ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့မည့် Export ဆန်များအား ကုမ္ပဏီများက သနပ်ပင်မြို့နယ်မှ တိုက်ရိုက်ဝယ်ယူ

          ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ ထွက်ရှိသော ဧည့်မထစပါးအမျိုးအစားများကို ရွှေဝါရောင် ကုမ္ပဏီမှ ဖိလစ်ပိုင်နိုင်ငံသို့ NIMBA အမှတ်တံဆိပ်ဖြင့် တင်ပို့ရန် သီးသန့်ဝယ်ယူ၍ သိုလှောင်လျက်ရှိကြောင်း သိရှိရပြီး စပါးများကို သနပ်ပင်မြို့ရှိ ချမ်းအေးဆန်စက် ၊ ရွှေနဒီဆန်စက်တို့မှ အရောင်းအဝယ်စာချုပ်များ ချုပ်ဆို၍ ကြိတ်ခွဲတင်ပို့လျက် ရှိကြောင်း သိရှိရပါသည်။ ၂၀၂၁ခုနှစ် နိုဝင်ဘာလမှစတင်၍ ၂၀၂၂ခုနှစ် ဇန်နဝါရီလအတွင်း ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့ရန်အတွက် ဧည့်မထ ၅ % စူပါ (၅)ဆန် 25 kg အိတ် (၆၀၀၀၀)အိတ်အား  တစ်အိတ်လျှင် (၁၃၁၅၀) ကျပ်နှုန်းဖြင့် ရန်ကုန်မြို့ တောင်ဒဂုံ ၊ ရွှေလင်ပန်း ၊ ဘုရင့်နောင်ပွဲရုံများသို့ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်း ကုန်ကြမ်းအနေဖြင့်လည်း ဧည့်မထ ၂၅မှတ် ၊ ဆန်50 kg အိတ် (၂၀၀၀)အား ရန်ကုန်မြို့ရှိ သတ်မှတ်ထားသည့် နေရာသို့ အရောက် တစ်အိတ်လျှင် (၂၄၀၀၀)ကျပ်နှုန်းဖြင့် ပေးပို့ရန် စာချုပ်ချုပ်ဆိုထားကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ နိုင်ငံခြားသို့ မြန်မာ့ဆန်များ ကုန်ချောအနေဖြင့်သာမက ကုန်ကြမ်းအနေဖြင့်လည်း တင်ပို့မှု အောင်မြင်လာသည်နှင့်အမျှ စပါးစိုက်တောင်သူများအနေဖြင့် ဝင်ငွေအခွင့်အလမ်းတိုးလာခြင်း၊ စက်ပိုင်များအနေဖြင့် ယခုနှစ်တွင် ကုမ္ပဏီမှ Export တင်ပို့မည့်အမှတ်တံဆိပ်များဖြင့် တိုက်ရိုက်ထည့်သွင်းသည့်အတွက် အိတ်လှယ်ခ ၊ အိတ်သွန်ခများ သက်သာလာကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ဧရာဝတီမြေနုကျွန်းစိုက် တောင်သူတို့၏ဘဝ

          သင်္ဘောကျွန်းကျေးရွာသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နှင့် (၄)မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိပြီး လယ်ယာစိုက်ပျိုးရေးကိုအခြေခံ၍ အသက်မွေးဝမ်းကျောင်းပြု နေထိုင်သည့် ကျေးရွာတစ်ရွာလည်း ဖြစ်သည်။  ဧရာဝတီမြစ်ရေကျချိန် ဆောင်းရာသီမြေနုကျွန်းများ ပေါ်ချိန်တွင် ပဲထောပတ်၊ ပဲလွန်း၊ ပဲကြီး၊ ကုလားပဲသီးနှံများ စိုက်ပျိုးကြောင်း သိရှိရပါသည်။

         သင်္ဘောကျွန်းကျေးရွာတွင် အိမ်ခြေစုစုပေါင်း(၁၆၀)ခန့်ရှိပြီး စိုက်ဧက (၃၀၀)ကျော်ရှိကြောင်း သိရှိရပါသည်။ မြေနုကျွန်းပေါ်တွင် ပဲထောပတ်၊ ပဲလွန်း၊ ပဲကြီး၊ ကုလားပဲသီးနှံများကို အဓိကထား၍ နှစ်စဉ် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်ထွန်ယက်စိုက်ပျိုးကြပါသည်။ ထိုသို့စိုက်ပျိုးရာတွင် ကုလားပဲကို ပက်ကျဲ၍လည်းကောင်း၊ ပဲလွန်း၊ ပဲကြီးတို့ကို ကြောင်းဆွဲစိုက်ပျိုးကြောင်း သိရှိရပါသည်။

          ပဲမျိုးစုံသီးနှံများကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်ထွန်ယက်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ပန်းပွင့်ကာ ဖေဖော်ဝါရီလတွင် အသီးများစတင်သီးပြီး မတ်လဝက်လောက်တွင် အသီးများကို ခူးစွတ်ရကြောင်း၊ ခူးစွတ်ပြီးအသီးများကို အခြောက်လှမ်းကာ ခွဲစက်ဖြင့် ကြိတ်ခွဲပြီး မကွေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ယခင်နှစ်က ပဲထောပတ်တစ်တင်းလျှင် ၁၅၀၀ဝိ/- မှ ၂၀၀၀ဝိ/-၊ ပဲလွန်းတစ်တင်းလျှင် ၃၀၀၀ဝိ/- ခန့်၊ ကုလားပဲတစ်တင်းလျှင် ၂၀၀၀ဝိ/-ခန့်ဈေးရရှိခဲ့ပြီး စိုက်ပျိုးဧက (၃)ဧကအတွက် စိုက်ပျိုးခ၊ ပေါင်းနုတ်ခ၊ ပိုးသတ်ဆေးဖြန်းခြင်း ကုန်ကျစရိတ်များ (၁၅)သိန်းခန့် ကုန်ကျပြီး စိုက်ဧက(၃)ဧကလျှင် ပဲမျိုးစုံတင်း (၇၀)ခန့် ထွက်ရှိ၍ (၁)သိန်းခန့်သာ အကျိုးအမြတ်ရရှိပြီး မိသားစုလုပ်အားနုတ်ပါက အရှုံးပေါ်ခဲ့ကြောင်း သိရှိရပါသည်။

        သီးနှံဈေးနှုန်း အတက်အကျပေါ်မူတည်၍ မြေနုကျွန်းစိုက်တောင်သူများမှာ အရှုံးပေါ်သည့် နှစ်များရှိခဲ့သော်လည်း ဧရာဝတီမြစ်ရေကျချိန် မြေနုကျွန်းများပေါ်ချိန်၌ မိမိတို့၏ မိရိုးဖလာလုပ်ငန်း ဖြစ်သည့် မြေနုကျွန်းစိုက်ပျိုးခြင်းကိုသာ နှစ်စဉ်အားထား လုပ်ကိုင်ကြကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

ဒေသထွက်ပြောင်း၊ရောင်းဝယ်မှုအကြောင်းတစ်စေ့တစ်စောင်း

        ပြောင်းသည် ပြည်တွင်းမွေးမြူရေးအစားအစာနှင့် ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် အရေးပါသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ပြောင်းသည် အာရှတိုက်မှ အရင်းအမြစ်မဟုတ်ဘဲ အမေရိကတိုက်မှာ အများဆုံးစိုက်ပျိုးကြ၍ မြေအနေအထားအရ အာရှတိုက်မှတစ်ဆင့် မြန်မာနိုင်ငံသို့စိုက်ပျိုးဖြစ်ထွန်းလာသည့် သီးနှံဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ်မှာသာ အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။

       မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ခင်ဉီးမြို့နယ်များတွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် မကွေး၊ ပခုက္ကူ၊ မင်းဘူး၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်းကောင်း၊  ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ရပ်စောက်၊ ဆီဆိုင်၊ နမ့်ဆန်၊ဖယ်ခုံ၊ ဟိုပုံး၊ ပင်းတယ၊ မိုးနဲမြို့နယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုး၊ တန့်ယန်း၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ သိန္နီ၊ မိုင်းရယ်၊ ကွမ်းလုံ၊ နမ္မတူ၊ လောက်ကိုင်မြို့နယ်များတွင်လည်းကောင်း၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်မိုင်းယန်း၊ မိုင်းဆတ်မြို့ နယ်များတွင်လည်းကောင်း၊ ကရင်ပြည်နယ်မြဝတီနယ်တွင် လည်းကောင်း စိုက်ပျိုးကြပါသည်။

       ရှမ်းပြည်နယ်တွင် ပြောင်းကို မိုးရာသီတွင်မိုးပြောင်း၊ ဆောင်းရာသီတွင် ဆောင်းပြောင်းအနေနဲ့စိုက်ပျိုးကြ၍ တစ်နှစ်ပတ်လုံး ပြောင်းအရောင်းအဝယ်ရှိသော ဒေသတစ်ခုဖြစ်ပါသည်။ စိုက်ပျိုးသောပြောင်းမျိုးများအနေဖြင့်  I CP(888)၊ ဧကရီ၊ ၉၉၉၊ ၊ ရေဆင်း(၃) စသော မျိုးများကို အများဆုံးအသုံးပြုစိုက်ပျိုးကြကြောင်းလို့ တောင်သူတစ်ဉီးပြောကြားချက်အရ သိရှိရပါသည်။

     ပြောင်းစိုက်ရန်သင့်တော်တဲ့ မြေအမျိုးအစားတွေကတော့ ရေစိမ့်ဝင်မှုကောင်း၍ ရေမဝပ်သော မြေ၊ နုန်းမြေ၊ စနယ်မြေ၊ သဲနုန်းမြေ၊ မြေနီ၊ စနယ်မြေနက်တို့ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ရဲ့ မြေအမျိုးအစားမှာ အချဉ်ဓာတ်အနည်းငယ်ပါဝင်ပြီး အစိုဓာတ်မှာ ပုံမှန်သာဖြစ်သည့်အတွက် ပြောင်းစိုက်ပျိုးဖြစ်ထွန်းမှုကောင်းတဲ့ ဒေသတစ်ခုဖြစ်တာကြောင့် နှစ်စဉ် ပြောင်းတန်ချိန် (၁၂) သိန်းနီးပါးအထိ စိုက်ပျိုးထွက်ရှိပါသည်။ ဈေးနှုန်းဈေးကွက်အနေနဲ့ကတော့ ရှမ်းပြည်နယ်အတွင်းဒေသတွင်း အသုံးပြုပြီးပိုလျှံပြောင်းများကို မြဝတီနယ်စပ်နှင့် မူဆယ်(၁၀၅)မိုင်မှ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့တင်ပို့လျက်ရှိပါသည်။ နယ်စပ်ပေါက်ဈေး အနေဖြင့် တစ်ပိဿာလျှင်(၈၁၀)ကျပ်အထိ ပေါက်ဈေးရှိကြောင်း နယ်စပ်ဒေသ ပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင်မှ သိရှိရပါသည်။ ဒေသတွင်းဈေးကွက်အနေဖြင့် ရှမ်းပြည်နယ်ရှိ ပြောင်းများကို ဒေသတွင်း တိရိစ္ဆာန်အစာစပ်စက်ရုံများသာမက ရန်ကုန်၊ မန္တလေးတိရိစ္ဆာန် အစာစပ်စက်ရုံများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိရာ တစ်ပိဿာလျှင် ၇၂၀ ကျပ်အထိ ပေါက်ဈေးရှိကြောင်း ပြောင်းကုန်သည်တစ်ဉီးထံမှ သိရှိရပါတယ်။ မနှစ်က ယခုလိုအချိန် ဖေဖော်ဝါရီလတွင် ဒေသတွင်းပြောင်းတစ်ပိဿာလျှင်(၄၉၀)ကျပ်အထိ၊ နယ်စပ်မှာ (၅၁၀)ကျပ်အထိသာ အမြင့်ဆုံးရှိခဲ့ပါသည်။

      ပုံမှန်အားဖြင့် ဈေးကွက်သဘောသဘာဝအရ ဈေးနှုန်းတက်သည်ဆိုသည်မှာ ဝယ်လိုအားများနေတာမျိုးကြောင့် ဖြစ်သည်။ ယခုလို  ဈေးနှုန်းတွေတက်နေသည့် သဘောတရားကတော့  ဝယ်လိုအားများနေခြင်းမျိူးမဟုတ်ဘဲ  မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေး အစရှိသော စိုက်ပျိုးရေးသွင်းအားစုများ ဈေးတက်နေတာကတစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါကြောင့် သယ်ယူပို့ဆောင်ရာတွင် လမ်းခရီးအဆင်ပြေချောမွေ့မှုများ မရှိနေတာကတစ်ကြောင်း၊ နိုင်ငံရေးအပြောင်းအလဲများရှိခဲ့တာကတစ်ကြောင်း ထိုအကြောင်းအရာများကြောင့် ဈေးနှုန်းများ အင်မတန်မြင့်တက်လာတာဖြစ်တယ်လို့ ယူဆမိပါသည်။ ပြောင်းဈေးနှုန်းဈေးကွက် ကောင်းနေ ပေမယ့်ပြည်ပဈေးကွက်အနေနဲ့ကလည်း ကိုဗစ်ကာလဖြစ်နေ၍လည်းကောင်း၊  ပြည်တွင်းတိရိစ္ဆာန်အစာစပ်စက်ရုံများသို့လဲ သယ်ယူပို့ဆောင်ခ ကြီးမြင့်လာ၍လည်းကောင်း အပြည့်အဝရောင်းဝယ်ဖောက်ကားမှု မပြုနိုင်ခြင်း တို့ကြောင့်လည်းကောင်း၊ တောင်သူများအနေနဲ့ ယခင်ပြောင်းရောင်းဝယ်ဖောက်ကားတဲ့ အချိန်များနှင့်နှိုင်းယှဉ်ပါက စိန်ခေါ်မှုတစ်ရပ်နှင့် ကြုံတွေ့နေကြရပါကြောင်း သုံးသပ်ရေးသားလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

ပြောင်းလဲ စားသုံးသင့်ပြီ မြေပဲဆီ

            ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း  ၂၀၂၂ခုနှစ် ၊ဖေဖော်ဝါရီလ (ပထမပတ်)တွင် ဖြစ်ပေါ်နေသည့် စားသုံးဆီဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မည်ဆိုပါလျှင် စားအုန်းဆီ(ကန်ဆီ) ၁ ပိဿာ (၅၄၀ဝိ/-) ဝန်းကျင်၊ ဟင်းသီးဟင်းရွက်ဆီ ၁ ပိဿာ (၆၄၀ဝိ/- မှ ၆၆၀ဝိ/-)ဝန်းကျင်နှင့် မြေပဲဆီ ၁ ပိဿာ (၆၅၀ဝိ/- မှ ၈၀၀ဝိ/-)ဝန်းကျင်ခန့် ဖြစ်ပေါ်လျှက် ရှိပါသည်။

          ယခုလက်ရှိ နေပြည်တော်အတွင်းရှိ အငှားကြိတ်ဆီစက်များတွင် မြေပဲဆီကြိတ်ခွဲမည်ဆိုပါက မြေပဲဆံ ၁ ပိဿာ (၂၉၅ဝိ/-)နှုန်းဖြင့် မြေပဲဆံ (၂၅ ပိဿာ)ကြိတ်ခွဲမည်ဆိုပါလျှင် မြေပဲဆီ(၁၀-၄၀)ပိဿာ နှင့် ပဲဖတ်(၁၃)ပိဿာ ထွက်ရှိမည် ဖြစ်ပါသည်။ မြေပဲဆံ(၂၅ ပိဿာ)ကုန်ကျစရိတ်မှာ (၇၃၇၅ဝိ/-)ကုန်ကျမည် ဖြစ်ပြီး မြေပဲဆီ (၁ ပိဿာ)ကုန်ကျစရိတ်မှာ (၇၀၉၁/-)ခန့် ကုန်ကျမည် ဖြစ်ပါသည်။ မည်သို့ဆိုစေကာမူ ပဲဖတ်(၁၃ ပိဿာ)ထွက်ရှိသဖြင့် ပဲဖတ်( ၁ ပိဿာ) (၁၀၀ဝိ/-)နှုန်းဖြင့် တွက်ချက်ပါက (၁၃၀၀ဝိ/-) ရရှိမည် ဖြစ်ပြီး စက်ကြိတ်ခ(၈၀၀ဝိ/-) နှုတ်လျှင် ဆီကြိတ်တောင်သူများအနေဖြင့် ပဲဖတ်ဖိုး အသားတင်(၅၀၀ဝိ/-) ကျန်ရှိမည် ဖြစ်ပါသည်။ ယခုလက်ရှိ ပဲဖတ်တန်ဖိုးသည် ကြိတ်ခွဲခထက်ပိုမိုသဖြင့် ပဲဖတ်ဈေးနှုန်း မြင့်တက် လာမှုသည် ပဲဆီဈေးနှုန်း ကုန်ကျစရိတ်ကို ပိုမိုသက်သာသည့်အနေအထား ဖြစ်နေပါသည်။ ပဲဖတ်ဈေးနှုန်း (၁၀၀၀)ကျပ်နှင့်ပင် စက်မှ ပြန်လည်ပေးချေငွေ (၅၀၀ဝိ/-)ရရှိပြီး မြေပဲဆီ(၁) ပိဿာကုန်စရိတ်တွင်(၄၈ဝိ/-) သက်သာလာမည်ဖြစ်ရာ (၁ ပိဿာ)ကုန်ကျစရိတ်မှာ (၆၆၁၁/-)ကျပ်နှုန်းသာ ကုန်ကျတော့မည် ဖြစ်ပါသည်။ လက်ရှိကာလတွင် ပဲဖတ်ဈေးနှုန်းသည် (၁၂၀ဝိ/-) ဈေးနှုန်းရရှိနေသဖြင့် ဆီကြိတ်တောင်သူများလည်း ပိုမိုတွက်ချေကိုက်နေပါသည်။

        စားသုံးသူများအနေဖြင့်လည်း ယခုလက်ရှိဖြစ်ပေါ်နေသည့် စားအုန်းဆီ(ကန်ဆီ)ဈေးနှုန်း၊ ဟင်းသီး ဟင်းရွက်ဈေးနှုန်းများနှင့် မြေပဲဆီဈေးနှုန်းများအား နှိုင်းယှဉ်ကြည့်ပါက အနည်းငယ်သာကွာခြားမှုရှိနေပြီဖြစ်ရာ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဈေးနှုန်းသင့်လျော်သည့် မြေပဲဆီများအား ပြည်တွင်းထုတ်ကုန်များကို အားပေးသည့်အနေဖြင့်  ပြောင်းလဲစားသုံးသင့်ပါကြောင်း  စေတနာရှေ့ထား၍ မျှဝေမှုပြုလိုက်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပြည်ထောင်စုနယ်မြေ

၈.၂.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၈.၂.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

 

ဆောင်းအာလူးစိုက်ပျိုးနေမှုအားကွင်းဆင်းလေ့လာ

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၂.၂၀၂၂) ရက်နေ့ (၁၂:၀၀) အချိန်တွင် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်အုပ်စု၊ နောင်ရှဲန်ကျေးရွာရှိ အာလူးစိုက်ပျိုးသော တောင်သူဦးစိုင်းနွန်၏ စိုက်ခင်းသို့ အာလူးစိုက်ပျိုးနေမှု အခြေအနေအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။ အာလူးကိုနှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီလတွင် စိုက်ပျိုးလေ့ရှိပြီး၊ ကျိုင်းတုံမြို့နယ်တွင် မိုးစပါးရိတ်သိမ်းပြီး ယခုလိုဆောင်းရာသီအချိန်တွင်သာ အာလူးကိုစိုက်ပျိုးလေ့ရှိကြောင်း သိရှိရပါသည်။

          အာလူးစိုက်မည်ဆိုပါက တစ်ဧကလျှင် မျိုးဥပိဿာ (၃၀၀-၃၅၀) ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ရက် (၂၀) ခန့်တွင် အပင်ပေါက်လေ့ရှိကြောင်း၊ အပင်ပေါက်ပြီး(၇)ရက်မှ (၁၅)ရက် အတွင်း မြေဩဇာနှစ်ကြိမ်ကျွေးရကြောင်းနှင့် (၁၀) ရက်ခန့်တွင် ပိုးသတ်ဆေးဖျန်းပေးရကြောင်း၊ တစ်ခါတစ်ရံ ရာသီဥတုဆိုးဝါးသောနှစ်မျိုးတွင် ပိုးသတ်ဆေးနှင့် မြေဩဇာများလိုအပ်သလို ထပ်မံသုံးပေးရကြောင်း၊ ပိုးကျနေချိန်တွင် အချိန်မှန်ပိုးသတ်ဆေးများမဖျန်းပေးပါက အပင်များကြီးထွားမှုမရှိတော့ပဲ အာလူးဥအသေးများသာရရှိပြီး အထွက်နှုန်းကောင်းမွန်မှုမရှိကြောင်း သိရှိရပါသည်။

          အာလူးမျိုးဥများကို အောင်ပန်းဒေသမှ မှာယူစိုက်ပျိုး၍ မျိုးဥတစ်ပိဿာလျှင် (၂၅၀၀) ကျပ် ပေးရကြောင်း၊ အပင်ပေါက်ပြီးချိန်တွင်ဂရုစိုက်၍ ပိုးသတ်ဆေး၊ မြေဩဇာများကျွေးရပြီး တစ်ဧကလျှင် ပိုးသတ်ဆေးဖိုး (၅)သောင်းကျပ်ခန့်နှင့် မြေဩဇာဖိုး (၃)သိန်းခွဲခန့် ကုန်ကျပါကြောင်း စိုက်ပျိုးပြီး (၃) လခန့်အကြာတွင် အာလူးများစတင်တူးဖော်ရပါကြောင်း တစ်ဧကလျှင် လူ(၄) ဦးဖြင့် (၅) ရက်ခန့်တူးဖော်ရပြီး တစ်ဦးလျှင်လုပ်သားခနှင့် အာလူးတူးခ (၂)သိန်းခွဲခန့် ကုန်ကျပါကြောင်း၊ အာလူးတစ်ဧကလျှင် အထွက်ကောင်းပါက ပိဿာ (၂၄၀၀) ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။

          ယခုနှစ်အစောပိုင်းတွင် အာလူးစိုက်ပျိုးသူများဈေးကောင်းရရှိပြီး တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့်ရရှိသောကြောင့် တောင်သူများဝင်ငွေကောင်း၍ အဆင်ပြေလျက်ရှိပါသောကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးခက်ခဲနေချိန်တွင် တဖက်တလမ်းမှ စီးပွားရေးကုစားနိုင်မည်ဟု မျှော်လင့်ရကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

“တွံတေးငှက်ပျောဈေးကွက်ကွင်းဆင်းလေ့လာ”

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်မှ ဝန်ထမ်းများသည် ငှက်ပျောဈေးကွက်နှင့် ပတ်သတ်၍ ကွင်းဆင်းလေ့လာခဲ့ရာ တွံတေးမြို့နယ်အတွင်းရှိကျေးရွာများတွင် ငှက်ပျောစိုက်ပျိုးထွက်ရှိ အောင်မြင်လျက်ရှိကြောင်း၊ း ဒေသထွက်မျိုးများဖြစ်သောဖီးကြမ်း၊ ရခိုင်၊ သီးမွှေး၊ ရွှေငှက်ပျော၊ နံသပု အမျိုးအစားများကို အဓိကထားစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးချိန်မှ (၈)လခန့်တွင် ခူးဆွတ်နိုင်ပြီဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူများထံမှ သိရသည်။     

      တွံတေးမြို့နယ်အတွင်း ငှက်ပျောအများဆုံး စိုက်ပျိုးထွက်ရှိသော ကျေးရွာများမှာ-ပန်းလှိုင်၊ ပြသတိုက်၊ မယ်ပြေ၊ ကရင်ချောင်း၊ အုန်းပင်ချောင်း၊ သောင်သစ်၊ တွံတေးဝကျေးရွာများဖြစ်ပြီး လက်ရှိဈေးကွက်တွင် ရွှေငှက်ပျောတစ်ခိုင်လျှင် (၇၀၀၀/၉၀၀၀) ကျပ်၊ သီးမွှေးတစ်ခိုင် (၅၅၀၀/ ၇၀၀၀)ကျပ်၊ ဖီးကြမ်းတစ်ခိုင် (၅၀၀၀/၆၅၀၀)ကျပ်၊ ရခိုင်တစ်ခိုင် (၂၅၀၀/၃၀၀၀)ကျပ်၊ နံသပုတစ်ခိုင် (၂၅၀၀/၃၀၀၀)ကျပ် (အမျိုးအစားအားလုံး အခိုင်လှလျှင် ဈေးပိုရ) ဈေးနှုန်းဖြင့် ရန်ကုန်သီရိမင်္ဂလာဈေး၊ တွံတေးမြို့စည်ပင်သာယာဈေးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး

ကျိုင်းတုံမြို့၌ ဘိုစားပဲစိုက်ပျိုးမှုကွင်းဆင်းလေ့လာ

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း စပါးရိတ်သိမ်းပြီးချိန်တွင် လယ်ကွက်များအား ထွန်ယက်ပြီး မီးဖိုချောင်သုံးအသီးအနှံများဖြစ်သည့် ကြက်သွန်၊ ဖရုံ၊ သခွား၊ နံနံ၊ မုန်ညှင်း၊ ပဲသီးအမျိုးမျိုး စသည့်ရာသီပေါ်သီးနှံမျိုးစုံကို အလေ့ကျ စိုက်ပျိုးကြပါသည်။ (၇.၂.၂၀၂၂) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကျိုင်းတုံမြို့၊ လွယ်လုံအုပ်စု၊ တုံဆီရွာရှိ တောင်သူတစ်ဦးအား တွေ့ဆုံ၍ ဘိုစားပဲသီးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

          ဘိုစားပဲစိုက်ပျိုးရာတွင် ဘိုစားပဲမျိုးစေ့ (၁) ပြည်လျှင် (၁) ကွက်နှုန်းစိုက်ပျိုးလေ့ရှိပြီး (၄) ကွက် လျှင် (၁) ဧကခန့်ရှိကြောင်း၊ စိုက်ပျိုးပြီး (၁) ပတ်ခန့်တွင် အပင်ပေါက်လေ့ရှိကြောင်း၊ အပင်ပေါက်ပြီး (၁) ပတ် (၁) ကြိမ် ပိုးသတ်ဆေး၊ အရွက်ဖျန်းဆေးများ ဖျန်းပေးရကြောင်း၊ (၁၀) ရက်ခန့်အတွင်း မြေသြဇာကျွေးရပြီး အနည်းဆုံး (၅) ကြိမ်ခန့်ကျွေးရကြောင်း၊ (၁၅) ရက်ခန့်တွင် ဝါးတိုင်ထောင်ပေးရပြီး (၁) ကွက်လျှင် ဝါးတိုင် (၁၀၀၀) ခန့် ထောင်ပေးရကြောင်း သိရှိရပါသည်။

          စိုက်ပျိုးပြီး (၄၅) ရက်တွင် ပဲသီးစတင်ခူးဆွတ်ရကြောင်း၊ (၂) ရက်ခြား (၁) ကြိမ် ခူးဆွတ်ရပြီး (၁) ကြိမ်ခူးလျှင် အစီးရေ (၆၀၀) မှ (၈၀၀) အထိ ရရှိကြောင်း၊ (၅) စီးလျှင် (၁) ပိဿာခန့်ရှိပြီး (၁) စီး လျှင် (၁၅၀) ကျပ်ရရှိကြောင်း၊ တစ်ဆင့်ပြန်လည်ရောင်းချသူများမှ လာရောက်ဝယ်ယူပြီး ရံဖန်ရံခါ တာချီလိတ်မြို့မှ မှာယူသူများထံသို့လည်း ရောင်းချလျက်ရှိကြောင်းနှင့် (၁) ကြိမ်စိုက်ပျိုးလျှင် (၈) ကြိမ်မှ (၁၀) ကြိမ်အထိ ခူးဆွတ်ရကြောင်း သိရှိရပါသည်။

         ဘိုစားပဲစိုက်ပျိုးမှု (၁) ကွက်လျှင် ပိုးသတ်ဆေး၊ အရွက်ဖျန်းဆေး၊ မြေသြဇာနှင့် ဝါးတိုင်တို့အတွက် စုစုပေါင်းကုန်ကျစရိတ် (၂) သိန်းကျပ်ခန့်ကုန်ကျပြီး ပြန်လည်ရရှိငွေအဖြစ် (၈) သိန်းကျပ် ခန့်ရရှိကြောင်း၊ အကျိုးအမြတ်များသောကြောင့် တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလိုသော်လည်း တာရှည်ခံထားနိုင်သော သီးနှံမျိုးမဟုတ်သဖြင့် တစ်ပိုင်တစ်နိုင်သာစိုက်ပျိုးလေ့ရှိကြောင်း သိရှိရပါသည်။

         သို့ဖြစ်ပါ၍ ဘိုစားပဲသီးသည် အာလူး၊ ကြက်သွန်ကဲ့သို့သော တာရှည်ခံစားဖိုချောင်သီးနှံမျိုး မဟုတ်သော်လည်း ဒေသနေပြည်သူများအတွက် ရာသီစာသီးနှံအနေဖြင့် စားသုံးရန်ဖူလုံမှုရှိပြီး ရာသီအလိုက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် တောင်သူများအတွက် အကျိုးအမြတ်ရှိသော သီးနှံတစ်မျိုးဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

ကျိုင်းတုံခရမ်းချဉ်သီးစျေးကွက် ကွင်းဆင်းလေ့လာ

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ဝန်ထမ်းများသည် ခရမ်းချည်သီးဈေးကွက်နှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ရာ ကျိုင်းတုံမြို့တွင် ဒေသထွက် ခရမ်းချဉ်သီးကို ရာသီပေါ်သီးနှံအဖြစ် တပိုင်တနိုင်သာ စိုက်ပျိုးလျက်ရှိပြီး ဆောင်းသီးနှံအဖြစ် မိုးစပါးရိတ်သိမ်းထားသည့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးလေ့ရှိပါသည်။ နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် လွယ်လုံအုပ်စု၊ ကတ် ထိုက်အုပ်စုတို့၌ စိုက်ပျိုးပြီး ဖေဖော်ဝါရီလမှ ဧပြီလအထိ ခူးစွတ်ရောင်းချကြပါသည်။ ယခင်နှစ် ခရမ်းချဉ်သီး(၁)ပိဿာ ပေါက်စျေးမှာ(၁၀၀၀)ကျပ်ရှိပါသည်။ ဒေသထွက်ခရမ်းချဉ်သီးမှာ ဒေသနေ ပြည်သူများ စားသုံးရန် လုံလောက်မှုမရှိသဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ညောင်ရွှေမြို့နယ် အင်း လေးဒေသထွက် ခရမ်းချဉ်သီးနှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်မှ ဒေသထွက်ခရမ်းချဉ် သီး(ထိုင်ဝမ်မျိုး)တို့ကို နှစ်စဉ်တင်သွင်းရောင်းချကြပါသည်။

          ကျိုင်းတုံမြို့တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသထွက် ခရမ်းချဉ်သီးများကို ရာသီမရွေး ဝယ်ယူစားသုံးနိုင်ပြီး ဇန်နဝါရီလတွင် (၁)ပိဿာ လျှင် (၂၃၀၀)ကျပ်ရှိပြီး ခရမ်းချဉ်သီးပိုမိုထွက်ရှိသည့် ဖေဖော်ဝါရီလတွင် (၁)ပိဿာ လျှင် (၁၅၀၀)ကျပ်ရှိ၍ စျေးနှုန်းအနည်းငယ်ကျဆင်းပါသည်။ မိတ္ထီလာဒေသထွက် ခရမ်းချဉ်သီး(ထိုင်ဝမ်မျိုး)မှာ ဇန်နဝါရီလတွင်(၁)ပိဿာ (၂၅၀၀)ကျပ်ရှိပြီး ဖေဖော်ဝါရီလတွင် (၁)ပိဿာ (၁၇၀၀)ကျပ်ရှိပါသည်။ ထိုင်ဝမ်သီးမှာ အလုံးလှ၍ အခွံထူခြင်း၊ အချဉ်ဓာတ်နည်းခြင်း တို့ကြောင့် စားသောက်ဆိုင်နှင့် စျေးဆိုင်များတွင် အသုံးများ၍ ကြိုက်နှစ်သက်ခြင်းကြောင့် ထိုင်ဝမ် မျိုးခရမ်းချဉ်သီးမှာ အင်းလေးဒေသထွက်ခရမ်းချဉ်သီးထက် စျေးနှုန်းအနည်းငယ်ပိုခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          ဒေသထွက် ခရမ်းချဉ်သီးများကို တောင်သူများအနေဖြင့် ဆောင်းသီးနှံအဖြစ်သာ တပိုင် တနိုင်စိုက်ပျိုးခြင်း၊ ဒေသနေပြည်သူများသည် ခရမ်းချဉ်သီး စားသုံးမှုများပြားသော်လည်း ဒေသတွင် တစ်နှစ်ပတ်လုံး ဖူလုံစွာစိုက်ပျိုးမှုမရှိခြင်း အခြားဒေသထွက် ခရမ်းချဉ်သီးများကိုသာ မှီခို စားသောက်နေရခြင်းကြောင့် စရိတ်ပိုမိုပေးဝယ်စားသောက်နေရပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

မြေပုံမြို့၊ “ငါးဆုပ်သန့်” လုပ်ငန်းအား ကွင်းဆင်းလေ့လာ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “စားသုံး သူများလုံခြုံစိတ်ချမှုရှိစေရေး” မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသတွင်း တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များ စိုက်ပျိုးရေး/  မွေးမြူရေးလုပ်ကိုင်သည့် တောင်သူ/လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ဈေးကွက် မရောက်မီ/ဈေးကွက်ရောက်ပြီး ကုန်စည်များနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ၊ သတင်းအချက်အလက်ဖြန့်ဝေခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိပါသည်။

         ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြေပုံမြို့နယ်တာဝန်ခံ ဦးစံညွန့်သည် မြောက်ဦးခရိုင် မြေပုံမြို့နယ်အလယ်ပိုင်းရပ်ကွက်ရှိ ဦးအောင်လှတင်+ဒေါ်သန်းသန်းတို့၏ မိသားစု တစ်နိုင်တစ်ပိုင်စီးပွားဖြစ်လုပ်ကိုင်နေသည့်  “ငါးဆုပ်သန့်” လုပ်ငန်းသို့ (၆-၂-၂၀၂၂)ရက်နေ့တွင် ကွင်းဆင်းလေ့လာ၍ သတင်းရယူခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

      “ငါးဆုပ်သန့်” လုပ်ငန်းရှင်နှင့်တွေ့ဆုံမေးမြန်းရာတွင် လွန်ခဲ့သောနှစ်ပေါင်း ဆယ်နှစ် ကျော်ခန့်မှ စတင်ကာ ငါးဆုပ်ပြုလုပ်၍ ရနိုင်သောဒေသထွက်ငါးများကို ဝယ်ယူပြီး ရောနှောကာ ပြုလုပ်ရောင်းချလာခဲ့ရာမှာ ယခုအချိန်တွင် ခေတ်နှင့်အညီ စားသုံးသူများ၏ ဝယ်ယူမှုပုံစံများ ပြောင်းလဲလာသည့်အတွက် စားသုံးသူများ၏ လိုအပ်ချက်အရ ကုန်ကြမ်းဖြစ်သော ငါးကွင်းရှပ် (ရခိုင်အခေါ်-ငညို့)၊ ကကတစ် (ရခိုင်အခေါ်-ငါးသတစ်) ငါးများကို သီးသန့်ဝယ်ယူပြီး ငါးဆုပ် ပြုလုပ်ရောင်းချခဲ့ရာ စားသုံးသူများ ပိုမိုများပြားလာပါကြောင်း၊ ငါးကွင်းရှပ် တစ်ပိဿာ လျှင် ကျပ်-၁၁,၀၀၀၊ ကကတစ် တစ်ပိဿာ-ကျပ်-၁၂၀၀၀ ဈေးနှုန်းများဖြင့် ဝယ်ယူလုပ်ကိုင်လျက်ရှိပြီး ငါးဆုပ်ကြော်ရာတွင် ဆီသန့်ကိုရွေးချယ်ကာ အသုံးပြုထားပါသဖြင့်  အရသာကောင်းမွန်သည့် “ငါးဆုပ်သန့်” ရရှိပါကြောင်း၊ တစ်နေ့လျှင် ငါး အချိန် (၆-၇) ပိဿာခန့်ပြုလုပ်ရကြောင်းနှင့် ငါးဆုပ်အရေအတွက်အားဖြင့် (၇၀၀)ခန့်ရရှိကာ မြေပုံမြို့တွင်း၊ မင်းပြားမြို့၊ မြောက်ဦးမြို့နှင့် အလှူပွဲများတွင် ဝယ်ယူသုံးစွဲကြကြောင်း၊ (၂၅)ဆုပ် တစ်ဗူးလျှင် ကျပ်-၄၁၀၀၊ လက်လီတစ်ဆုပ်လျှင် ကျပ်-၂၀၀ ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနေကြောင်း၊ တစ်နေ့လျှင် အကျိုးအမြတ်အားဖြင့် ကျပ်-၂၀၀၀၀ ခန့် ဝင်ငွေရရှိပါကြောင်းသိရှိခဲ့ရပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်အား ငါးဆုပ်သန့်ထုတ်လုပ်မှု အဆင့်ဆင့်တွင်လည်း သန့်ရှင်းစွာထုတ်လုပ်စေရေး၊ တာရှည်ခံဓါတု ဆေးဝါးများ သုံးစွဲမှုမပြုလုပ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း