သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တပိုင်တနိုင်မှိုစိုက်ပျိုးထုတ်လုပ်ခြင်းမှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်ရေး သင်တန်းဖွင့်လှစ်

           မိုးတွင်းကာလတွင်အလေ့ကျပေါက်လေ့ရှိသည့် သဘာဝမှိုများကိုသာ ယခင်ကစားသုံးနေကြရပြီး အခန့်မသင့်ပါက မှိုဆိပ်တောက်၍ အကြောတက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်းတို့အပြင် သေဆုံးသည်အထိ အန္တရာယ်ရှိခဲ့ကြပါသည်။ အဆိပ်ရှိသည့်မှိုနှင့် စားသုံးသင့်သည့်မှိုများကို ခွဲခြား သိရှိနိုင်ရန် မလွယ်ကူသဖြင့် အဆိပ်ရှိမှိုများကိုစားသုံးမိခြင်းများ ကြုံတွေ့ခဲ့ရပါသည်။ ယခုအခါ စားသုံးသူများအတွက် ဘေးဥပါဒ်ကင်းလွတ်စေရန် စားသုံးသင့်သည့်မှိုများကို လေ့လာရွေးချယ်၍ စိုက်ပျိုးထုတ်လုပ်လာသောကြောင့် တစ်နှစ်ပတ်လုံး မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပြီး စားသုံးသူများ အတွက် အာဟာရပြည့်ဝကာ ဘေးအန္တရာယ်ကင်းရှင်းသည့်မှိုများကို အချိန်မရွေးစားသုံးလာနိုင်မည် ဖြစ်ပါသည်။ စိုက်ပျိုးမှိုသည် ဓာတုဆေးနှင့် ဓာတ်မြေဩဇာကင်းလွတ်သောကြောင့် ကျန်းမာရေး အတွက် လုံခြုံစိတ်ချရပါသည်။ မှိုများတွင် ချက်ပြုတ်စားသောက်ခြင်းအတွက်သာမက ကြွက် နားရွက်မှို၊ အပ်မှို၊ လင်ဇီးမှို၊ ရှီးပဒီးမှို စသည့်မှိုများကို ဆေးဘက်ဝင်သော မှိုများအဖြစ်သုံးစွဲနိုင် ပါသည်။ မှိုစိုက်ပျိုးထုတ်လုပ်ခြင်းသည် လယ်ယာကိုင်းကျွန်းနှင့် ဥယျာဉ်ခြံဘေးထွက်ပစ္စည်းများ၊ စက်မှုစွန့်ပစ်ပစ္စည်းများ စသည့်အမှိုက်များကို မှိုမွေးမြူစိုက်ပျိုးရေးတွင်ပြန်လည်အသုံးပြုနိုင်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ခြင်းကိုလည်း အထောက်အကူပြုနိုင်ပါသည်။ စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်မှု နည်းပညာ၊ မြေနေရာ ကျဉ်းကျဉ်းတွင် မှိုအမြောက်အမြား စိုက်ပျိုး ထုတ်လုပ်နိုင်သည့် နည်းပညာများကို တောင်သူများအကြား ပြန့်ပွားလာခြင်းကြောင့် တောင်သူများအတွက် တပိုင် တနိုင်စိုက်ပျိုးခြင်းမှ မိသားစုအပိုဝင်ငွေရရှိနိုင်စေခြင်း၊ ထိုမှတစ်ဆင့် စီးပွားဖြစ်လုပ်ငန်း တစ်ရပ်အဖြစ် တိုးတက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ကော်မတီဝင်အဖြစ်ပါဝင်သည့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး ကော်မတီက မှိုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်းကိုဖွင့်လှစ်ပေးရန်စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ပြည်တွင်း ဈေးကွက်အတွင်း တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြသည့် မှိုဈေးကွက်အတွက် မှိုစိုက်ပျိုးနည်းပညာ များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် မှိုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်းကို ၂ရက်ကြာသင်တန်းဖွင့်လှစ်ခဲ့ရာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် သင်တန်းဖွင့်ပွဲ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား (၆၀)ဦး တက်ရောက် ခဲ့ပါသည်။ သင်တန်းတွင် မှိုစိုက်ပျိုးထုတ်လုပ်နည်းအပြင် မှိုမျိုးသန့် မွေးမြူနည်း၊ မှိုတွင် ကျရောက်တတ်သည့် ရောဂါကာကွယ်နှိမ်နင်း နည်းများကို သင်တန်းပို့ချခဲ့ကြောင်း သိရပါသည်။ မှိုမျိုးထုပ်များကို တစ်ထုပ်လျှင် (၃၅၀)ကျပ်ဖြင့် မြို့နယ်စိုက်ပျိုးရေးရုံးများတွင် ဝယ်ယူရရှိနိုင် ကြောင်းသိရပါသည်။ တိုင်းဒေသကြီးအတွင်း မှိုမျိုးထုပ်များရောင်းချမှု ထွန်းကားလာပြီး ဒေသ၏ လူမှုစီးပွားကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မှာဖြစ်ပါသည်။ တပိုင်တနိုင် မှိုစိုက်ပျိုး ထုတ်လုပ်ခြင်းမှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူများဖြစ်အောင် အချိန်တိုအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                  

အ.မ.က(၂)စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၈.၈.၂၀၂၂ ရက်နေ့ (၁၄:၀၀)နာရီမှ (၁၄:၄၅)နာရီအချိန်ထိ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ အ.မ.က(၂) စာသင်ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါဟောပြောရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖော်ပြချက်များမှ စားသုံးသူဆိုသည်မှာ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည် ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအား အသင့်စား အစားအစာအမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကထားဖတ်ရှုရမည်ဖြစ်ကြောင်း နမူနာပစ္စည်းများဖြင့် ခင်းကျင်းပြသကာ အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် ဆရာ/ဆရာမများနှင့်အတူ ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသည့် အစားအစာများ ရောင်းချမှုရှိမရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ဆရာမ(၆)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၈၅)ဦး ၊ စုစုပေါင်း (၉၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ဆန်၊ပဲ၊ပြောင်း တန်ဖိုးမြှင့်ထုတ်ကုန် အဆင့်သတ်မှတ်နိုင်ရေး အစည်းအဝေးကျင်းပ

           ကချင်ပြည်နယ်တွင် စိုက်ပျိုးထွက်ရှိသည့် ဆန်၊ ပဲ၊ ပြောင်း လယ်ယာထွက်ကုန်ပစ္စည်းများ၏ Value Added အဆင့်သတ်မှတ်ခြင်း အစည်းအဝေးကို ၈.၈.၂၀၂၂ ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ် ဦးစီးမှူး၊ ကချင်ပြည်နယ် ဆန်၊စပါးလုပ်ငန်းရှင်အသင်းဥက္ကဌနှင့် တာဝန်ရှိသူများ၊ ကချင်ပြည်နယ် ပြောင်းလုပ်ငန်းရှင်အသင်းဥက္ကဌနှင့် အသင်းသူ၊ အသင်းသားများ တက်ရောက်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ဆန်၊စပါးလုပ်ငန်းရှင်အသင်းဥက္ကဌ ဦးချစ်လွင်မှ ကချင်ပြည်နယ်၌ ဆန် အား တန်ဖိုးမြှင့်ထုတ်ကုန်အနေဖြင့် ဆန်ခေါက်ဆွဲ၊ ရေစိမ်ခေါက်ဆွဲ၊ မုန့်တီ ခြောက်နှင့် ဆန်မှုန့်တို့ကို ထုတ်လုပ်လျက်ရှိပြီး Value Added အဖြစ် အဆင့်သတ်မှတ်နိုင်သည့် ထုတ်ကုန်များအနေဖြင့် အဆင့်မြင့် ဆန် ၁၀၀ ရာခိုင်နှုန်း (Emata Super-100%) နှင့် အဆင့်မြှင့် ဆန် ၅ ရာခိုင်နှုန်း (Emata Super-5%) ထုတ်လုပ်၍ တန်ဖိုးမြှင့် ဆန်တင်ပို့ရောင်းချရန် Value Added သတ်မှတ်သင့်ကြောင်း ဆွေးနွေးတင်ပြခဲ့ပြီး ကချင်ပြည်နယ် ပြောင်းလုပ်ငန်းရှင်အသင်းဥက္ကဌ ဦးထွန်းမြင့်အောင်ကြည်ဦးမှလည်း အစေ့ထုတ်ပြောင်းကို အခြောက်ခံစက်ဖြင့် သန့်စင်ပြီးနောက် အဆင့်-၁(Grade-1)၊ အဆင့်-၂ (Grade-2)၊ အဆင့်-၃ (Grade-3) အဆင့်သတ်မှတ်ခွဲခြားထုတ်လုပ်၍ အစေ့ထုတ်ပြောင်း အဆင့်-၁ (Special Quality)နှင့်အဆင့်-၂(FAQ)ကို တန်ဖိုးမြှင့်ထုတ်ကုန် အဆင့်သတ်မှတ်နိုင်ရေး တင်ပြဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူကာကွယ်ရေး ဟောပြောဆွေးနွေးပွဲ

        ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ နံနက် (၉:၀၀)တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ တိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်း‌ဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန တို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ‌ဒေါ်ဇူးဇူးဇင်နိုင်မှ စားသုံးသူ၏အခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ ၊ကုန်စည်နှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းရှင်များ  လိုက်နာရမည့် ကုန်ညွှန်းအမှတ်အသားအကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း အကျယ်တဝင့်ပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူဦးရေ(၂၀၀) တက်ရောက်ခဲ့ကာ အသိပညာပေးလက်ကမ်း‌စာစောင်များ ဖြန့်ဝေပြီးနောက် အခမ်းအနားကို နံနက်(၁၁:၃၀) တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် အမှတ်(၉)ရပ်ကွက် ဩဘာလမ်းရှိ မုန့်မျိုးစုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ.မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၈.၈.၂၀၂၂) ရက်နေ့ နံနက်(၁၀:၃၀) နာရီက လပွတ္တာမြို့ အမှတ်(၉)ရပ်ကွက်၊ ဩဘာလမ်းရှိ မုန့်မျိုးစုံရောင်းချသော ဆိုင်များသို့ သွားရောက်ပြီး၊ ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့ကွင်စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ အမှတ်(၉)ရပ်ကွက် ဩဘာလမ်းရှိ မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသာ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအရ ဥပဒေအခန်း(၉)ပါ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၂၃) ပါ တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရ မည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင် ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိ၊  ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များသို့ အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြသာယာဈေး၊ ကုန်မျိုးစုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦး နှင့် ဝန်ထမ်းများသည်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး (၅.၈.၂၀၂၂)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်က မြောင်းမြမြို့ပေါ်ရှိ မြသာယာဈေးရှိ ကုန်မျိုးစုံဆိုင်များတွင်  ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိ နယ်မြေဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးမက မြသာယာဈေးအတွင်းကုန်မျိုးစုံရောင်းချ နေသော (ဟင်းသီးဟင်းရွက်ဆီ)ဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော(၁/၂၀၂၁) ညွှန်ကြားချက်အရ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီအမျိုးအစား နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန် စည်အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)သည်(၂၀.၁၂.၂၀၂၂)ရက်နေ့ထုတ်ပြန်ပြီး (၆)လပြည့်မြောက်သည့်ရက်နေ့မှ စတင်၍ အာဏာတည်မည်ဖြစ်ပြီး၊ လိုက်နာဆောင်ရွက်ခြင်းမရှိ ပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက် အခန်း(၂၄)ပါပြစ်မှုနှင့်ပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များအား အသိပေးအကြောင်းကြားပြီး နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြောင်းမြမြို့နယ်ရှိ စားသုံးဆီအရောင်းဆိုင်များအား  ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူး၊ မြောင်းမြမြို့နယ်ဦးစီးမှူးတို့သည် (၅.၈.၂၀၂၂)ရက်နေ့ မွန်းလွှဲ (၁၄:၀၀) နာရီအချိန်က မြောင်းမြမြို့လယ်ယာသုံးဈေးရှိ ကျန်စစ်ဝင်းကုန်မျိုးစုံဆိုင်တွင် စားသုံးဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအား သွားရောက်ကွင်းဆင်း စိစစ်ဆောင်ရွက် ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်မှ စားသုံးဆီရောင်းချပေးခြင်း၏ရည်ရွယ်ချက်မှာ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ရောင်းချပေးခြင်းဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များအနေဖြင့် ခွဲဝေရရှိသော စားသုံးဆီပိဿာ (၅၅၀၀)အား တစ်ပိဿာလျှင် ရည်ညွှန်းဈေး(၅၂၀၀)ကျပ်ဈေးနှုန်းဖြင့် စားသုံးသူပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်း တန်းစီစနစ်ဖြင့် ရောင်းချနေမှုအား လယ်ယာသုံးဈေးရှိ ကျန်စစ်ဝင်းကုန်မျိုးစုံဆိုင် ပိုင်ရှင်နှင့်တွေ့ဆုံပြီး၊ စားသုံးဆီရောင်းချမှုအနေဖြင့် အချိန်အတွယ်မှန်ကန်စွာရောင်းချပေးနိုင်ရေး စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် အဓိကထားဆောင်ရွက်ရန် ကွင်းဆင်းကြပ်မတ်စိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ပဒေသာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ (၈.၈.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စည်ပင်သာယာအဖွဲ့နှင့်ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူစားသုံးသူ မိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်း လမ်း၊ ကျန်းမာရေးဆိုင်ရာအချက်များနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖော်ပြထားသောကုန်စည်များ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက် များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၄)ဆိုင်အားစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးသည် (၇.၈.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ဇလုတ်ကြီးကျေးရွာအုပ်စုရှိ အ-မ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၆၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

        ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၃) ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  ဟင်္သာတမြို့နယ်၊ အင်းဓဝယ်ကျေးရွာ၊ အထွက်တိုးစခန်း ၌ (၆.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူပြည်သူ (၅၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

       ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်(၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေရှိ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ