ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဓနုဖြူမြို့နယ်တွင် ထင်းမီးသွေးစားထိုး လောင်စာတောင့်ထုပ်လုပ်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ထင်း/ မီးသွေးအစားထိုး စပါးခွံလောင်စာတောင့်ထုတ်လုပ်ခြင်းကို ရန်ကုန်-ဟင်္သာတ ကားလမ်းဘေး၊ အမှတ် (၁၇)ရပ်ကွက် မိဘဂုဏ်ရည်ဆန်စက်၌ ၂၀၂၀ခုနှစ်ကတည်းက လုပ်ငန်းစတင်ပြီး လောင်စာတောင့်ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။
အဆိုပါ စပါးခွံလောင်စာတောင့်ကို အိမ်သုံးမီးဖိုများတွင် သုံးစွဲမည်ဆိုပါက မီးသွေးထက် သုံးပုံတစ်ပုံသာ ကုန်ကျစရိတ်ရှိမည်ဖြစ်ကြောင်း၊ သစ်တောပြုန်းတီးမှုကိုကာကွယ်ပြီး အခြားလောင်စာများထက် များစွာကုန်ကျစရိတ်သက်သာသည့် စပါးခွံလောင်စာတောင့်ကိုသုံးစွဲသင့်ကြောင်း၊ မီးမွေးခါစတွင်သာ မီးခိုးအနည်းငယ်ထွက်သော်လည်း သုံးစွဲပြီးသည်အထိ မီးခိုးမထွက်ဘဲ ကျန်ရှိသောပြာများကိုလည်း စိုက်ပျိုးရေးသုံး EN ဘိုကာရှီ သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ပြီး အလုံးစုံစွန်ပစ်ပစ္စည်းမထွက်ကြောင်းသိရသည်။
အဆိုပါ စပါးခွံလောင်စာတောင့် ၁တန်လျှင် ၁၇၅၀၀၀ကျပ်နှင့် ၂၀၀၀၀၀ကျပ်ကြားရောင်းရကြောင်း၊ ၃၀ပိဿာဝင်တစ်အိတ်လျှင် ၁၀၀၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိသည်။ စက်ရုံမှ လောင်စာတောင့် ၁လကို တန်၁၅၀ထုတ်လုပ်နိုင်ကြောင်း၊ ကိုယ်တိုင် Gasifier ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး ဆန်စက်လည်ပတ်ကာ၊ ရန်ကုန်မြို့ ရှိ စက်မှုဇုန်များ၊ သံမဏိစက်ရုံ၊ အရက်ချက်စက်ရုံ၊ စက္ကူစက်ရုံနှင့် အခြားကုန်ထုတ်လုပ်ငန်းများသို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရသည်။
ဓနုဖြူမြို့နယ်တွင် အဓိက စပါးစိုက်ပျိုးသော ကျေးရွာများပြားပြီး ဟာလာဆန်စက်များလည်ပတ်လျက်ရှိသဖြင့် ကျေးရွာအတွက် လိုအပ်သော စပါးခွံလောင်စာတောင့်များ လုံလောက်စွာ ထုတ်လုပ်သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ဓာတ်ငွေ့သုံးဘွိုင်လာနှင့် ဆီဘွိုင်လာများတွင် အသုံးပြုပါက (၄၀%)ခန့် ငွေကြေးကုန်ကျမှုသက်သာခြင်း၊ စပါးခွံဘွိုင်လာကိုအသုံးပြုပါက (၂၀%) ခန့် ငွေကြေးပိုသုံးရပြီး ဘွိုင်လာပိုက်များလဲလှယ်ခြင်းနှင့် ပြုပြင်ခြင်းစရိတ်လုံးဝမရှိတော့သည့်အပြင် တိုက်ရိုက်ပြောင်းလဲအသုံးပြုနိုင်ခြင်း၊ ကျောက်မီးသွေးဘွိုင်လာများတွင် (၁၀%)ခန့် ငွေကြေးအကုန်အကျသက်သာခြင်း စသည့် စီးပွားရေးဈေးကွက်တွက်ခြေကိုက်မှုများရှိလာမည်ဖြစ်ကြောင်း စက်ရုံပိုင်ရှင်၏ ရှင်းလင်းပြောပြချက်အရသိရပါသည်။
DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး မြို့နယ်နှင့် ခရိုင်အသီးသီး၏ ဆန်/ ဆန်ကွဲစီးဝင်စီးထွက်မှုအခြေအနေ

ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ်အသီးသီးမှ ဆန်နှင့် ဆန်ကွဲကြိတ်ခွဲထွက်ရှိပြီး အခြားဒေသများသို့ (စီးထွက်)လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးများမှ ရန်ကုန်သို့ ဆန်စီးထွက်မှုမှာ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁လတွင်း မအူပင်မြို့နယ်မှ ဆန်အတင် (၄၀၇၅)အိတ်၊ ပန်းတနော်မြို့နယ်မှ ဆန် (၁၀၃၂၄)အိတ်၊ ညောင်တုန်းမြို့နယ်မှ (၅၃၈၁၉)အိတ်၊ ဓနုဖြူမြို့နယ်မှ (၁၄၉၀၆)အိတ်၊ အခြားသော ဧရာဝတီတိုင်းတွင်းမြို့နယ်များမှ ဆန်တင်ပို့မှု (၂၆၁၅၂၈)အိတ်၊ စုစုပေါင်းဆန်အိတ် (၃၄၄၆၅၂) အိတ်ဖြစ်ပြီး ပျမ်းမျှ တန်အားဖြင့် ၁၇၂၃၂.၆ တန်စီးထွက်ခဲ့ကြောင်း မြို့နယ်စစ်ဆေးရေးစာရင်းများအရသိရသည်။
ထို့ပြင် ဆန်ကွဲကို ရန်ကုန်မြို့သို့ တင်ပိုမှုအနေဖြင့် မအူပင်မြို့နယ်မှ ဆန်ကွဲ (၆၈၀)အိတ်၊ ပန်းတနော်မြို့နယ်မှ (၂၅၅၀)အိတ်၊ ဓနုဖြူမြို့နယ်မှ ဆန်ကွဲ (၃၆၅၅)အိတ်၊ ညောင်တုန်းမြို့နယ်မှ ဆန်ကွဲ (၈၀၈၆)အိတ်နှင့် အခြားမြို့နယ်များမှ ဆန်ကွဲ(၄၃၀၁၁) အိတ်၊ စုစုပေါင်းဆန်ကွဲ (၅၇၉၈၂)အိတ်၊ ပျမ်းမျှ တန်အားဖြင့် ၂၈၉၉.၁ တန်စီးထွက်ခဲ့ကြောင်းသိရသည်။ ဆန်/ ဆန်ကွဲများကို ရန်ကုန် ရွှေပြည်သာ၊ လှိုင်သာယာ၊ မရမ်းကုန်း၊ အလုံဆိပ်ကမ်း၊ ကြီးမြင်တိုင်ဆိပ်ကမ်း၊ သီလဝါစက်မှုဇုန်တို့ကိုသာတင်ပိုကြောင်းသိရသည်။
အဆိုပါ စီးထွက်မှုမှာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလစီးထွက်မှုကိုနှိုင်းယှဉ်ပါက စီးထွက်မှု ဆန်အိတ်(၆၅၅၀၀)အိတ်၊ တန်အားဖြင့် ၃၂၇၀ တန်ပိုမိုတင်ပို့ကြောင်းနှင့် ဆန်ကွဲ အိတ်(၄၅၆၉)အိတ်၊ တန်အားဖြင့် ၂၂၈.၄၅ တန်ပိုမိုစီးထွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော မြန်မာ့လက်မှုလက်ရာ ထန်းလျှော်နှင့်ဝါးနှီးထွက်ပစ္စည်း ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မြန်မာ့လက်မှုပစ္စည်း ထန်းလျှော်နှင့် ဝါးနှီးထွက်ပစ္စည်းများ ရောင်းချလျက်ရှိရာ ဈေးနှုန်းဈေးကွက်အခြေအနေများ သိရှိနိုင်ရန် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့သည် ဈေးဆိုင်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

     ထန်းလျှော်ဖြင့်ရက်လုပ်ထားသည့် ထန်းလျှော်ဖျာ(၁)ချပ်လျှင် အသေး၊ အကြီးပေါ်မူတည်၍ ၁၅၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ ရောင်းချရကြောင်း၊ အခြားအသုံးအဆောင် ပစ္စည်းများဖြစ်သည့် ထန်းခေါက်ထိုင်ခုံ(၁)တစ်လုံးလျှင် ၇၀၀၀ ကျပ်၊ ထန်းလျှော်တောင်းအကြီး (၁) လုံးလျှင် ၇၀၀၀ ကျပ်၊ ထန်းလျှော်လက်ဆွဲခြင်း(၁)လုံးလျှင် ၃၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။

     ဒေသထွက်ဝါးနှီးဖြင့်ပြုလုပ်ထားသည့် ဝါးနှီးဖျာအချော(၁)ချပ်လျှင် ၂၂၀၀၀ကျပ်နှင့် အကြမ်း (၁)ချပ်လျှင် ၁၇၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း၊ ဝါးနှီးခမောက်အသေး အကြီးပေါ်မူတည်၍ ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ဂျုံခမောက်(၁)ချပ်လျှင် ၃၅၀၀ကျပ်၊ တောင်သူများအသုံးပြုသည့် ရိုင်(၁) လိပ်လျှင် ၂၁၀၀၀ ကျပ်၊ ဇကော(၁)ချပ်လျှင်  ၄၅၀၀ကျပ်၊ ဇကာ(၁)ချပ်လျှင် ၄၀၀၀ကျပ် ၊ သောက်ရေအိုးဖုံး(၁)ခုလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိရှိကြောင်း၊ တံမြက်စည်းကြမ်း(၁)ချောင်းလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ကျပ်၊ တံမြက်စည်းနု(၁)ချောင်းလျှင် ၃၀၀၀  မှ ၄၀၀၀ ကျပ်အထိ ရောင်းချရကြောင်း ဝါးနှီးနှင့် ထန်းလျှော်ထွက်ပစ္စည်း ရောင်းချသည့်ဆိုင်မှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မြင်းခြံခရိုင်၏ ဆောင်းကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့်တင်ပို့မှုအခြေအနေ

         မန္တလေးတိုင်းဒေသကြီးအတွင်းမှာဆိုလျှင် မြင်းခြံခရိုင်၏ ဆောင်းကြက်သွန်နီမှာ အကြီးစတစ်ပိဿာလျှင် (၃၆၀၀)ကျပ်မှ(၄၂၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၂၉၀၀)ကျပ်မှ (၃၄၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင်(၂၆၀၀)ကျပ်မှ(၃၀၀၀)ကျပ်ဖြင့် အမျိုးအစားလိုက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်တစ်ပတ်တွင် ဆောင်းကြက်သွန်နီ အကြီးစတစ်ပိဿာလျှင် (၃၅၀၀)ကျပ်မှ(၄၀၀၀) ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၂၈၀၀)ကျပ်မှ(၃၃၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင်(၂၅၀၀) ကျပ်မှ(၂၇၀၀)ကျပ်များဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ယခင်တစ်ပတ်ထက် ကြက်သွန်နီအရွယ်အစားအလိုက် တစ်ပိဿာလျှင်(၁၀၀)ကျပ်မှ(၃၀၀)ကျပ်ထိမြင့်တက်ခဲ့ပြီး အရည်အသွေး၊ အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းများလဲကွာခြားမှုရှိကြောင်းသိရသည်။

           စိုက်ပျိုးထွက်ရှိရာ ကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများသို့ နေ့စဉ်ကုန်ချိန်ပိဿာ(၅၀၀၀၀) ကျော်မှ(၇၀၀၀၀)ကျော်ခန့် ဝင်ရောက်လျက်ရှိပြီး ဈေးကွက်တင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့်မော်လမြိုင်မြို့များသို့(၆)ဘီး၊ (၁၂)ဘီး ကားဖြင့် တင်ပို့လျက်ရှိပြီး၊ ယခုတစ်ပတ်တွင် တင်ပို့မှုအနေဖြင့် ကုန်ချိန်(၆၅၁၆၄) ပိဿာကျော်၊ တန်ချိန်အားဖြင့်(၄၃၃)တန်ခန့် တင်ပို့ခဲ့ကြောင်း၊ ယခင်တစ်ပတ်တင်ပို့မှု အနေဖြင့် (၂၃၈၂၁၉) ပိဿာကျော်၊ တန်ချိန်အားဖြင့်(၃၈၉)တန်ခန့် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ တင်ပို့နိုင်မှုအနေဖြင့် ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ဆောင်းကြက်သွန်နီကုန်ချိန်ပိဿာ (၂၆၉၄၅)ပိဿာ၊ တန်ချိန်အားဖြင့်(၄၄)တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း မြင်းခြံမြို့ရှိ ကြက်သွန်နီကုန်သည်တစ်ဦးထံမှ သိရှိရသည်။

           မြင်းခြံခရိုင်မှ ထွက်ရှိသော ဆောင်းကြက်သွန်နီခေါ် နွေကြက်သွန်နီကို နှစ်စဉ် ဒီဇင်ဘာလနှင့် ဇန္နဝါရီလတို့တွက် စတင်စိုက်ပျိုးပြီး၊ မတ်လနှင့်ဧပြီလတို့တွင် ရိတ်သိမ်းကြောင်းသိရသည်။ ထွက်ပေါ်ချိန်မှစ၍ (၈)လကြာ သိုလှောင်နိုင်၍ ရှေ့လာမည့် ဒီဇင်ဘာလတွင် ဆောင်းကြက်သွန်နီများ ဈေးကွက်အတွင်းမှ(ရာသီကုန်ဆုံးတော့မည်) ထွက်ခွာတော့မည်ဖြစ်ပါသဖြင့် ဈေးနှုန်းများအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူခရိုင်တွင် ဖြစ်ပေါ်နေသော မြေပဲလုံးဆံဈေးနှုန်းနှင့် မြေပဲအတောင့်ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းသီးနှံမြေပဲများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ထိုသို့စိုက်ပျိုးရာတွင် မျိုးမြေပဲဆံများကို ဒေသတွင်းတောင်သူများထံမှလည်းကောင်း၊ အခြားဒေသများမှလည်းကောင်းဝယ်ယူရကြောင်း၊ ဆီစက်လုပ်ငန်းရှင်အချို့မှလည်း မြေပဲလုံးဆံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှဝယ်ယူပြီး မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ပြန်လည် ရောင်းချကြောင်း၊ မြေပဲလုံးဆံကို ဆီကြိတ်ရုံသာမက အစားအသောက်များတွင်လည်း ထည့်သွင်းအသုံးပြုခြင်းနှင့် တွဲဖက်စားသုံးခြင်းတို့ကိုပြုလုပ်ကြကြောင်း၊ ကန့်ဘလူခရိုင်၌ နိုဝင်ဘာလ ဒုတိယပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင် ငွေကျပ် ၃၅၀၀၀နှင့် မြေပဲလုံးဆံ(၁)တင်းလျှင် ငွေကျပ် ၁၃၆၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအပတ်တွင် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက မြေပဲအတောင့်ဈေးနှုန်းနှင့် မြေပဲလုံဆံဈေးနှုန်းများမှာ တည်ငြိမ်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အထက်မင်းလှမြို့နယ်၊ ထန်းကိုင်းကျေးရွာ၌ ဖူးစားပြောင်း(အဖြူ)မျိုးများစိုက်ပျိုးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ထန်းကိုင်းကျေးရွာ၌ ဖူးစားပြောင်း (အဖြူ)မျိုးကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် တောင်သူ(၁၅)ဦးက စိုက်ဧက (၂၅)ဧကခန့် စိုက်ပျိုးထားကြောင်းသိရသည်။
စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ မျိုးကို အထက်မင်းလှမြို့ရှိ စိုက်ပျိုးရေးဆေးဆိုင်များမှဝယ်ယူပြီး (၁)ဘူးလျှင် ကျပ်(၅၈၀၀၀)ပေးရကြောင်း၊ (၁)ဧကလျှင် မျိုး (၆)ဘူးခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၂)လခွဲအကြာတွင် ခူးဆွတ်ရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် မျိုးဖိုး၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်း ကျပ်(၄) သိန်းခန့်ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင် သွင်းအားစုစရိတ်မြင့်တက်လာ၍ ကျပ်(၅)သိန်းခွဲထိကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် အဖူးရေ (၅၀၀၀)ထိထွက်ရှိခဲ့ပြီး ဈေးနှုန်းအနေဖြင့် (၁)ဖူးလျှင် လက်ကားဈေး ကျပ်(၃၀၀)ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှ-သရက်ကားလမ်းဘေးရှိ ပြောင်းဖူးဒိုင်သို့ တင်သွင်းရောင်းချကြောင်း၊ ယခင်နှစ် အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၉)သိန်းကျော်ရရှိခဲ့ကြောင်း ထန်းကိုင်းကျေးရွာနေ ပြောင်းစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။
DOCA(မကွေး)

မကွေးဈေးကွက်၌ အရောင်းအဝယ်ဖြစ်နေသည့် နှမ်းဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ် သီးနှံပွဲရုံများတွင် မကွေးခရိုင်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှထွက်ရှိသည့် နှမ်းများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)တွင် နှမ်းနက်စမုံတစ်တင်းလျှင် ငွေကျပ် (၁၂၁၀၀၀-၂၁၅၀၀၀)၊ နှမ်းဖြူ (ဂျပန်) တစ်တင်းလျှင် ငွေကျပ် (၁၂၇၀၀၀-၁၂၈၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ငွေကျပ်(၁၂၅၀၀၀)နှင့် နှမ်းနီတစ်တင်းလျှင် ငွေကျပ်(၁၀၅၀၀၀-၁၁၅၀၀၀)ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များက ဝယ်ယူကြကြောင်းနှင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)

မုံရွာမြို့၏ အာလူးဈေးနှုန်းအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို လေ့လာ၍ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတစ်ဆင့် မုံရွာမြို့ရှိ လက္ကားကုန်သည်များမှတစ်ဆင့် မုံရွာခရိုင်အတွင်းရှိ လက်လီ အရောင်းဆိုင်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

     ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့၊ ကန်သာယာဈေးရှိ အာလူးသီးဈေးနှုန်းများမှ  အာလူးသီး (၁) ပိဿာလျှင်  ၆၀၀၀ ကျပ်၊ ၈၀၀၀ ကျပ်တို့ဖြင့် ရောင်းချကြောင်း၊ အာလူးသီးဈေးနှုန်းများမြင့်တက်နေသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

“နှံစားပြောင်းသီးနှံများရိတ်သိမ်းလျက်ရှိ”

            မန္တလေးတိုင်းဒေသကြီး၊‌ ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးလျက်ရှိပါသည်။ စီးပွားလည်းဖြစ်ဝင်ငွေတိုးသော နှံစားပြောင်းသီးနှံကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ ခရိုင်အတွင်း နှံစားပြောင်းစိုက်ဧက (၄၂၀၅)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ် တွင် (၂၈၄၁)ဧက၊ မြစ်သားမြို့နယ်တွင် (၁၃၆၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနိုဝင်ဘာလဆန်းပိုင်းမှစတင်၍ နှံစားပြောင်းကို ကျောက်ဆည်မြို့နယ်တွင် (၈၀၁)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ အများဆုံးရိတ်သိမ်းသောရွာများမှာ ကျောက်ဆည်မြို့နယ်တွင် နောင်ခမ်း၊ ကင်းနှင့်တောင်တော်ရွာများဖြစ်ပြီး ဇူလိုင်လတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုနိုဝင်ဘာလဆန်းပိုင်းတွင် စတင်ထွက်ရှိခဲ့ခြင်းဖြစ်ပါသည်။ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ထွက်တိုးနီမျိုးများဖြစ်ပြီး စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၅၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် (၃၅-၄၀)တင်းအထိ ထွက်ရှိကြောင်း၊ နှံစားပြောင်းစျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၃၀၀၀၀/-)ကျပ် ဖြင့်  ရောင်းဝယ်လျှက်ရှိကြောင်း ၊  တစ်ဧကအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက (၉၅၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့သွားရောက်ရောင်းချကြကြောင်း၊ ပွဲရုံများမှ မန္တလေးနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ နှံစားပြောင်းသီးနှံစိုက်ပျိုးခြင်းဖြင့် ကျွဲ၊ နွားစာများဖူလုံသည့်အပြင် ပြောင်းရိုးများကိုလည်း အခင်းပြတ်ရောင်းချရသဖြင့် အပိုဝင်ငွေများရရှိသောကြောင့် နှံစားပြောင်းသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း စိုက်ပျိုးသောတောင်သူ တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)  

“ဆောင်းနှမ်းများစတင်စိုက်ပျိုး”

               မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုးသောသီးနှံများအနက် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့်နှမ်းသီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ ဆောင်းနှမ်းကို မြစ်သားမြို့နယ်တွင် (၂၉၀၉) ဧကစိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ အများဆုံးစိုက်ပျိုးသောမျိုးများမှာ နှမ်းနက်နှင့် နှမ်းညိုမျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ ဆောင်းနှမ်းကို  အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများတွင် ထွက်ရှိမှာဖြစ်ကြောင်း၊ ဆောင်းနှမ်းစိုက်ပျိုးမှုအနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၃၅၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ သပြေသာရွာ၊ တမာပင်ရွာနှင့်ဟင်းလျှာကန် ရွာများတွင် အများဆုံးစိုက်ပျိုးထားရှိပါသည်။ ဆောင်းနှမ်းကိုဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ဆောင်းနှမ်းထွက်ပေါ်ချိန်တွင် တစ်ဧကလျှင်  (၁၀ - ၁၁ )တင်းခန့် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း၊ နှမ်းဈေးနှုန်းအနေဖြင့် နှမ်းညိုတစ်တင်းလျှင် (၁၀၀၀၀၀/-)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၉၂၀၀၀/-)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၁၃၇၀၀၀/-)ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ နှမ်းပေါ်ချိန်တွင် မြို့ပေါ်ပွဲရုံများသို့သွားရောက်ရောင်းချကြကြောင်း၊ ပွဲရုံများမှ မန္တလေးနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း၊   ဆောင်းနှမ်းများရိတ်သိမ်းချိန်တွင်လည်း ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း နှမ်းစိုက်ပျိုးသောတောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း