထားရှိမှုအခြေအနေများအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှု များအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာ ကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) အား ဖွင့်လှစ်ထားကြောင်း တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ဆွေးနွေးရာတွင် စားသုံးသူများတွင် အခွင့်အရေးများရှိ၍ သိရှိရန်လိုအပ်ကြောင်း၊ အခွင့်အရေးကို ရယူနိုင်မှသာလျှင် နစ်နာဆုံးရှုံးမှုများမရှိဘဲ နောင်အနာဂတ်၌ ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူ၏ တာဝန်များလည်းရှိ၍ တိကျစွာလိုက်နာရန်လိုအပ်ကြောင်း၊ ကုန်စည်များဝယ်ယူ သုံးစွဲရာတွင် သတင်းအချက်အလက်များပြည့်စုံစွာ ရယူနိုင်မှသာလျှင်  ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ပြီး စိတ်ကျေနပ်မှုများရရှိစေလိုကြောင်း၊ အမှန်တကယ် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက မှန်ကန်ပြည့်စုံသော အထောက်အထားများနှင့်အတူ မိမိတို့ဌာနသို့ တိုင်ကြားစေခြင်းဖြင့် ကုစားခွင့်များရရှိမှာဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါသည်။

          ဒုတိယဦးစီးမှူး ဒေါ်တင်တင်မော်မှ ဆွေးနွေးရာတွင် စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူ၏သုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ အကြောင်းအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူများအနေဖြင့် ကုန်စည် နှင့်ဝန်ဆောင်မှုများအားဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ်တတ်ခြင်းဖြင့် လုံခြုံ စိတ်ချရမှုရှိပြီး ဘေးအန္တရာယ် ကင်းရှင်းမှာဖြစ်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည် များအား အသိတရား၊ သတိထား၍ ဝယ်ယူသုံးစွဲစေလိုကြောင်း၊ တချို့ကုန်စည်များတွင် ထုပ်ပိုးမှုသာလှပပြီး စားသုံးရန်မသင့် အစားအစာများကို သတိလက်လွတ် ဝယ်ယူသုံးစွဲမှုမပြုစေရန် နှင့် သေချာစွာစိစစ် ရွေးချယ်ပြီးမှသာ သုံးစွဲစေလိုကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ခြင်းနှင့်ပတ်သက်၍ တက်ရောက်လာသူများမှ မေးမြန်းလာမှုများအား ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေး ခဲ့ပါသည်။

DOCA(မကွေး)

ချောက်မြို့နယ်၌ အခြေခံလူတန်းစားများအား သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချ‌ပေး

            မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆန်တစ်ပြည်လျှင် ကျပ်(၁၅၀၀)  နှုန်းဖြင့် (၁၀.၁၁.၂၀၂၂) ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် ချောက်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ စျေးနှုန်းချိုသာစွာရောင်းချ‌ပေးခဲ့ကြောင်း သိရပါသည်။

            ထိုသို့ ရောင်းချပေးရာတွင် ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးလွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ကြီးကြပ်မှုဖြင့် (၂၄)ပြည်ပါ ဆန်အိတ်(၂၀၀)အား မြို့ပေါ်(၁၅)ရပ်ကွက်ရှိ ပြည်သူများ ဝယ်ယူရလွယ်ကူစေရန် သက်ဆိုင်ရာရပ်ကွက်အလိုက် ရက်ကွက်အုပ်ချုပ်ရေးမှူးများမှ တဆင့် ဆက်လျှက်ဖြန့်ဖြူးရောင်းချ‌ပေးလျှက်ရှိပြီး ဆန်တစ်ပြည် ကျပ်(၁၅၀၀)နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေးခဲ့ကြောင်းနှင့် ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ‌ချောက်မြို့နယ် တာဝန်ခံဒေါ်မြတ်မြတ်မိုးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကော့သောင်းမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

          တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်(၉:၃၀) အချိန်နှင့် နေ့လည်(၁၃:၃၀)အချိန်တို့ တွင် ကော့သောင်းမြို့ အ.လ.က(၃)ရွှေဟင်္သာကျောင်းနှင့် မူလွန် အောင်သုခကျောင်းတို့တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြသီတာ က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောခဲ့ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ အသိပညာပေးဟောပြောပွဲအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆေးဖက်ဝင်အပင်များအကြောင်း၊ ရာသီအလိုက်ဖြစ်တတ်သောရောဂါများအကြောင်းကို အကျယ်တဝင့် ပြောကြားခဲ့ပါသည်။ ထို့နောက် အ.လ.က(၃)ရွှေဟင်္သာကျောင်းနှင့် မူလွန်အောင်သုခ ကျောင်းမုန့်ဈေးတန်းများအား သက်တန်းလွန်စားသောက်ကုန်များနှင့် စားသုံးရန်မသင့်လျော်သော စားသောက်ကုန်များအား စစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စိုက်ပျိုးရေးဆေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၄.၁၁.၂၀၂၂ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာ၊ အမှတ်(၁)ရပ်ကွက်ရှိ (တော်ဝင်မျိူး)စိုက်ပျိုးရေးမျိုးစေ့နှင့် စိုက်ပျိုးရေးဆေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

        တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖော်ပြချက်မှ စီးပွားရေး လုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည် ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊  ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခြင်းကိုဖြစ်စေတစ်ဦးခြင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်းဆောင်ရွက် သူကို ဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့် စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များဖြစ်သည့် စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေး ရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ဘေးအန္တရာယ် ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ နမူနာပစ္စည်းတွင်ဖော်ပြထားသည့် အတိုင်း တူညီစွာပါရှိခြင်း၊ အာမခံချက်ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း သို့မဟုတ် လဲလှယ်နိုင်ခြင်း၊ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက်သို့မဟုတ်အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သောဖော်ပြချက်နှင့် ကိုက်ညီမှုရှိခြင်းစသည့် အချက်အလက်များ ပါဝင်ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက် မုန့်မျိုးစုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်နှင့်ဝန်ထမ်းများသည် (၁၂.၁၁.၂၀၂၂) ရက်နေ့နံနက်(၁၁:၀၀)နာရီက  အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိမရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးလေးလွင်မှ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောမုန့်များတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ၂၀၁၉ ပါဥပဒေပြဌာန်းချက်များမှ ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့)တစ်ခု ထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော    ဥပဒေညွှန်ကြားချက်များအား   လိုက်နာဆောင်ရွက်ကြရန်   ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားခြင်းရှိ/မရှိကိုလည်း ဌာနမှ ဈေးကွက်အတွင်း စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မအူပင်မြို့ နယ် ဆန်စက်ပိုင်ရှင်အသင်းနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေး ရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၁၂.၁၁.၂၀၂၂) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မအူပင်မြို့နယ် ဆန်စက်ပိုင်ရှင် အသင်းနှင့်တွေ့ဆုံပြီး ဆန်စပါးဈေးကွက်အခြေအနေကို လေ့လာဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

        အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးက  ဆန်စက်ပိုင်ရှင်အသင်း အတွင်းရေးမှူးနှင့်တွေ့ဆုံ၍ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် “ဖွံ့ဖြိုးကုန်သွယ်၊ နိုင်ငံကြွယ်” ဟူသောဆောင်ပုဒ် ကိုလက်ကိုင်ထား ဆောင်ရွက် လျှက်ရှိရာ မိမိတို့မြို့နယ်တွင်း အားလုံးအကျိုးတူခံစားရသော ကုန်သွယ်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းကာ ဆောင်ရွက်လျှက်ရှိကြောင်း၊ အသင်းအဖွဲ့များ၊ အစုအဖွဲ့များ အားကောင်း ရှင်သန်ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ပါကြောင်းဆွေးနွေးပြီးနောက် မအူပင်မြို့နယ် ဆန်စပါး၊ ဈေးကွက်အခြေအနေများ၊ ကြိတ်ခွဲထုတ်လုပ်တင်ပို့မှုအခြေအနေများ ဆန်စက် ပိုင်ရှင်အသင်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို အပြန်အလှန် အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် စပါးကျီ ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၂.၁၁.၂၂) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် စပါးကျီဆန်စက်သို့ ကွင်းဆင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေးဆောင်ရွက် ထားနိုင်ရေးတို့အပြင်၊ ညောင်တုန်းမြို့နယ်၏ ဆန်၊စပါး ဈေးကွက်အခြေအနေ၊ ကောက်စောစပါးများ ရိတ်သိမ်းထွက်ရှိမှု အခြေအနေများ၊ ရန်ကုန်သို့ ဆန်တင်ပို့နိုင်မှု အခြေအနေများနှင့် ဆန်စပါးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများကို အကျယ်တဝင့် ဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် သီဟဆန်စက်သို့သွားရောက်၍ လုပ်ငန်းရှင် တွေ့ဆုံဆွေးနွေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တာဝန်ခံ ဦးတင်ကိုသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် မြို့နယ် စိုက်ပျိုးရေးနှင့် ပူးပေါင်းကာ(၁၁.၁၁.၂၀၂၂)ရက်နေ့တွင် သီဟဆန်စက်သို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          ဆွေးနွေးပြောကြားရာတွင် SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ စားသုံးသူ ကာကွယ်ရေးနှင့် ပတ်သက်သော နည်းဥပဒေများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့ကို အသိ ပညာပေးဆွေးနွေးခဲ့ပြီး ထုတ်လုပ်နိုင်မှု အခြေအနေတို့အား ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ်တာဝန်ခံသည် ဘက်ရဲလမ်း၊ အောင်ဓမ္မသိဒ္ဓိဓမ္မာရုံ၌ (၁၁.၁၁.၂၀၂၂) ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူပြည်သူ (၄၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ စားသုံးသူများ သည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ ရောင်းချနေသောကုန်စည်နှင့် ဝန်ဆောင်မှုများတွင် အာမခံချက်ပေးနိုင်ခြင်းများ အကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ