ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဓာတုဆေးဝါးပါရှိခြင်းမရှိသည့် သဲကုန်းဒေသထွက်ဩဇာသီးများ ဈေးကောင်းရရှိ

        ယခုလိုမိုးနှောင်းကာလတွင် ခြံစိုက်တောင်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ဒေသထွက် ဩဇာသီးများသည် ဓာတုဆေးဝါးသုံးစွဲခြင်းမရှိ၊ သဘာ ဝရင့်မှည့်သည့်အတိုင်း ရောင်းချသည့်အတွက် ဈေးကွက်အတွင်းဈေးကောင်းရရှိနေကြောင်း သိရပါသည်။ သဲကုန်းမြို့နယ်တွင် ဩဇာသီးကိုအခြားစိုက်ပျိုးပင်များသို့ ဧကလိုက်စိုက်ပျိုးမှုမရှိဘဲ ခြံတိုင်း၊ အိမ်တိုင်းလိုလို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ယခုအောက်တိုဘာလဒုတိယပတ် ဩဇာသီးလက်ကျန်နည်းသည့်အချိန်တွင် ဈေးကွက်အတွင်းဩဇာသီးအကြီးတစ်လုံး (၅၀၀-ကျပ် မှ၇၀၀-ကျပ်)၊ အသေးတစ်လုံး (၃၀၀-ကျပ်မှ၄၀၀-ကျပ်)နှုန်းဖြင့်ရောင်းချနေပြီး ဒေသတွင်းနှင့် ရန်ကုန်၊ လက်ပံတန်းမြို့များသို့တင်ပို့ ရောင်းချလျက်ရှိရာ ဈေးကွက်အတွင်းလူကြိုက်များ၍ ဈေးကောင်းရရှိနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်အတွင်းရှိမှော်ဇာမြို့၏ ဟင်းသီးဟင်းရွက်များ အရောင်းအဝယ်ဖြစ်လျက်ရှိ

             ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ မှော်ဇာအုပ်စုတွင် ကျေးရွာခွဲ (၁၅)ရွာရှိပြီး ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သည့် ကျေးရွာ (၅)ရွာရှိရာ ရာသီအလိုက် ဟင်းသီးဟင်းရွက်များအပြင် မုန်လာဥ၊ ကြက်သွန်နီ၊ သခွားသီး၊ နှင့်ပြောင်းဖူးများကိုလည်း စိုက်ပျိုးကြောင်းသိရှိရပါသည်။ စိုက်ပျိုးထွက်ရှိသည့် ရာသီအလိုက်ဟင်းသီးဟင်းရွက်များကို မှော်ဇာအုပ်စုရှိ ဟင်းသီးဟင်းရွက်အဝယ်ဒိုင်များသို့ သွားရောက်ရောင်းချကြပါသည်။ ဟင်းသီးဟင်းရွက်အဝယ်ဒိုင်များမှာ ဟင်းသီး/ ဟင်းရွက် စိုက်ပျိုးသောတောင်သူများထံမှ အခင်းပြတ်ဝယ်ယူခြင်းဖြင့်လည်းကောင်း၊ မျိုး၊ စိုက်စရိတ် ကြိုတင်ငွေပေးခြင်းဖြင့်လည်းကောင်း ဝယ်ယူကြသလို ဟင်းသီးဟင်းရွက်ဒိုင်များသို့ လာရောက်ရောင်းချကြပါသည်။ ကုန်စိမ်းဒိုင်များက   တောင်သူများထံမှ သီးနှံပေါက်စျေးအလိုက်ဝယ်ယူ၍ ပြည်မြို့အတွင်းရှိဈေးကွက်များ၊ အခြားနယ်မြို့များ၊ သီရိမင်္ဂလာစျေးနှင့် ဒညင်းကုန်းစျေးများသို့တင်ပို့ရောင်းချကြောင်း လေ့လာသိရှိရပါသည်။

            ပြည်ဈေးကွက်အတွင်းရောင်းချသော ဟင်းသီးဟင်းရွက်စျေးနှုန်းများမှာ မုန်လာဥ(၅)လုံးပါ တစ်တွဲလျှင် (၅၀၀)ကျပ်၊ ပြောင်းဖူးတစ်ဖူးလျှင် (၃၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၅၀၀) ကျပ် ၊ သခွားသီးတစ်လုံးလျှင် (၂၀၀) ကျပ်နှင့် နံနံပင်တစ်စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ဟင်းသီးဟင်းရွက်သည် စားသုံးသူများ၏ နေ့စဉ်ဝယ်ယူ ချက်ပြုတ်စားသောက်သည့် သီးနှံများဖြစ်သဖြင့် ဟင်းသီးဟင်းရွက်စိုက်တောင်သူများအနေဖြင့် နေ့စဉ်ဝင်ငွေလည်းရ၊ စားသုံးသူများမှာလည်း ရာသီစာသီးနှံမျာကို ၁၂လရာသီသုံးစွဲနိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ဈေးမြင့်တက်လာသော ခရမ်းချဉ်သီးဈေးကွက်

            ပြည်မြို့ရှိကုန်စိမ်းဈေးကွက်တွင် ယခုအပတ်၌ ရှမ်းပြည်ဘက်မှဝင်ရောက်လာသော ခရမ်းချဉ်သီးများ ဈေးနှုန်းပြန်လည်မြင့်တက်လာခဲ့ပါသည်။ ခရမ်းချဉ်သီးစိုက်ပျိုးထွက်ရှိသည့် ရှမ်းပြည်ဒေသတော်တော်များများတွင် မိုးရေများနစ်မြုပ်မှုများကြောင့် ဈေးပြန်လည်မြင့်တက်လာကြောင်း သိရပါသည်။ ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၈၀၀-၃၂၀၀)ကျပ် ဖြစ်၍ ယခုအပတ်ဖြစ်သော အောက်တိုဘာလတတိယပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၄၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၏ဘိလပ်မြေဈေးကွက်

           ပြည်ဈေးကွက်တွင် ၂၀၂၄ခုနှစ်၊ မေလတွင်ရောင်းချခဲ့သော ဘိလပ်မြေဈေးများမှာ ကြံ့နီ တစ်အိတ်လျှင် ၁၇၀၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၄၀၀၀ကျပ်၊ အပါချီတစ်အိတ်လျှင် ၁၄၅၀၀ ကျပ်ဖြင့် ဈေးများမြင့်တက်လာခဲ့ရာမှ ယခုအပတ်ဖြစ်သော အောက်တိုဘာလတတိယပတ်တွင် ဘိလပ်မြေဈေးများအနည်းငယ်ကျဆင်းလာခဲ့ပါသည်။ ဈေးနှုန်းများအနေဖြင့် ကြံ့နီတစ်အိတ်လျှင် ၁၁၀၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၀၈၀၀ကျပ်၊ အပါချီတစ်အိတ်လျှင် ၁၀၀၀၀ကျပ်ဖြင့် ရောင်းချလျှက်ရှိသဖြင့် ဆောက်လုပ်ရေးရာသီမဟုတ်ခြင်းဖြစ်သည့်အတွက် ဈေးနှုန်းများကျဆင်းလာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူဘိလပ်မြေဈေး

             တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု မင်းလမ်းရွာရှိ ‘အောင်’ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့ ကျောက်ဆည်မှဘိလမ်မြေများ အဝင်အများဆုံးဖြစ်သည့် ကြံ့နှစ်ကောင်(အနီ)၊ Apache, Max သုံးမျိုးရောင်းချလျက်ရှိရာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က ကြံ့နှစ်ကောင်  (အနီ) ၁၁၀၀၀ ကျပ်၊ Apache ၁၀၈၀၀ ကျပ်၊ Max ၁၀၇၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။

             ယခုအောက်တိုဘာလ တတိယအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ၁၀၈၀၀ ကျပ်၊ Apache ၁၀၆၀၀ ကျပ်၊ Max ၁၀၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ဘိလပ်မြေဈေးများငြိမ်လျက်ရှိပြီး အရောင်းအဝယ်ကောင်းကြောင်း ‘အောင်’ အိမ်ဆောက်ပစ္စည်းထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊ ဖြူးမြို့တွင် မတ်ပဲဈေးကျပြီး ပဲတီစိမ်းဈေးတက်

       တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခင်စက်တင်ဘာလက မတ်ပဲ(ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၉၂၀၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်အိတ်လျှင် ၁၅၉၀၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၃၃၀၀၀ ကျပ် ဈေးနှုန်းကျဆင်းပါသည်။

           ပဲတီစိမ်းမှာ ယခင်လက (ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၂၀၀၀၀ ကျပ် ဈေးတက်ပါသည်။

              ပဲလွန်းဖြူမှာ အရောင်းအဝယ်မဖြစ်ကြောင်း ဖြူးမြို့ ကမ္ဘာကြည်ပွဲရုံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ ကျွဲကောသီး

             မိုးရာသီတွင် လှိုင်လှိုင်ပေါသော ကျွဲကောသီးလေးများသည် အချဉ်ဓါတ်အက်ဆစ်ပါရှိသော သစ်သီးမျိုးနွယ်ဝင်ဖြစ်ပါသည်။ ကျွဲကောသီးထဲတွင် ဘီတာမင်စီအမြောက်အများပါသော ကြောင့် သွေးလွှတ်ကြောများ ဆန့်ခြင်း၊ ကျုံ့ခြင်းများကို လုပ်ဆောင်ပေးနိုင်ပါသည်။

            ခန္ဓာကိုယ် အလေးချိန်ကျလိုသူများအတွက်လည်း ကျွဲကောသီးက များစွာကောင်းကျိုးပြုသည့်အပြင် ပုံမှန်စားသုံးပေးခြင်းအားဖြင့်  ပင်ပန်းနွမ်းလျခြင်း၊ အိပ်မပျော်ခြင်း၊ လည်ပင်းနာခြင်းနှင့် ဆီးချိုရောဂါများကိုပါ ကာကွယ်နိုင်ပါသည်။ ကျွဲကောသီးစားသုံးခြင်းကြောင့် ကောင်းကျိုးများစွာရရှိနိုင်၍ လူကြီးလူငယ်မရွေးစားသုံးသင့်သော အသီးတစ်မျိုးဖြစ်ပါသည်။

        ကျွဲကောသီးတစ်လုံးလျှင် ၁၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ အလုံးအသေးအကြီးပေါ် မူတည်၍ ရောင်းချလျှက်ရှိကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးမှ သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ကြက်ဥဈေးအနည်းငယ်ကျဆင်းပြီး ဘဲဥဈေးတည်ငြိမ်

          တောင်ငူမြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်များရှိဆိုင်များအပြင် ကျေးရွာများရှိ ကုန်စုံဆိုင်များတွင်လည်း စားသုံးသူပြည်သူများအနေဖြင့် ဟင်းတစ်မယ်အဖြစ် အလွယ်တကူကြော်၍ လည်းကောင်း၊ ပြုတ်၍လည်းကောင်း၊ ချက်၍လည်းကောင်း သုံးစွဲနိုင်သည့် ကြက်ဥနှင့်ဘဲဥများ ရောင်းချလျက်ရှိပါသည်။ ကြက်ဥ၊ ဘဲဥများကို တောင်ငူမြို့နယ်အတွင်းရှိ မွေးမြူရေးခြံများမှ ရရှိသည့်အပြင် အခြားဒေသများမှလည်း တင်ပို့ရောင်းချလျက်ရှိပါသည်။

               ယခင်လက ကြက်ဥများမှာ အလုံး/ အကြီး၊ အသေးပေါ်မူတည်၍ ကြက်ဥတစ်လုံးလျှင် ၃၇၀ ကျပ်မှ ၃၉၀ ကျပ်ရှိရာမှ ယခုလတွင် တစ်လုံးလျှင် ၃၆၅ ကျပ်မှ ၃၈၅ ကျပ်အထိ ရှိသဖြင့် တစ်လုံးလျှင် ၅ ကျပ်ခန့် ဈေးနှုန်းကျဆင်းပါသည်။

                ဘဲဥမှာလည်း အလုံးအကြီးအသေးအပေါ်မူတည်၍ တစ်လုံးလျှင် ၄၅၀ ကျပ်မှ ၅၀၀ ကျပ် အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ကြက်ဥ၊ ဘဲဥများသည် ချက်ပြုတ်ရလွယ်ကူပြီး ဈေးနှုန်းလည်းသင့်တင့်သည့်အပြင် အဟာရလည်းကြွယ်သဖြင့် ရောင်းအားကောင်းကြောင်း ကြက်ဥ၊ ဘဲဥ အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် ဖြူးမြို့မှ ရွှေပန်း၊ ငွေပန်းဈေးကွက်

          တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရောင်းကုန်တစ်ခုဖြစ်သော ရွှေပန်း၊ ငွေပန်းများသည် ယခုအခါ လှိုင်လှိုင်ပွင့်ဝေ၍ ဈေးကွက်အတွင်း  ရာသီပန်းများအဖြစ်ရောင်းချလျက်ရှိပါသည်။ ရပ်ကွက်အတွင်း အချို့အိမ်များတွင် အလှစိုက်၍သော်လည်းကောင်း၊ တပိုင်တနိုင်စိုက်ပျိုးပြီး အပွင့်များရောင်းချ၍သော်လည်းကောင်း စိုက်ပျိုးကြပါသည်။

             ရာသီပေါ်ပန်းရောင်းသော ပန်းသည်များသည် တစ်ရာသီတစ်မျိုးပေါ်နေသော ပန်းများကိုဝယ်ယူ၍သီကုံးပြီး တဆင့်ပြန်လည်ရောင်းချခြင်းဖြင့် ဝင်ငွေရရှိလျက်ရှိပါသည်။ ပန်းစိုက်ပျိုးသူများသည် ပန်းသည်များထံသို့ ရွှေပန်း၊ ငွေပန်းများအား အပွင့် ၁၀၀ လျှင် ၇၀၀ ကျပ်နှုန်းဖြင့် ပန်းရောင်းသူက ကိုယ်တိုင်သီကုံး၍ သုံးပွင့်ပါတစ်ကုံးလျှင် ၁၀၀ ကျပ်၊ သုံးကုံးလျှင် ၂၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချပါသည်။

              ယခင်နှစ်က သုံးပွင့်ပါတစ်ကုံးလျှင် ၅၀ ကျပ်ဖြင့် ရောင်းချရသဖြင့် ယခုနှစ်တွင် ဈေးကောင်းရသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ရွှေပန်း၊ ငွေပန်းကုံးများကို ဘုရားပန်းကပ်လှူ၍လည်း ကောင်း၊ မော်တော်ယာဉ်များတွင် ချိတ်ဆွဲ၍လည်းကောင်း ဝယ်ယူကြကြောင်း ပန်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ကြက်သွန်နီဈေးတက်ပြီး ငရုတ်သီးခြောက်ဈေးကျ

            တောင်ငူမြို့တွင် ကြက်သွန်နီမှာ ယခင်စက်တင်ဘာလနောက်ဆုံးပတ်က တစ်ပိဿာ လျှင် အသေး၂၀၀၀ ကျပ်၊ အလတ် ၂၃၀၀ ကျပ်၊ အကြီး ၂၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာ လျှင် အသေး ၂၃၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၃၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ် အထိ ဈေးနှုန်းမြင့်တက်ပါသည်။

            ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၁၀၀၀၀ ကျပ်၊ အလတ် ၁၂၀၀၀ ကျပ်၊ အကြီး ၁၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

          ငရုပ်သီးခြောက် အပု/ အရှည်မှာ ယခင်စက်တင်ဘာလ နောက်ဆုံးပတ်က တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိရှိသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

    ငရုပ်သီးခြောက်အပွမှာ ယခင်စက်တင်ဘာလနောက်ဆုံးအပတ်က တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်း ၂၀၀၀ကျပ် ကျဆင်းကြောင်း တောင်ငူမြို့ရှိ ကုန်စုံဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း