သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လားရှိုးမြို့ပေါ်ရှိဆန်အရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေး

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၁.၆.၂၀၂၄) ရက်နေ့၊ နံနက်(၁၀.၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဆန်ကုန်သည်အသင်းတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လားရှိုးမြို့ပေါ်ရှိ ဆန်ဆိုင်(၂) ဆိုင်အား ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/ လက်ကားရောင်းချလျက်ရှိသော ဆန်ဆိုင်ကြီးများ၏ ဆန်စီးဝင်/ ထွက်မှုအခြေအနေ၊ သိုလှောင်ရောင်းချမှုအခြေအနေ၊ ဈေးနှုန်း/ ဈေးကွက်ဖြစ်ပေါ်မှုနှင့် လက်ကျန်အခြေအနေများကို စစ်‌ဆေးခဲ့ကြောင်းသိရှိရပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ဆန်အပါအဝင်အခြေခံစားသောက် ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တောင်ကြီးမြို့ပေါ်ရှိဆန်ဆိုင်များ ဈေးနှုန်းမြှင့်တင့်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးမှူးဦးစီးဌာန၊ ပြည်နယ်ဆန်စပါးအသင်းတို့နှင့်ပူးပေါင်း၍ တောင်ကြီးမြို့ပေါ်ရှိဆန်ဆိုင်များ ဆန်ဈေးနှုန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ဆိုင်ပိုင်ရှင်များအား ဈေးကွက်အတွင်းဆန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ ဆန်များအား သိုလှောင်ပြီး ဈေးကစားမှုမပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွက် ထုတ်ပြန်ထားသော ဆန်တစ်အိတ်ဈေးနှုန်းများအနေဖြင့် ဧည်မထအုပ်စု ၇၀၀၀၀ ကျပ်မှ ၇၈၀၀၀ ကျပ်၊  အထူးဧမထည့်အုပ်စု 85000 ကျပ်မှ  90000 ကျပ်၊ ဧရာမင်း/ ဧရာပဒေသာ 95000 ကျပ်မှ 100000 ကျပ်၊ ဧရာဝတီပေါ်ဆန်း 110000 ကျပ်မှ 120000 ကျပ်၊ အခြားပေါ်ဆန်း 100000 ကျပ်မှ 110000 ကျပ်၊ ဧရာဝတီကားပျံ 120000 ကျပ်မှ 130000 ကျပ်၊ ရွှေဘိုပေါ်ဆန်း 135000 ကျပ်မှ 145000 ကျပ် ဖြစ်ပြီး သတ်မှတ်ထားသော ဈေးနှုန်းများထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအမြတ် ဖြင့်သာ ရောင်းချရန် ဆွေးနွေးပြောကြားပြီး ဆန်ဆိုင်များပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိ ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

DOCA(ရှမ်း)

တောင်ငူမြို့ပေါ် ဆန်စက်များရှိ သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေထွန်းဝင်း၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ထွန်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းလွင်၊ တောင်ငူမြို့ အမှတ်(၁) ရဲစခန်းမှ ဒုတိယရဲအုပ်ကျော်လင်းသူ၊ ပဲခူးတိုင်းဒေသကြီးဆန်စပါးဒေသ ကော်မတီ(၂) (တောင်ငူခရိုင်) ဥက္ကဋ္ဌ ဦးကျော်စိုးမိုးတို့နှင့်အတူ ဇွန်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့ပေါ် ဆန်စက်များရှိ သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် ဆန်စက်များ၌ ကြိတ်ခွဲထုတ်လုပ်ရောင်းချဖြန့်ဖြူးမှုအခြေအနေများ၊ သိုလှောင်ရုံအတွင်း၌ သိုလှောင်ထားရှိမှုနှင့် လက်ကျန်အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ စားသောက်ကုန်ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားရှိကြောင်း၊ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်သောကုန်စည်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန်တားမြစ်ထားကြောင်း၊ ထို့ကြောင့် စားသောက်ကုန်ဖြစ်သောဆန်ကို ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် ဆန်စက်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ဆန်စက်ပိုင်ရှင်များအား ဆန်စပါးသိုလှောင်ရုံများကို Online Registration စနစ်ဖြင့် Myanmar Rice Online (MyRo) – www.myro.com.mm တွင် မှတ်ပုံတင်ထားခြင်းမရှိသေးပါက မှတ်ပုံတင်ကြရန်ကိုလည်း အသိပညာပေးပြောကြားခဲ့ကြောင်း၊ တောင်ငူမြို့ပေါ်ရှိ လမင်းဆန်စက်၊ ရွှေအိုးဆန်စက်၊ အေးမေတ္တာဆန်စက်၊ ကောင်းပြည့်ဆန်စက်နှင့် မိဘမေတ္တာဆန်စက်များကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကော့သောင်းမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်စျေးတန်းများ ကွင်းဆင်းစစ်ဆေးခြင်း

     တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ နံနက် (၁၁း၀၀) အချိန်တွင် ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာ မူလွန် ကံပုံလားမား စာသင်ကျောင်း၌ စားသုံးသူအသိပညာပေးဟောပြောခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့် အခွင့်အ‌ရေး၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ‌‌‌‌ဟောပြောပို့ချခဲ့ပြီး စာသင်ကျောင်းရှိ ကျောင်းမုန့်စျေးတန်းများအား သက်တမ်းလွန်စားသောက်ကုန်များနှင့် စားသုံးရန်မသင့်သော စားသောက်ကုန်များအားစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များရောင်းချရန်နှင့် ဘေးအန္တာရာယ်ကင်းရှင်းသော စားသောက်ကုန်များရောင်းချရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မကွေးမြို့ရှိအခြေခံပညာမူလတန်းကျောင်းများတွင် အသိပညာပေးဆွေးနွေးပွဲကျင်းပ

     စားသုံးသူရေးရာဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးလတ်နှင့် မြို့ပြနေ ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အ‌ရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား သိရှိစေရန်၊ ကုန်အညွှန်း အမှတ်အသားဆိုင် သတ်မှတ်ချက်များအားသိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်နှင့် ကုန်စည်များအား ရွေးချယ် ဝယ်ယူတတ်စေရန် အသိပညာပေးဆွေးနွေးပွဲများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ် တာဝန်ခံ)နှင့် ဝန်ထမ်းများသည် (၂၀.၆.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်တွင် မကွေးမြို့ရှိ အခြေခံပညာမူလတန်းကျောင်း (ချမ်းမြေ့သာယာ)ရှိ ဆရာ၊ ဆရာမ (၁၂)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၄၁၀)ဦးအားလည်းကောင်း၊ (၂၁.၆.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အခြေခံပညာ မူလတန်းကျောင်း (အေးမြသာယာ)ရှိ ဆရာ၊ ဆရာမ (၁၀)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အခြေခံ ကျောင်းသား၊ ကျောင်းသူများ သိသင့်သည့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာ ပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စနစ်သစ်ဖြင့်ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့၊ နံနက် ၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတား ယာဉ်ရပ်နားစခန်းသို့ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ယာဉ်မောင်း ဦးဇော်ဇော်၊ ယာဉ် အမှတ် (9K/9082၊ Hino) မော်တော်ယာဉ်ဖြင့် တင်ဆောင်လာသော Kaung Hlyan New Asia ကုမ္ပဏီမှ (စနစ်သစ်)ဖြင့် တင်ပို့‌‌‌ရောင်းချသည့် စားအုန်းဆီ (၁)ပေပါလျှင် (၁၁၀) ပိဿာပါ၊ စားအုန်းဆီ (၅၅) ပေပါသည် ရောက်ရှိလာခဲ့သဖြင့် တိုင်းဦးစီမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပါသည်။ အဆိုပါစားအုန်းဆီ (၅၅) ပေပါအား ကုမ္ပဏီ၏ လက်ကား အရောင်းကိုယ်စား လှယ်မှ တစ်ဆင့် ထားဝယ်မြို့ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါ အဝင် လက်လီဆိုင်(၁၄)ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ခွဲဝေ‌ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

   ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းဖြင့်သာ ရောင်းချမှုရှိစေရေးအတွက် မြိတ်ခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၄) ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်မြို့ပေါ်ရှိဆန်အရောင်းဆိုင်များသို့ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။ ကွင်းဆင်းစစ်‌ဆေးခဲ့သော ဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည်လျှင်(၆၇၀၀)၊ ဖျာပုံဆန်တစ်ပြည်လျှင် (၆၀၅၀)ကျပ်၊ ပေါ်ကျွဲဆန် တစ်ပြည်လျှင် (၄၂၅၀)ကျပ်နှင့် စူပါဆန်တစ်ပြည်လျှင် (၃၇၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမရှိကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ကလေးအသုံးအဆောင်ပစ္ဏည်းအမျိုးမျိုးအ‌ရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

    ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ခရိုင်အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့ပေါ်ရှိ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုး အ‌ရောင်းဆိုင်များသို့သွားရောက်၍  အန္တရာယ်ဖြစ်စေနိုင်သော ကလေးအသုံးအဆောင်ပစ္စည်းများ စျေးကွက်တွင်ရောင်းချနေခြင်းရှိ/ မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစစ်နှင့်တူသော ကလေးကစားစရာသေနတ်အမျိုးမျိုးနှင့် ဆိုးဆေးပါဝင်သောကစားစရာများအားရောင်းချမှုမရှိစေရေးအဓိကထားစစ်ဆေးခဲ့ပြီး ပျက် စီးလွယ်ထိခိုက်လွယ်သော ကလေးအသုံးအဆောင်ပစ္စည်းများမရောင်းချစေရန်၊ စီးပွားရေးလုပ်ငန်း ရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ကုန်စည် များရောင်းချရန်မှာကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

သထုံမြို့နယ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများဆောင်ရွက်

      မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ၂၁-၆-၂၀၂၄ ရက်နေ့တွင် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးအရှေ့ရှိ လူနာစောင့်နားနေဆောင်၌ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

     ထိုသို့ဆောင်ရွက်ရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တာဝန်ရှိသူများသည် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော်ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ၊ သမားတော်များ၊ ခွဲစိပ်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်း ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများအသင်းနှင့် တာဝန်ရှိသူများပူးပေါင်းကာ သက်‌သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းတို့ကို ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကိုပံ့ပိုးပေးခဲ့ကြသည်။

     အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မွန်)

စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်နှင်ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

     ၂၁-၆-၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ “စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့်ပတ်သက်၍ အသိပညာပေး Talk Show” ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါဆွေးနွေးပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက "Talk Show" ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံကလည်း ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များ၊ တိုင်းကြားမှုအပေါ်  စိစစ်ဆောင်ရွက်ချက်များ၊ နစ်နာဆုံးရှုံးသည့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား စေ့စပ်ညှိနှိုင်းဆောင်ရွက်မှုများ၊ အရေးယူမှုအခြေအနေ၊ ဥပဒေအရ ချမှတ်သည့် အမိန့်တစ်ရပ်ရပ်အား ကျေနပ်မှုမရှိပါက အယူခံဝင်နိုင်သည့် အကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ