သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ သုံးခွမြို့နယ်ရှမ်းစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ”

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်သည် ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သုံးခွမြို့နယ် ရှမ်းစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် စားသုံးသူရေးရာကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

        ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲတွင် မြို့နယ်ဒုတိယပညာရေးမှူး ဦးလှမျိုးထွန်းမှ အခွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပထမဦးစွာ မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်မှ သဘာဝဘေးအန္တရာယ်များအကြောင်း မြို့နယ်အားကစားမှူး ဦးခွမ်စွမ်းခိုင်မှ လူငယ်နှင့်အားကစားရေးရာများအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးမှ ဗလငါးတန်နှင့် ပြည့်စုံစေရန် သုတ၊ ရသ၊ စာပေများအား ဖတ်ရှု့လေ့လာရမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်မှ စားသုံးသူကာကွယ်ရေး အသိပညာပေးရာတွင် ဌာန၏ဆောင်ရွက်လုပ်ကိုင်နေရသော လုပ်ငန်းစဉ် များအကြောင်း၊ စားသုံးသူကာကွယ်ရေး မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ် ရေးအဓိပ္ပါယ်၊ စားသုံးသူအဓိပ္ပါယ်ဖွင့်ဆိုချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ ကုန်အညွှန်းအမှတ်ဖော်ပြခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသင့်ထုပ်ပိုးထားသော ကုန်စည်များတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ပါရှိရမည်ဖြစ်ကြောင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ကုန်စည်များအား ရွေးချယ်ဝယ်ယူတတ်သည့် အလေ့အကျင့်ကောင်းများ ဆောင်ရွက်ကြစေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ သိရှိနားလည်နိုင်စွမ်းရှိ/ မရှိ မေးခွန်းတစ်ချို့ မေးမြန်းခဲ့ရာ ကျောင်းသား/ ကျောင်းသူ(၃)ဦးမှ အဖြေမှန် ဖြေဆိုခဲ့ကြကြောင်း အဆိုပါ အဖြေမှန်ဖြေဆိုနိုင်သည့် ကျောင်းသား/ ကျောင်းသူ(၃)ဦးအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ဆရာမ(၂၀)ဦး နှင့် ကျောင်းသား/ကျောင်းသူ(၁၄၃)ဦး စုစုပေါင်း (၁၆၃)ဦး တက်ရောက်ခဲ့ကြကြောင်း အခမ်းအနားအပြီးတွင် ကျောင်းမုန့်ဈေးတန်းအား ဆက်လက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံမှ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    ၂၀.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံသည် ပြည်နယ်ဦး စီးမှူးရုံး၌ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ဆန်စပါးလုပ်ငန်းကိုလုပ်ကိုင်ပါက မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online- MyRo) တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း (၁ ရက်မှ ၇) ရက်အတွင်း ထည့်သွင်းရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံသက်တမ်းကုန် ဆုံးပါကလည်း သိုလှောင်ရုံသက်တမ်းတိုးခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

DOCA (မွန်)

ပြည်နယ်ဦးစီးမှူးရုံး၌ ဥပ‌ဒေပြန့်ပွားမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

       ၁၉.၈.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၌ ဥပဒေပြန့်ပွားမှုဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးရုံး၊ မော်လမြိုင်ခရိုင်မှ ဝန်ထမ်း များတက်ရောက်ခဲ့ပြီး ကျိုက်ထိုခရိုင်၊ သထုံခရိုင်၊ ရေးခရိုင်ရှိ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ အွန်လိုင်းဖြင့် တက်‌ရောက်ခဲ့သည်။ အဆိုပါ သင်တန်းအား ဩဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက် (၂) ရက်တိုင်တိုင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

          အဆိုပါ သင်တန်းပထမရက်တွင် ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ရှင်းလင်းခြင်း၊ ဦးစီးအရာရှိ ဦးစီးအရာရှိ ‌ဒေါ်မိုးမိုး က ဆိုင်ဘာလုံခြုံရေးဥပဒေအကြောင်း ရှင်းလင်းခြင်း၊ ဦးစီးအရာရှိ ဦးမင်းခိုင်စိုးက ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအား ဆွေးနွေး ခဲ့ကြသည်။ သင်တန်းဒုတိယရက်အား ဆက်လက်ဖွင့်လှစ်ခဲ့ရာ ဦးစီးအရာရှိ ဦးမျိုးလွင်က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အကြောင်း ရှင်းလင်းခြင်း၊ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကျော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအကြောင်း ရှင်းလင်းခြင်း၊ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က ယှဉ်ပြိုင်မှုဥပ‌ဒေ အကြောင်းရှင်းလင်းခဲ့ကြပြီး သင်တန်းသား (၄၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့၊ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း မုန့်စျေးတန်းအားကွင်းဆင်းစစ်‌ဆေး

      မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း ကျောင်းတွင်း (၁၅.၈.၂၀၂၅) ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ကျောင်းမုန့် စျေးတန်းရှိ မုန့်ဆိုင်များသို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းစေရေး ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ကျောင်းမုန့်စျေးတန်းတွင် ရောင်းချ နေသော မုန့်အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ တို့ကို အဓိကထားစစ်ဆေးခဲ့ပြီး အဆိုပါ မုန့်အမျိုးမျိုးတို့သည် စားသုံးသူများ ဘေးအန္တရာယ် ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပါသည်။ ထို့နောက် ကျောင်းမုန့် စျေးတန်းတွင် မုန့်မျိုးစုံရောင်းချသူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော မုန့်များကိုသာရောင်းချရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များကိုသာ ရောင်းချစေရန် အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်တွင် စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရန်ကုန်မြို့ Kaung Hlyan New Asia ကုမ္ပဏီနှင့် Myat A Kan ကုမ္ပဏီတို့သည် မြို့နယ်အတွက် တစ်ပတ်စာခွဲတမ်းရရှိသော စားအုန်းဆီ (၄၄) ပေပါအား ဘီးလင်းမြို့ လက်လီကိုယ်စားလှယ်များထံသို့ (၁၅.၈.၂၀၂၅) ရက်နေ့တွင် ပို့ဆောင် ရောက်ရှိခဲ့ပြီး (၁၆.၈.၂၀၂၅) ရက်နေ့မှစတင်၍ လက်လီကိုယ်စားလှယ်များမှ ဘီးလင်းမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများသို့ ခွဲဝေဖြန့်ဖြူးရောင်းချခဲ့ပါသည်။

          ထိုသို့ စားအုန်းဆီလက်လီကိုယ်စားလှယ်များမှ စားသုံးသူများအား ရောင်းချလျက်ရှိရာ တွင် (၁၇.၈.၂၀၂၅) ရက်နေ့၊ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ အခွန်လွတ်ဈေး၌ ရောင်းချနေမှုူအား ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ခွဲတမ်းရစားအုန်းဆီ များအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူများပွင့်လင်းမြင်သာမှုရှိစေရေး ရောင်းချ ရက်စွဲ၊ ပိဿာချိန်၊ ဈေးနှုန်းနှင့် ရောင်းချသူအမည်တို့ ဖော်ပြထားသော ဗီနိုင်းချိတ်ဆွဲ ရောင်းချ ခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ညောင်ကုန်း)တွင် လူငယ်စကားဝိုင်းကျင်းပ

     ကျောင်းသား၊ ကျောင်းသူ လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို (၁၉.၈.၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀)နာရီက မွန်ပြည်နယ်၊ မုဒုံမြို့ အခြေခံပညာအထက်တန်းကျောင်း (ညောင်ကုန်း)၌ ကျင်းပသည်။

      အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီအေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ညှိနှိုင်းရေးမှူး (Moderator)အဖြစ် ဆောင်ရွက်၍ (Grade-10)နှင့် (Grade-11) ကျောင်းသား/သူများက အမှိုက်မှရွှေသို့၊ လူငယ်များနှင့် Vape(ခေါ်) E စီးကရက်အန္တရာယ်၊ လူငယ်များနှင့် လူကုန်ကူးမှုအန္တရာယ်၊ စွမ်းဆောင်ရှင် လူငယ်များ ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

     ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေနွေးသည့် အကြောင်းအရာများအား မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး လူငယ်စကားဝိုင်း အစီအစဉ်အား ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းသို့ တက်ရောက်ခဲ့ကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်၊ စာအုပ်စာစောင်မျာအား လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရှိရသည်။

DOCA (မွန်)

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ဆန်၊ ဆီနှင့် ကြက်သားများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

           စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများအား (၁၈.၈.၂၀၂၅) ရက်နေ့တွင် ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ လမ်းညွှန်မှု ဖြင့် ဆန်၊ ဆီနှင့် ကြက် သားများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ ပေးခဲ့ပါသည်။

          ထိုသို့ရောင်းချရာ၌ ဆန်(၁)ပြည်လျှင်(၂၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆီ(၁)ပိဿာ လျှင် (၆၈၅၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်သား(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ရှိ အထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရေကြည်မြို့နယ်တာဝန်ခံသည် (၁၅.၈.၂၀၂၅)ရက်နေ့တွင် အ.ထ.က ကွင်းသုံးဆင့် ကျောင်း၌ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာ ပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

                    ထိုဟောပြောပွဲတွင် ကလေးသူငယ်များအား စားသုံးရန်မသင့်သည့် မုန့်အမျိုးမျိုးကို သိရှိအောင် ဟောပြောဆွေးနွေးခဲ့ပြီး သိသင့်သိထိုက်သော စားသုံးသူအခွင့်အရေး(၈)ချက်ကို ဦးတည်၍ စားသုံးသူများရထိုက်သည့် အခွင့်အရေးများ၊ ရွေးချယ်ဝယ်ယူနိုင်ခွင့်များနှင့် နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းအမျိုးမျိုးတို့ကိုလည်း ဟောပြော ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

 

“ ခရမ်းမြို့နယ်ရှိဆန်းသစ်ဆန်စက်သို့MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း ဆောင်ရွက် ”

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော စာရင်းအချက်အလက်များ ကောက်ခံရန် စားသုံးသူရေးရာ ဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပဲခူး-ခရမ်းကားလမ်းဘေး၊ အမှတ်(၇)ရပ် ကွက်ရှိ ဆန်းသစ် ဆန်စက်သို့ ဩဂုတ်(၂၁)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်ပိုင်ရှင် ဦးကျော်ဝင်းနှင့် တွေ့ဆုံ၍ ဆန်စက်၏ ထုတ်လုပ်နိုင်မှုစွမ်းအား၊ တစ်နှစ်ကြိတ်ခွဲထုတ်လုပ်မှု ဆန်တန်၊ တစ်နှစ်ကြိတ်ခွဲမှုစပါးတင်းများနှင့် စပါး(၁၀၀)ကြိတ်ခွဲပါက ထွက်ရှိမည့် ဆန်၊ ဆန်ကွဲစလတ်အိတ် အရေအတွက် စာရင်းများအား ကောက်ခံခဲ့ကြပြီး ဆန်စက် ကြိတ်ခွဲထုတ်လုပ်နေမှုများအား လေ့လာကြည့်ရှု့ခဲ့ကြပြီး ဆန်စက်ကြိတ်ခွဲထုတ်လုပ်နေမှုများအား လေ့လာကြည့်ရှု့ပြီး မြို့နယ်တာဝန်ခံက ဆန်တန်ချိန် (၂၅)တန်နှင့်အထက်၊ စပါးတင်း (၂၅၀၀)နှင့် အထက်သိုလှောင်ထားရှိပါက www.myro.com. Mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင် ဆောင်ရွက်ထားကြရန် အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မေတ္တာမွန် (ဆေးဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၂၁.၈.၂၀၂၅ ရက်နေ့ ၁၁:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ နမီးစုရပ်ကွက် ရှိ မေတ္တာမွန် (ဆေးဆိုင်) သို့ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီ ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ PARACETAMOL TAPLET အမှတ်တံဆိပ်ပါ ပါရာစီတမော (၅၀၀ မီလီဂရမ်) ဆေးပြားသည် ဆရာဝန်ညွှန်ကြားချက်မလိုသောအိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုးတို့တွင် ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်း ဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထား ရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး ဆေးဆိုင်ပိုင်ရှင်အား ဆေးပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ဆေးပစ္စည်းများကိုသာ ဝယ်ယူ ဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ