ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အရောင်းအဝယ်ဖြစ်ထွန်းနေသော အုန်းသီးဈေးကွက်

        ဖျာပုံမြို့နယ်တွင် အုန်းသီးဈေးကွက် (၇၀၀၀) ကျော်ရှိပါသည်။ အုန်းသီးကို မြန်မာ့ရိုးရာမုန့်များတွင် တွဲဖက်စားသုံးကြပါသည်။ မြန်မာမုန့်များအတွက် မရှိမဖြစ်လိုအပ်သော တွဲဖက်အစားအစာလည်းဖြစ်ပါသည်။ထို့ပြင် အုန်းသီးကို အရည်သောက်အနေဖြင့်လည်းသောက်သုံးခြင်း၊ အသားနုစားသောက်ခြင်းများကိုလည်း ကမ်းခြေဒေသများအပြင် မြို့ပြများတွင်ပါ ဝယ်ယူစားသုံးလာကြပါသည်။ အုန်းသီးကို တိုင်းရင်းသားဒေသများ၊ မြန်မာပြည်အလယ်ပိုင်းဒေသများရှိ ပြည်သူများလည်းသုံးစွဲကြပါသည်။ မြန်မာပြည်အ့ မိရိုးဖလာအသုံးပြုမှုအတွက်ကြောင့် ကြွက်ညှာအုန်း(ဆွဲအုန်း) အနေဖြင့်လည်း အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိပါသည်။ သုံးစွဲမှုများပြားခြင်းကြောင့် ရောင်းဝယ်ဖောက်ကားမှုဈေးကွက်တစ်ခုဖြစ်လာပါသည်။

          ဖျာပုံမြို့နယ်၊ ဂျိုဝါကျောက်ရဲကျေးရွာတွင်နေထိုင်ပြီး အုန်းသီးအရောင်းအဝယ်လုပ်ကိုင်နေသော ဦးမျိုးနှင့်တွေ့ဆုံ၍ လုပ်ငန်းအခြေအနေများအား လေ့လာမေးမြန်းရာတွင် ၎င်းက “ယခုအချိန်သည် မြန်မာနိုင်ငံ၏ သီတင်းကျွတ်ပွဲတော်ရက်ဖြစ်ခြင်းကြောင့် အုန်းသီးအဝယ်လိုက်ကာလဖြစ်ကြောင်း၊ အညှာပါ အုန်းသီးတစ်လုံးလျှင် (၁၈၀၀) ကျပ်၊အခွံခွာ အုန်းသီးတစ်လုံးလျှင် (၁၁၀၀) ကျပ်ဈေးနှုန်းဖြင့်ဝယ်ယူရကြောင်း၊  တင်ပို့ရာဒေသများအနေဖြင့် ရန်ကုန်(ကြည့်မြင်တိုင်) ပွဲရုံ၊ ပြည်၊အောင်လံ၊ အောင်ပန်း၊ တောင်ကြီးဒေသများသို့တင်ပို့ကြောင်း၊ ရောင်းဈေးအနေဖြင့် အညှာအုန်းသီးတစ်လုံးလျှင် (၂၃၀၀) ကျပ်၊ အခွံခွာ အုန်းသီးတစ်လုံးလျှင် (၁၄၀၀) ကျပ်ဖြင့် ပြန်လည်ရောင်းချရကြောင်း၊ အုန်းသီးသယ်ယူစရိတ်နှင့် အခြားကုန်ကျစရိတ်များအနေဖြင့် အုန်းသီးတစ်လုံးလျှင် (၃၀၀) ကျပ်ကုန်ကျကြောင်း၊ အုန်းသီးတစ်လုံးပေါ်တွင် အသားတင်အမြတ်(၂၀၀) ကျပ်ရှိကြောင်း၊ အုန်းသီးဈေးကွက်အနေဖြင့် မြန်မာနိုင်ငံ၏ သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်၊ မြန်မာနှစ်ကူးကာလတို့တွင် အရောင်းအဝယ်အကောင်းဆုံးကာလများဖြစ်ကြောင်း တွေ့ဆုံမေးမြန်းမှုများအရ” သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြင်းခြံခရိုင်၏ နွေကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့်တင်ပို့မှုအခြေအနေ

      မန္တလေးတိုင်းဒေသကြီးအတွင်းမှာဆိုလျှင် မြင်းခြံခရိုင်၏ နွေကြက်သွန်နီသည် ပထမတန်းစားကြက်သွန်နီဟုဆိုနိုင်ပြီး ပုံသဏ္ဍာန်အားဖြင့် လုံးဝိုင်း၍ အနီရင့်ရောင်ရှိပြီး၊ အခွံပါးကာ အရည်အသွေးကောင်းသောကြောင့် အထားအသိုမှာလည်း(၆)လမှ(၈)လထိ သိုလှောင်ထားရှိနိုင်ပါသည်။

     ယခုအောက်တိုဘာလ စတုတ္ထပတ်၏ နွေကြက်သွန်နီဈေးနှုန်းမှာ အကြီးစတစ်ပိဿာလျှင် (၂၇၀၀)ကျပ်မှ (၃၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၂၄၀၀)ကျပ်မှ (၂၆၀၀)ကျပ်၊ အသေးစ  တစ်ပိဿာလျှင်(၂၀၀၀)ကျပ်မှ (၂၃၀၀)ကျပ်ထိ အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင် အောက်တိုဘာလ တတိယပတ်တွင် ကြက်သွန်နီ အကြီးစတစ်ပိဿာလျှင်(၂၂၀၀) ကျပ်မှ (၂၅၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၁၉၀၀)ကျပ်မှ(၂၁၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၁၇၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ ဒေသတွင်း ကြက်သွန်နီထွက်ရှိရာ ကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများသို့ နေ့စဉ်ကုန်ချိန်ပိဿာ(၅၀၀၀၀)မှ (၆၅၀၀၀) ကျော် ဝင်ရောက်လျက်ရှိပါကြောင်း၊ ယခုတစ်ပတ်တွင် ယခင်တစ်ပတ်ထက် ကြက်သွန်နီအရွယ်အစားအလိုက် တစ်ပိဿာလျှင်(၄၅၀)ကျပ်မှ (၆၀၀)ကျပ်ထိမြင့်တက်ခဲ့ပြီး အရည်အသွေး၊ အရွယ် အစားပေါ်မူတည်၍ ဈေးနှုန်းများလဲ ကွာခြားမှုရှိကြောင်း သိရသည်။ ဈေးကွက်တင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့်မော်လမြိုင်မြို့များသို့ တင်ပို့လျက်ရှိပြီး၊ အပတ်စဉ်ကုန်ချိန် (၁၉၄၇၄၀) ပိဿာကျော်၊ တန်ချိန်အားဖြင့်(၃၁၈)တန်ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

 

“ပြင်ဦးလွင်မြို့၏ ထောပတ်သီး၊စျေးနှုန်းစျေးကွက်အခြေအနေ”

       ပြင်ဦးလွင်မြို့နယ်တွင် နှစ်ရှည်သီးနှံများအနက် စျေးနှုန်းစျေးကွက်ကောင်းမွန်သော ထောပတ်သီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ ပြင်ဦးလွင်မြို့နယ်တွင် ထောပတ်စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းအဖွဲ့ကို ၂၀၁၈ခုနှစ်တွင် စတင်ဖွဲ့စည်းပေးခဲ့ပြီး ယခုအချိန်အထိ စုဖွဲ့၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ အသင်းကြီးမှ ကြီးကြပ်၍ ရိတ်သိမ်းချိန်လွန်နည်းပညာ လက်ကမ်းစာစောင်များအား ထောပတ်စိုက်ပျိုးသည့် တောင်သူများအား ဖြန့်ဝေပေးလျက်ရှိပါ သည်။စက်တင်ဘာလတွင် ထောပတ်သီးများ စတင်ထွက်ရှိနေပြီဖြစ်ပါသည်။ ရင့်မှည့်သောအသီးများအား ရွေးချယ်ခူးဆွတ်၍ ပြည်သူများအား ဂရုစိုက်ရောင်းချပေးနိုင်ရန် ရင့်မှည့်မှုမရှိသေးသော အသီးများအား ခရီးသွားပြည်သူများ လက်ဝယ်သို့ မရောင်းချပေးနိုင်အောင် ပြင်ဦးလွင်မြို့ရှိ အထင် ကရနေရာများဖြစ်သော (BE)ရေတံခွန်၊ပြည်ချစ်ဘုရား၊ကန်တော်ကြီး၊ ပိတ်ချင်းမြောင်နှင့် လမ်းဘေးဆိုင်များသို့ အစုအဖွဲ့အလိုက် ကွင်းဆင်း၍ အသိပညာပေးမှုကို ဆောင်ရွက်ခဲ့ကြပါသည်။ ပြင်ဦးလွင်မြို့နယ်တွင် ထောပတ်စိုက်ဧက (၁၉၄)ဧကစိုက်ပျိုးထားရှိပြီး အသီးခူးဆွတ်နိုင်မှု ဧက(၁၅၀)ဧကရှိ၍ အထွက်နှုန်း(၆၇၈၄.၀၆)ထွက်ရှိပြီး မြန်မာမျိုးရင်းများဖြစ်သော (အမရာ)မျိုး၊ မြောက်ကျွန်းသူ(၁)မျိုး ၊ အစေ့မဲ့မျိုးများမှာ ဒေသတွင်းနာမည်ရသလို ယခုအခါတွင် နိုင်ငံခြားမှ Export တန်းဝင်မျိုးများ ဖြစ်သော ဟက်(Hass)၊ထောပတ် ဘုရင်၊ ဘာကေးနီးယား Buccaneer ၊ ပင်ကာတန်(Pinkertal)၊ Zuttano မျိုးများအား စိုက်ပျိုးထုတ်လုပ်နေပြီး ပြည်ပသို့တင်ပို့နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ အသင်းအဖွဲ့ထံမှ သိရှိရပြီး လက်ရှိတွင်လည်း ပြည်တွင်းစျေးကွက်တွင် ဝယ်လိုအားကောင်းပြီး စျေးကောင်းရရှိကာ 1Kgလျှင်(၇၀၀၀) ကျပ်အထိစျေးရရှိပြီး ဒေသမျိုးများမှာ တစ်လုံးလျှင်  (၃၀၀-၇၀၀)ကျပ်အထိ ရရှိကြောင်း၊ ထောပတ်စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် သိန်း(၇၀) ကုန်ကျကြောင်း၊ နိုင်ငံခြားမျိုးများအား ကိုင်းကူး၊ ကိုင်းဆက်စိုက်ပျိုးရေးနည်းပညာများဖြင့် အသင်း အစုအဖွဲ့များမှ ကိုယ်တိုင်စိုက်ပျိုး‌ပေးလျက်ရှိပါသည်။ နိုင်ငံခြားထောပတ်ပျိုးပင်(၁)ပင်လျှင် (၈၀၀၀-၁၅၀၀၀)ကျပ်အထိ ပေါက်စျေးရှိပြီး စိုက်စနစ်မှာ ပင်ခြား၊တန်းခြား(၂၀'×၂၀')ပတ်လည် လျှင် အပင်ရေ(၇၀) စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ရှမ်းတောင်ကြက်သွန်ဖြူနှင့် နနွင်းဈေးနှုန်းဈေးကွက်သုံးသပ်ချက်

         ယခု ၂၀၂၄ခုနှစ်၊ အောက်တိုဘာ လလယ်ပိုင်းတွင် ရှမ်းတောင်ကြက်သွန်ဖြူသည် သဘာဝရေဘေးဒဏ်ကြောင့် အရည်အသွေးနှင့်ကုန်စည်ဝင်ရောက်မှုနည်းပါးသဖြင့် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်)ဝင်ရောက်လာပြီး ၂၀၀၀၀ဈေးပေါက်နေပါသည်။ ရှမ်းတောင်ကြက်သွန်ဖြူမှာ ထူး၁- ၉၅၀၀၊ ထူး၂- ၁၁၅၀၀၊ ထူး၃- ၁၁၇၀၀၊ ထူး၄- ၁၂၅၀၀၊ ထူး၅- ၁၂၇၀၀၊ ထူးလွန် ၁၃၀၀၀မှ ၁၆၀၀၀ ဖြင့်တင်ပို့ရောင်းဝယ်နေကြပါသည်။ ရှမ်းကြက်သွန်ဖြူမှာ အဝင်ပါးသော်လည်း ရှိသည့်ကုန်စည်အရည်အသွေးပိုင်းကြောင့် ဈေးနှုန်းနှင့် ဈေးကွက်လှုပ်ရှားမှု နည်းပါးခဲ့ရပါသည်။ သဘာဝဘေးဒဏ်ကြောင့် အချို့လှောင်ကုန်များထိခိုက်မှုရှိပြီး အရည်အသွေးကျဆင်းခဲ့သဖြင့် ဈေးနှုန်းဈေးကွက် တန့်နေရခြင်းဖြစ်ပါသည်။

         နနွင်းသီးနှံမှာလည်း ပြည်ပဝယ်လက်နည်းပါးသော်လည်း ပြည်တွင်းသုံးစွဲမှုကြောင့် ဈေးမပြောင်းပဲ တောင်ပို့လ (ရှယ်)၁ပိသာ ၁၂၅၀၀၊ တောင်ပိုလ(လတ်) ၁၂၀၀၀နှင့် ဆင်တောင်(ရှယ်) ၁၀၅၀၀၊ ဆင်တောင်(လတ်) ၁၀၀၀၀နှင့် အညံစရောရာ ၉၀၀၀ကျပ်နှင့်ရောင်းဝယ်လျှက်ရှိပါသည်။ နနွင်းသီးနှံမှာပြည်ပဝယ်လက်နှင့် သယ်ယူပို့ဆောင်မှုလမ်းကြောင်းအပေါ်မူတည်၍ ဈေးတည်ငြိမ်နေဦးမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ကြံစိုက်ရာသီချိန်တွင် ပွက်သားဈေးနှင့် သကြားဈေးများ တက်လျက်ရှိ

    ကြံထွက်ရှိရာဒေသများဖြစ်ကြသည့် ကသာ၊ ထီးချိုင့်၊ တွင်းငယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာမြို့နယ်နှင့် ပြင်ဦးလွင်ခရိုင် ကြံစိုက်သည့်ဒေသတို့တွင် ကြံများကို ဩဂုတ်လမှ အောက်တိုဘာလတို့တွင် စိုက်ပျိုးကြသည်။ ကြံစိုက်ရာသီဖြစ်သည့်အတွက် ကြောင့် ယခုနှစ်တွင်မူ အောက်တိုဘာလမှစ၍ ပွက်သားနှင့် သကြားဈေးများ တက်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ပွက်သားတစ်ပိဿာလျှင် ၃၁၀၀ မှ ၃၁၅၀ ကျပ်၊ သကြားတစ်ပိဿာလျှင် ၃၆၅၀/၃၆၈၀ ကျပ်ထိရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ပွက်သားတစ်ပိဿာလျှင် ၃၄၀၀-၃၆၀၀ ကျပ်၊ သကြားတစ်ပိဿာလျှင် ၄၇၀၀-၅၀၀၀ အထိ ဈေးများမြင့်တက်လျှက်ရှိပြီး ပုံမှန်အရောင်းအဝယ်ရှိကြောင်း သိရှိရပါသည်။ သကြားများကို ပြည်ပကို တင်ပို့မှုနည်းသော်လည်း ပြည်တွင်း၌ နို့ချက်လုပ်ငန်း၊ ဂျုံဖြင့်ပြုလုပ်သော မုန့်မျိုးစုံလုပ်ငန်း၊ ယိုစုံ လုပ်ငန်း၊ အချိုရည်လုပ်ငန်းများ ပုံမှန်အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။ ကြံစိုက်ရာသီချိန်ဖြစ်သော်လည်း ပွက်သားလက်ကျန်နှင့် သကြားတို့ ဈေးတက်လျက်ရှိရခြင်းမှာ သွားလာရေးခက်ခဲခြင်း၊ သယ်ယူစရိတ်ကြီးမားခြင်း၊ စိုက်ပျိုးရေးစရိတ်ကြီးမားခြင်းနှင့် လုပ်အားခများ ဈေးတက်လာခြင်းဖြစ်ကြောင်း  သကြားနှင့် သကာရည်ကုန်စည်ဒိုင်အသင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

ရှမ်းတောင်ဒေသထွက်အာလူးသီးနှံဈေးနှုန်းဈေးကွက်သုံးသပ်ချက်

         ယခု၂၀၂၄ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း အာလူးသီးနှံကုန်စည်ဝင်ရောက်မှုပါးသဖြင့် ဈေးကွက်လိုအပ်ချက်မြင့်မားခဲ့ပါသည်။ အာလူးကြော်ဈေးကွက်အကြိုက်မာကစ် S1 S2 နှင့် မျက်နီ S1 S2 ဆိုဒ်များအဝင်အလွန်နည်းပါးခဲ့ပြီး ဈေးကွက်အတွင်းရှိအကြော်သီးဆိုဒ်များလည်ပုံမှန် ဝယ်လက်များပင် ပြည့်မှီအောင်မရောင်းနိုင်ဖြစ်နေသဖြင့် ဈေးကွက်ပျောက်သည့်သဘောဖြစ်နေပါသည်။ အသေးနှင့်အလတ်ဆိုဒ်များဖြစ်သည့် OK ၅၈၀၀၊ A1 ဆိုဒ် ၄၅၀၀မှ၅၀၀၀ခန့် A1ဆွဲ ၄၀၀၀နှင့် ဂေါ်လီဆိုဒ် ၂၀၀၀ခန့် ဆိုဒ်အလိုက်ဈေးပေါက်နေကြောင်းသိရပါသည်။

           အချို့သောတောင်သူများသည် ကုန်သည်ဈေးကွက်အစား ဈေးနှုန်းပိုရသောမိမိတို့တစ်နိုင်တစ်ပိုင် ဒေသဈေးကွက်သို့ရောင်းချဖြန့်ဖြူးခြင်းကြောင့်လည်း ကုန်ဝင်ပါးလာခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် ယခင်အကြော်သီးဆိုဒ်များ ဈေးမြင့်ရာမှ ယခုစားသုံးသူများ အသုံးများသည့်အသေး၊ အလတ်ဆိုဒ်များပါ ဈေးမြင့်လာခဲ့ပါသည်။ (စက)အာလူးပေါ်ချိန် ပွင့်လင်းရာသီအထိဈေးနှုန်းပြန်မကျနိုင်သေးကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ရှမ်း)

ကြက်သွန်နီ လက်ကျန်နည်းလာသဖြင့် ဈေးမြှင့်လာ

        မိတ္ထီလာဈေးကွက်တွင် အောက်တိုဘာလ တတိယပတ်၌ ကြက်သွန်နီမှာ ဒေသတွင်းလက်ကျန် နည်းလာသည့်အတွက် ဈေးမြင့်လာကြောင်း သိရသည်။ မိတ္ထီလာဈေးကွက်၌ အောက်တိုဘာလလယ်ထိ လက်ကားဈေးတစ်ပိဿာလျှင်(၂၀၀၀-၂၁၀၀)ကျပ်ရှိခဲ့ရာမှ ယခုရက်ပိုင်း (၂၅၀၀-၃၀၀၀)ကျပ် ကြားရှိ သဖြင့် နယ်တင်ပို့မှာလည်း နည်းလာကြောင်း သိရသည်။ နယ်ဝယ်လက်အနေနှင့် ပြည်တွင်းစားသုံးရန် ပဲခူး၊ ရန်ကုန်၊ တာချီလိတ်သို့လည်းကောင်း၊ ပြည်ပဝယ်လက်များဖြစ်သည့် ရန်ကုန်၊ တာချီလိတ်၊ မော်လမြိုင်မြို့များသို့ တင်ပို့ရာ ယခုရက်ပိုင်းဝယ်ရင်းဈေးမြင့်လာခြင်း ရာသီဥတုအခြေအနေအရ မိုးများနေခြင်းတို့ကြောင့် တင်ပို့မှုနည်းနေကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း ပြည်တွင်းဝယ်လက် အနည်းငယ်နှင့် ပြည်ပဝယ်လက်များသို့ ယခင်ဝယ်ယူပြီး ကုန်များနှင့်သာတင်ပို့နေရာ တင်ပို့မှု့နည်းသည့်အတွက် ကုန်တင်ခများမှာ ဈေးငြိမ်နေကြောင်း သိရသည်။ ကြက်သွန်နီမှာ လက်ရှိအချိန်တွင် ယခင်နှစ်ဆောင်းကြက်သွန်နီလက်ကျန်အဟောင်းဖြစ်၍ လက်ကျန်နည်းလာရာ လာမည့်မိုးကြက်သွန်နီပေါ်မည့် ဒီဇင်ဘာလအထိ ဈေးမြင့်လာနိုင်သေးကြောင်း ဈေးကွက်မှသိရသည်။

DOCA(မန္တလေး)

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့ရှိ ခရမ်းချဉ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

          ရှမ်ပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကျိုင်းဖောင်းရွာအတွင်း၌ မြေပဲ၊ ကြက်သွန်နီနှင့် အခြားသီးပင်စားပင်များကို ရာသီအလိုက်စိုက်ပျိုးကြပြီး ခရမ်းချဉ်သီးနှံကိုလည်း စိုက်ဧက (၁)ဧကခန့်စိုက် ပျိုးကြပါသည်။

             ခရမ်းချဉ်သီးနှံကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး ၃လခန့် အကြာတွင် စတင်စွတ်ခူးရကြောင်း၊ မျိုးအနေနှင့် ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများကိုစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့၆ထုတ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင်မျိုးစေ့ကို ပျိုးထောင်ပြီး အပင်သက်တမ်း ၂၅ ရက်သားအရွယ်တွင် မြေချ၍ ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၂၈ သိန်းမှ ၃၀ သိန်းခန့်ထိကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ပိဿာချိန် ၅၀၀၀-၆၀၀၀ ခန့် ထွက်ရှိပြီး မြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုများရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စအချိန်တွင် လက်ကားဈေးတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ရောင်းချရပြီး တစ်ဧကလျှင် ငွေကျပ်သိန်း ၃၀ ခန့် အမြတ်ရရှိကြောင်းသိရှိရပါသည်။

            ယခုအချိန်တွင် ခရမ်းချဉ်သီးစိုက်ခင်းများမှာ အဖူးအပွင့်များဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ခရမ်းချဉ်သီးပေါ်ချိန်တွင် အထွက်နှုန်းကောင်မွန်ပြီး ဈေးကောင်းရရှိပါကအကျိုး အမြတ်များပိုမိုရရှိနိုင်ကြောင်း တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ရှမ်း)

ဆိပ်ဖြူမြို့နယ်၌ မိုးကြက်သွန်နီ (ဥ)စိုက်များ စတင်စိုက်ပျိုး

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးရာတွင် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် တောင်သူအများ စိုက်ပျိုးကြောင်း၊ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီသီးနှံကို မိုးစိုက်၊ (ဥ)စိုက်နှင့် ဆောင်းစိုက် (ပင်)စိုက်ဟူ၍ နှစ်ရာသီစိုက်ပျိုးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်မှစ၍ မိုးကြက် သွန်နီ(ဥ)စိုက်များ စတင်စိုက်ပျိုးကြောင်း၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကိုင်းကျွန်းမြေများနှင့် ကုန်း တွင်းပိုင်း လယ်ကွင်းမြေများတွင် အများဆုံးစိုက်ပျိုးကြောင်း၊ ကြက်သွန်နီဈေးကွက်အပေါ်မူတည်၍ စိုက်ဧက အနည်းအများကွာခြားကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီချိန် အောက်တိုဘာလတွင် ဒေသတွင်း ကြက်သွန်နီဈေးကွက်၌ ဈေးနှုန်းမြင့်တက်လာ၍ ကြက်သွန်နီ(ဥ)စိုက်တောင်သူများ စိုက်ပျိုးမှုများလာကြောင်း၊ ယခင်နှစ်တွင် စိုက်ဧက (၉၀၀)ခန့် စိုက်ပျိုးပြီး ယခုနှစ်တွင် စိုက်ဧက (၁၀၀၀)ခန့်ထိ တိုးချဲ့ စိုက်ပျိုးကြမည်ဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

      ယခုနှစ်တွင် ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်ရှိ စိုက်တောင်သူ ဦးမိုးအောင်သည် မိုးကြက်သွန်နီ စိုက်ဧက(၃)ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၈၀-၉၀)အကြာ ဇန်နဝါရီလဆန်းပိုင်းတွင် စတင်တူးဖော်မည်ဖြစ်ကြောင်း၊ မျိုးဥအနေဖြင့် (ဇော်မွှားဥ)ကို စိုက်ပျိုးကြောင်း၊ မျိုးဥအရွယ်အစားသေးငယ်၍ တစ်ဧကလျှင် ပိဿာ(၃၀၀)ခန့် ဝင်ဆံ့စိုက်ပျိုးကြောင်း၊ တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ပိဿာ (၁၀၀)လျှင် ကျပ်(၅)သိန်းဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ယခုနှစ်စိုက်ပျိုးချိန်တွင် မျိုးဥဈေး သွင်းအားစုအမျိုးမျိုးနှင့် အလုပ်သမားငှားရမ်းခ ကြီးမြင့်၍ တစ်ဧက ကျပ် သိန်း(၄၀)ခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ ယခင်နှစ် စိုက်ပျိုးချိန်တွင် တစ်ဧကလျှင် ကျပ်(၃၀-၃၅) သိန်းခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန် (၃၀၀၀- ၅၀၀၀) ခန့်ထွက်ရှိပြီး ဒေသတွင်းသီးနှံပေါ်ချိန်ဈေးကွက်တွင် ကြက်သွန်နီ(ဥ)စိုက် တစ်ပိဿာလျှင် ငွေကျပ်(၁၈၅၀-၂၀၀၀-၃၀၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ အကျိုးအမြတ်အနေဖြင့် ငွေကျပ် သိန်း(၇၀)ခန့် ရရှိခဲ့ကြောင်း သိရသည်။

     ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ဒေသတွင်းဖြန့်ဖြူမှုအပြင် ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များနှင့် ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်၊ မူဆယ်မြို့များမှတဆင့် ထိုင်း၊ ဗီယမ်နမ် နိုင်ငံများသို့ တင်ပို့ရောင်းချ ဖြန့်ဖြူးကြောင်း သိရှိရသည်။

DOCA(မကွေး)

 

 

ဈေးကွက်အတွင်း၌ကြက်ဥဈေးနှုန်းများမြင့်တက်လျက်ရှိ

         တောင်ကြီးမြို့၊အမှတ်(၅)ဈေးနှင့်(၅)ရက်တစ်ပတ်ဈေး၊ ဈေးကွက်အတွင်း၌ရောင်းချလျက်ရှိသည့် ကြက်ဥဈေးနှုန်းအခြေအနေများနှင့်ပတ်သက်၍ ကြက်ဥရောင်းချသော လုပ်ငန်းရှင်အား (၂၁.၁၀၂၀၂၄) ရက်နေ့တွင်တွေ့ဆုံမေးမြန်ခဲ့ကြောင်းသိရှိရပါသည်။

        ရောင်းချလျက်ရှိသည့်ကြက်ဥဈေးနှုန်းများမှာ စက်တင်ဘာလနောက်ဆုံးအပတ်တွင် ကြက်ဥအသေးတစ်လုံးလျှင် (၂၈၀)ကျပ်၊ ကြက်ဥအလတ်တစ်လုံးလျှင် (၃၄၀)ကျပ် ၊ ကြက်ဥအကြီးတစ်လုံး လျှင် (၃၅၀)ကျပ်ရောင်းချလျက်ရှိရာ အောက်တိုဘာလ တတိယအပတ်တွင် ကြက်ဥအသေးတစ်လုံးလျှင် (၂၉၀)ကျပ်၊ ကြက်ဥအလတ်တစ်လုံးလျှင် (၃၅၀)ကျပ်၊ ကြက်ဥအကြီးတစ်လုံးလျှင် (၃၇၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကြက်ဥဈေးနှုန်းများမှာ ယခင်စက်တင်ဘာလနှင့် နှိုင်းယှဉ်လျှင် အောက်တိုဘာလတတိယပတ်တွင် ကြက်ဥတစ်လုံးလျှင် အသေး၊ အကြီးဆိုဒ်ပေါ်မူတည်၍ (၁၀)ကျပ်နှုန်းအထိမြင့်တက်သွားကြောင်း မြင့်တက်ရသည့်အကြောင်းအရင်းမှာ ကြက်အစာဈေးနှုန်းများမြင့်တက်ခြင်း ကြက်ဥကဒ်ခွံများဈေးနှုန်းမြင့်တက်ခြင်းနှင့် သယ်ယူစရိတ်မြင့်တက်ခြင်းတို့ကြောင့် ကြက်ဥဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ကြောင်းစုံစမ်းသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း