သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့၊ အ.ထ.က (၁၃) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ကျောင်းကျန်းမာရေးကော်မတီနှင့် ပူးပေါင်း၍ ၁၅.၁၁.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ အ.ထ.က (၁၃) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာမုန့်များမှာ သန့်ရှင်းလတ်ဆက်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိစစ်ဆေးခြင်း၊ သက်တမ်းလွန်စားသောက်ကုန်များနှင့် စားသောက်ရန်မသင့်သော စားသောက်ကုန်များရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြပါရှိသော စားသောက်ကုန်များသာ ရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များသာရောင်းချရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

စားသုံးသူများအတွက် ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ ကာကွယ်ရေးဥပဒေတစ်ရပ်ပြဌာန်းခဲ့သည်။ စားသုံးသူပြည်သူများ အသက်ရှည်စေ၊ ဘေးကင်းစေ လို၊ စားသောက်ကြမည့်စားသောက်ကုန်စည်များမှာ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် သိသာ ထင်ရှား အရွယ်အစား ကုန်အညွှန်းအမှတ်အသားကို တိတိကျကျ ဖော်ပြစေရန် စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်များလည်း တိုးတက်လာခဲ့ပါသည်။ စားသုံးသူ ရေးရာ ဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းများမှ ကုန်စည်များ ထုတ်လုပ်နေသော စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ စားသောက်သုံးစွဲကြမည့် ကုန်စည်များမှာ သိရှိစေသည့် ကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် စားသုံးသူ အသိပညာပေး ဗဟုသုတနည်းပညာနှင့် လမ်းညွှန်မှုတို့ဖြင့်လည်း ဆောင်ရွက်လျက်ရှိပါသည်။

     အကြောင်းမူကား စားသုံးသူအရေး ဒို့အရေးကဏ္ဍတစ်ခုသဖွယ် စားသုံးသူအခွင့်အရေး ဦးစားပေးရမှာဖြစ်ပါသည်။ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ် ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက် သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း၊ ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုပါ သည်။ ကုန်စည်ကိုဝယ်ယူစဉ်က စားသုံးသူအတွေးဆုံးဖြတ်ချက်၊ စားစဉ်မှာလည်း စားသုံးသူ အပြုမှန်ကန်မှု၊ ကျေနပ်ဖွယ်ရှိစဉ်ကလည်း စားသုံးသူ၏ အခွင့်အရေးလို့ သိမှတ်စရာဖြစ်ပါသည်။ စားသုံးသူက ကုန်စည်တစ်ခု၏ ကုန်အညွှန်းအမှတ်အသားကို သိမှတ်စရာလည်းအရေးကြီး လှပါသည်။ ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုပ်ပိုးမှု အပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့် ဖြစ်စေဖော်ပြထားသည့် ကုန်စည်နှင့်သက်ဆိုင်သည့်အချက်အလက် သို့မဟုတ် အမှတ်အသားကို ဆိုလိုခြင်းဖြစ်ပါသည်။ သို့အတွက် ကုန်စည်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းကို မဖြစ်မနေပြု လုပ်ရပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ မှာ- (က) ကုန်စည်၏တံဆိပ်အမှတ်အသား၊ (ခ) ကုန်စည်၏အမျိုးအမည်၊အရွယ်အစား၊  အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊  (မြန်မာ၂ဘာသာနှင့်ဖော်ပြရမည်)၊ (ဂ)ထုတ် လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထု်ပလုပ်မှု အမှတ်စဉ်၊ (ဃ)ပြည်တွင်းသို့ တင်သွင်းလာသည့်ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ (င)ထုတ်လုပ်သည့် နေရာ သို့မဟုတ် ပြည်ပမှ ကုန်စည်များတင်သွင်းပြီး ပြန်လည်ထုတ်ပိုးသည့်နေရာ၊ (စ)ကုန်စည်တွင်ပါဝင်သောကုန်ကြမ်း ပစ္စည်းအမျိုးအမည်များနှင့်ပစ္စည်းများ၏ ပမာဏပါဝင်မှုအချိုးအစား၊ (ဆ)ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မထည့်ကြောင်း ဖော်ပြချက်နှင့်ကြိုတင် သတိပေးချက် (မြန်မာဘာသာနှင့်ဖော်ပြရမည်)၊ (ဇ) သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထား သော အချက်အလက်များတို့ကို မည့်သည့်စီးပွားရေးလု်ငန်းရှင်မဆို ကုန်စည်တွင် ဖော်ပြရပါ သည်။ အထူးသတိပြုချက်တစ်ရပ်ပါ ကုန်အညွှန်းအမှတ်အသားဖောပြရာတွင် ပုဒ်မခွဲ(ခ)နှင့်(ဆ) အား မြန်မာဘာသာဖြင့်ဖြစ်စေ သို့မဟုတ် မြန်မာနှင့်အခြားဘာသာတစ်ခုခုဖြစ်စေ၊ တစ်ခုထက် ဖြစ်စေ တွဲလျက်ဖော်ပြရမည်ဖြစ်ပါသည်။

        ထိုသို့ ကုန်စည်ပေါ်၌ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှု စားသောက်ကုန်စည်ပေါ် သိသာထင်ရှားရသော ကုန်အညွှန်းအမှတ်သားသည် မှတ်လွယ် ကြည့်လွယ်မှ အရေးကြီးလှပါသော ကိုယ်စိတ်လုံခြုံမှုပေးသော သင်္ကေတအမှတ်အသားဖြစ်ပေမည်။ စားသုံးသူများအနေဖြင့် (ကုန်အညွှန်းအမှတ်အသားပြည့်စုံမှစိတ်ချယုံကြည်စားသုံးကြစို့) မှတ်ယူလိုက်ပါ။ ကုန်အညွှန်း အမှတ်အသားဖြင့်ဆက်စပ်၍ စားသုံးသူက သိရှိရမည့်အခွင့်အရေးလည်းရှိပါသည်။ ယင်းစားသုံးသူ အခွင့်အရေး(၈)ချက်မှာ-(၁)အခြေခံလိုအပ်ချက်များအပေါ်မှာ စိတ်ကျေနပ်မှုရရှိစေခြင်း၊ (၂)  ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ (၃)လိုအပ်သောသတင်းအချက်အလက်များပြည့်စုံ မှန်ကန် စွာသိရှိခွင့်နှင့်ပြေစာ၊ အထောက်အထားရယူခွင့်ရှိခြင်း၊ (၄)စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင် ခွင့်ရှိခြင်း၊ (၅)နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်ခြင်း၊ (၆)နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ကုစားခွင့်ရရှိခြင်း၊ (၇)အသိပညာဗဟုသုတများ၊ အခွင့်အရေး များနှင့်လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ (၈)ပစ္စုပွန်သာမကအနာဂတ် မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသောလူနေမှုအဆင့်အတန်းနှင့်ပတ်ဝန်းကျင် တွင်နေထိုင်နိုင်ခွင့်ရရှိစေခြင်းစသည့်အခွင့်အရေးများတို့ဖြစ်ပါသည်။

     ထို့နောက် နေထိုင်သည့်ပတ်ဝန်းကျင်တွင် အလွယ်တကူဝယ်ယူ၍ သုံးစွဲရသည့်ကုန်စည် များထဲမှ စားသုံးသူကိုယ်တိုင်လည်း စနစ်တကျ လိုက်နာရမည့် သုံးစွဲရမည့်ကုန်ပစ္စည်းများ ရှိပါသေးသည်။ ထိုအရာက ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးလာသည့် ကုန်စည်အမျိုးအစားခွဲခြား သိရှိရေး၊ ပြည်တွင်းထုတ်ကုန်နှင့်ပြည်ပထုတ်ကုန်များ၊ အလှကုန်များ၊ ရယ်ဒီမိတ်အစားအစာများ၊ စားသောက်ကုန်များ၊ ဆေးဝါးအတုများ၊ စပ်ဆေးများ၊ ဓါတုဗေဒဆိုးဆေးများ၊ တာရှည်ခံဆေးများ၊ ပိုးသတ်ဆေးများ ရောနှောထုပ်ပိုးသည့် ကုန်ပစ္စည်းများ၊ ဖော်ပြထားသည့်အချက်အလက်များ မပြည့်စုံသည့်ပစ္စည်းများ၊ စားသုံးသူများ ထင်ယောင်ထင်မှားဖြစ်စေမည့် ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲစသည့်တို့ကို အထူးသတိပြုမှ စားသုံးသူပြည်သူများမှာ ကုန်စည်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းခြင်းစေမှာ ဖြစ်ပါသည်။

        စားသုံးသူအတွက် ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေးစားသုံးသူကာကွယ်ရေးဆောင်ရွက် ရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းထဲမှ အမှတ်တရတစ်ခုပြောပြချင်ပါသေးသည်။ အဲဒါက ဈေးကွက်စစ်ဆေးခြင်းလုပ်ငန်းဖြစ်ပါသည်။ လုပ်ငန်းသဘောအရ မှတ်တမ်းဓါတ်ပုံ ရိုက်ရင်ပဲ တချို့စီးပွားရေးလုပ်ငန်းဆိုင်ပိုင်ရှင်တွေက စီးပွားရေးလုပ်နေတာကို နှောက်မယှက်ပါနဲ့ မဟုတ် တရုတ်မလုပ်ပါနဲ့ဆိုတဲ့စကားသံတွေ၊ မျက်နှာအမူအယာမလှ၊ ဆက်ဆံပုံမပြေပြစ် အထွေထွေ လည်းရှိခဲ့ဖူး ကြုံခဲ့ဖူးပါသည်။ ဆက်စပ်ဌာနဖြင့်လည်း ပူးပေါင်း၍ဈေးကွက်စောင့်ကြည့်ရတဲ့ တစ်ခုမှာပေါ့ ဆက်စပ်ဌာနတို့ဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီး ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အဖွဲ့စုံပါသည်။  ဈေးကွက် စောင့်ကြည့်ရာ မှာ အမှတ်တရတစ်ခုကတော့ ဈေးအတွင်းဆိုင်များစစ်ဆေးရာမှ ဆိုင်တစ်ဆိုင်မှာ ဒညှင်းသီး အိုးစိမ်ပြုလုပ်ပြီး ဗူးတွေနှင့်ထည့်ထားပြီး ရောင်းချနေတာ၊ ဗူးတွေက တစ်ဆိုင်လုံးအပြည့်ပါ၊ စားဆီပုံး ၅ ပိဿာဝင်ပုံးတွေနဲ့ ဗူးအရေအတွက် (၈၀)ပုံးလောက်ရှိပါသည်။

        ကုန်အညွှန်းအမှတ်အသားတော့မပါပေမယ့် စားသုံးသူများ တိုက်ရိုက်စားသောက်ရမည့် စားသောက်ကုန်တစ်ခုပါ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒညှင်းသီးအိုးစိမ်ပြု လုပ်ထားခြင်းမှ ဗူးတစ်ခုကို နမူနာယူဓါတ်ခွဲစစ်ဆေးတော့ တာရှည်ခံဆေးထည့်ထားသည်ကို တွေ့ရှိရပါသည်။ သို့ပေမယ့် သေချာတိကျအဖြေကို ထပ်မံလု်ပပေးမည့် ယင်းထဲမှ စိတ်ကြိုက်၁၀ပုံးထုတ်ပေးပါ၊ ပြန်စစ်လို့တွေ့ရင်တော့ အစားအသောက်ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက် မည်လို့သဘောတူရယူပြီး (၁၀)ပုံးလုံးကို အဖွဲ့စုံ၊ လူစုံအရှေ့မှာစစ်ဆေးသည်၊ စစ်ဆေးတော့လည်း တာရှည်ခံဆေးပါဝင်နေသည်ကို တွေ့ရှိရပါသည်။ ဆက်စပ်ဌာနအဖွဲ့ဝင်အားလုံး၏ ဆုံးဖြတ်ချက် ချမှတ်၍ သိမ်းဆည်းခြင်းနှင့် မြေမြှုပ်ခြင်း စီမံဆောင်ရွက်ခဲ့ကြပါသည်။

         သို့အတွက် စားသုံးသူများ ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ကင်းရှင်း စေရန် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများအကျိုးစီးပွားကာကွယ်ရေး၊ အသိပညာဗဟု သုတရရှိမှုကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။  စားသုံးသူကာကွယ်ရေး ဥပဒေ၏ရည်ရွယ်ချက်များမှ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရန်၊ စားသုံးသူ ကာကွယ်ရေးနှင့်စပ်လျည်း၍ တိကျမှန်ကန်ရှင်လင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေ အသိပေးခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မွန်)

 

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနသည်  စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများကို ပြည်သူ အများသိရှိနားလည်စေရန်ရည်ရွယ်ပြီး ဘက်ပေါင်းစုံဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။
        ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့  (နံနက် ၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မုံရွာမြို့နယ် တာဝန်ခံ ဒေါ်စန်းစန်းဝေသည် မုံရွာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မုံရွာမြို့ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စားသုံးသူများ အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။  မုံရွာမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုံရွာမြို့နယ်ဦးစီးမှူး ဒေါ်ယုယုဝင်းက စားသုံးသူကာကွယ်ရေးဆိုင်သိ ကောင်းစရာများ ကို မေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာ၀န်ခံ ဒေါ်စန်းစန်းဝေ က စားသုံးသူရေးရာဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သက်၍ အကျယ်တ၀င့် ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးရာတွင် စားသုံးသူ ကာကွယ်ရေးအဓိပ္ပါယ်နှင့် စားသုံးသူအဓိပ္ပါယ်၊ မြန်မာနိုင်ငံစား သုံးသူကာကွယ်ရေး ဥပဒေရေးဆွဲ ပြဌာန်းရသည့်ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့် အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျ မှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန် ၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး ၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေး နိုင်သည့် အရည်အသွေးမြင့် မားသော ကုန်စည် ၊ ဝန်ဆောင်မှုများ ဖော်ဆောင် ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအားသိရှိ လိုက်နာဆောင်ရွက်ရန်        စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေး (၈)ချက်နှင့် တာဝန်(၄)ချက်အား ရှင်းလင်းခြင်း ၊ စာသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်‌ပေါ် လာပါက စားသုံးသူများအနေဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်များ ရှိ စားသုံးသူရေးရာဦးစီးဌာနရဲ့ (Consumer Information and Complaint Center) CICC စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာမှာ လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့် သော်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန Website ဖြစ်တဲ့ ( www.doca.gov.mm ) (Complaint System)Mobile Application ဖြစ်သည့် (Doca Myanmar) app Consumer Call Center (1535)သို့ဆက်သွယ်၍သော်လည်း‌ကောင်း၊ ထို့အပြင် ACCP Website (ASEAN Cross-border Complaint)စသည့်တို့ကို ဆက်သွယ်ပြီးတိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကရင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးဆိုင်ရာ MSMEs လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးနှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပ

          ကရင်ပြည်နယ်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် နှင့် MSME လုပ်ငန်းရှင်များ၏ အခက်အခဲများကိုကူညီဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့က ကြီးမှူးပြီး ကရင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန နှင့် အခြားမိတ်ဘက်ဌာနများ ပူးပေါင်း၍ (၁၇-၁၁-၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ (၁၇:၀၀)နာရီထိ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ MSMEs လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာမှ အင်အား (၂၁)ဦး၊ ပုဂ္ဂလိက MSME လုပ်ငန်းရှင်များ အင်အား (၅၉)ဦး၊ စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး NEI မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ရည်မွန်ဆုက MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေ့အကျင့်ကောင်းများရရှိစေရေးမျှဝေပေးခြင်း၊မွန်ပြည်နယ် ကုန်စည်ဒိုင် အသင်းနှင့် ပဲနှမ်းအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးဦးက ကုန်စည်ဒိုင်များဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ SKY ASIA Co.,Ltd  မှ GM ဒေါ်မိုမိုချိုဝင်းက တောင်ကိုရီးယားနိုင်ငံ၏ SMEs လုပ်ငန်းများအကြောင်း ကိုလည်း ကောင်း၊ မြဝတီကုန်သွယ်ရေးဇုန်၊ညွှန်ကြားရေးမှူးဦးလန်းဆန်းဦးကနယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက် သောကိစ္စရပ်များအားလည်းကောင်း၊ ရိုးမဘဏ်မန်နေဂျာမှ SMEs ချေးငွေဆိုင်ရာနှင့် စပ်လျဉ်း၍ လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဆွေက စိုက်ပျိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများအား လည်းကောင်း၊ စက်မှုဇုန်ဒေသဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ကရင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်မှ စက်မှုဇုန်ဒေသဆိုင်ရာအချက်အလက်များအား လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူ လုပ်ငန်းရှင်များမှ သိလိုသည်များကို ဆွေးနွေးမေးမြန်းကြပြီး ဆွေးနွေးပွဲကို ညနေ (၁၇:၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 “အဆွေတော်” လ္ဘက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် နိုဝင်ဘာလ  ၁၅  ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်ရှိ “အဆွေတော်” လ္ဘက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်း အမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      “အဆွေ‌တော်” လ္ဘက်လုပ်ငန်းကို ယခင်ကမကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် လုပ်ငန်းလုပ်ကိုင်ကြပြီး ၂၀၀၄ ခုနှစ်မှစ၍ မုံရွာမြို့သို့ပြောင်းရွှေ့လုပ်ကိုင်ကြကြောင်း၊ ပခုက္ကူဈေးကွက်နှင့် မုံရွာ ဈေးကွက်နှိုင်းယှဉ်ကပါက မုံရွာတွင်ဈေးကွက်ကောင်း၍ အလုပ်အကိုင်ပိုဖြစ်ကြောင်း၊လ္ဘက်ကုန်ကြမ်းကို ရှမ်းပြည်နယ် တောင်ပိုင်းပင်းတယမြို့မှ(၃၀) ပိဿာ တစ်အိတ်လျှင် အနိမ့်ဈေး(၂၀၀၀၀)မှ အမြင့်ဆုံးဈေး (၆၀၀၀၀)ဖြင့်ဝယ်ယူရကြောင်း၊နှစ်ပြန်ကြော်အတွက် ပဲကြီးဆန်ကို မုံရွာမြို့ပေါ်ရှိ ပွဲရုံများမှ တစ်တင်းလျှင် (၈၀၀၀၀)ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ လ္ဘက်ကုန်ချောတစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀) ကျပ်၊ နှစ်ပြန်ကြော်တစ်ပိဿာလျှင် (၇၅၀၀-၈၀၀၀)ကျပ်ဖြင့် မြို့တွင်းဆိုင်များ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ဆယ်စင်း၊ ရွှေတွင်းလမ်းဆုံ၊ က‌လေးဝ၊ ကလေးမြို့များနှင့် အရာတော်၊ ရွှေဘိုမြို့များသို့ ဖြန့်ဖြူးရောင်းချကြောင်း ဆွေးနွေးသိရှိရပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို      (၁၅-၁၁-၂၀၂၂)ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊ လယ်သာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

         ပထမဦးစွာ ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သောဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးဝင်းသွင်၊ ရုံးအုပ်က စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ဆရာမ စုစုပေါင်း(၈၀)ခန့် တက်ရောက်ခဲ့ပြီး ဟောပြောပွဲကို နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ရုတ်သိမ်းကြောင်း သတင်းရရှိပါသည်။

DOCA(နေပြည်တော်)

မော်လမြိုင်မြို့၊ အ.ထ.က (၁၃) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

       မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၁၅.၁၁.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ အ.ထ.က (၁၃) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရပါသည်။

          အဆိုပါဟောပြောပွဲတွင် အ.ထ.က (၁၃) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီခိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခင်ကြည်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ကမာ္ဘ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များကို စားသုံးသူကသေချာစွာဖတ်ရှု့ပြီးမှ ရွေးချယ်ဝယ်ယူစားသောက် သင့်ကြောင်း၊ စားသုံးသူထိခိုက်နစ်နာမှုပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ Consumer Call Center သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း၊ သိလိုသည်များမေးမြန်းခြင်းကို ပြန်လည်ဖြေကြားခြင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၆၀) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မွန်)

ရွှေဘိုမြို့နယ်တွင် ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့စစ်ဆေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ ၏(၂/၂၀၂၂)ကြိမ် မြောက်အစည်းအဝေးဆုံးဖြတ်ချက်အရ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်စေရေး၊ အရည်အသွေးနှင့် အလေးချိန်၊ အချင်အတွယ်မှန်ကန်စေရေး၊ ဥပဒေညွှန်ကြားချက်များနှင့် ညီညွတ်မှုမရှိပါက အရေးယူနိုင်ရေးအတွက် သတ်မှတ်ခဲ့သည့် ဦးစားပေးဆောင်ရွက်သွားမည့် ကုန်စည်အမျိုးအစား(၇)မျိုးအား အဓိကထား၍ နိုဝင်ဘာလ(၁၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုမြို့နယ်တာဝန်ခံ ဦးသန့်ဇော်လင်းသည် ရွှေဘိုမြို့၊ အမှတ်(၈)ရပ်ကွက်၊ အောင်ချမ်းသာရပ်ရှိ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     အဆိုပါကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်ရှိ အချိုရည်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှုမရှိသော်လည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကိုသိရှိနိုင်စေရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုအပါ် တာဝန်ရှိမှုကို သိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဌာန၏အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်၊ ဥပဒေပါ စားသုံးသူကာကွယ်ရေး၊ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်နှင့် ဝန်ဆောင်မှုတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ၏အခွင့်အရေး နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အားမခံပေးထားမှုအပါ် စားသုံးသူကတောင်းဆိုနိုင် သည့်အခွင့်အရေးများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုကြောင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံမှုရှိပါက တိုင်ကြားနိုင်သည့်အကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရေဦးမြို့နယ်တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ နိုဝင်ဘာလ(၁၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ရေဦးမြို့နယ်တာဝန်ခံ ဦးတင်စိုးနိုင်သည် ရေဦးမြို့၊ ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       အဆိုပါကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်ရှိ ခေါက်ဆွဲခြောက်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိသော်လည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကိုသိရှိနိုင်စေရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုအပါ်တာဝန်ရှိမှုကို သိရှိနိုင်စေရန် ဌာန၏ဆောင်ပုဒ်၊ Vision၊ Mission နှင့် လုပ်ငန်းတာဝန် သတ်မှတ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်၊ ကုန်စည်ထုတ်လုပ်သူများအနေဖြင့် ကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်၍ ဌာန၏အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်၊ ဥပဒေပါ စားသုံးသူ၏အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အားမခံပေးထားမှုအပါ် စားသုံးသူကတောင်းဆို နိုင်သည့်အခွင့်အရေးများ၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို စုံစမ်းနိုင်ရန်ရည်ရွယ်၍ ဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ Consumer Call Centerနံပါတ် ၁၅၃၅သို့ ရုံးဖွင့်ရက်ရုံးချိန်အတွင်းမည်သည့် Operator Ph No. ကဖြစ်စေခေါ်ဆို၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့ရှိ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခွင့်ပြုပြီး သက်တမ်း(၂)နှစ်နှင့် အောက်ရှိသောကုမ္ပဏီများအား ကွင်းဆင်းစစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ပြုလုပ်ထားသော ကုမ္ပဏီများအနက် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခွင့်ပြုပြီး သက်တမ်း(၂)နှစ်နှင့် အောက်ရှိသော မြန်မာကုမ္ပဏီများအား မြေပြင်တွင် အမှန်တကယ်လုပ်ငန်း ဆောင်ရွက်မှုရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးတာဝန်ခံတို့သည် (၁၁/၂၀၂၂)လအတွင်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

       ရွှေဘိုခရိုင်တွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခွင့်ပြုပြီး သက်တမ်း(၂)နှစ်နှင့်အောက်ရှိသောကုမ္ပဏီ(၂)ခုရှိပြီး အဆိုပါကုမ္ပဏီများအား ကုမ္ပဏီရုံးခန်းလိပ်စာတွင် အမှန်တကယ်ဖွင့်လှစ်ထားခြင်း ရှိ/မရှိ၊ ဒါရိုက်တာအဖွဲ့ဝင်များသည် နေရပ်လိပ်စာတွင် အမှန်တကယ်နေထိုင်မှုရှိ/မရှိ၊ ဒါရိုက်တာများ ယခင်က ကုမ္ပဏီတည်ထောင်ခဲ့ခြင်းရှိ/မရှိ၊ ကုမ္ပဏီမှ လျှောက်ထားသည့်လုပ်ငန်းနှင့် လက်ရှိမြေပြင်တွင် ဆောင်ရွက်နေသည့်လုပ်ငန်း ကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိသည်ကို တွေ့ရှိရကြောင်း၊  ဆောင်ရွက်သည့်လုပ်ငန်း၏ ဆောင်ရွက်ပြီးစီးမှုပမာဏများနှင့် အခြားလိုအပ်သည့်အချက်များကိုလည်း စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ