ကုန်သွယ်မှုသတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Awami League ပါတီခေါင်းဆောင်များ၏ နယူးဒေလီမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဘာစမာတီမဟုတ်သောဆန်များအား အိန္ဒိယနိုင်ငံထံမှ ဝယ်ယူတင်သွင်းမှုကို ပြန်လည်စတင်နိုင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရပါသည်။

နီပေါနိုင်ငံ၌ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနသည် အိန္ဒိယနိုင်ငံထံမှ ဆန်တန်ချိန် ၁ သိန်းနှင့် စပါးတန်ချိန် ၁ သန်းတို့ကို အိန္ဒိယနိုင်ငံထံမှ ဝယ်ယူတင်သွင်းမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားသည် ယခုနှစ်၏ ပထမခုနစ်လအတွင်း ဆန်တန်ချိန် စုစုပေါင်း ၃၆၂၇၀၈ တန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၂၅၃ သန်းခန့် ရရှိခဲ့ကြောင်း ၇-၈-၂၀၂၃ ရက်နေ့၊ တနင်္လာနေ့တွင် တင်ပြခဲ့သည့် ကမ္ဘောဒီးယားဆန်အဖွဲ့ချုပ်၏ အစီရင်ခံစာအရ သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်ဇူလိုင်လတွင် ဆန် ၁၁၆၁၉၅ မက်ထရစ်တန် တင်သွင်းခဲ့ပြီး ယခင်လ တင်သွင်းမှုပမာဏ ၂၁၆၆၇၆ တန်အောက် ၄၆.၃၇% ကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင် Bureau of Plant Industry (BPI) က ဩဂုတ်လ ၇ ရက်၊ တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့ သည်။

ထိုင်းနိုင်ငံအနေဖြင့် အိန္ဒိယ၏ ဆန်တင်ပို့မှု ပိတ်ပင်ခဲ့ခြင်းကြောင့် အကျိုးအမြတ်ရရှိနေပြီး ပြည်တွင်းစားသုံးရန်နှင့် ပြည်ပတင်ပို့ရန်အတွက် လုံလောက်စွာထွက်ရှိသဖြင့် ဆန်တင်ပို့မှုကို ရပ်တန့်ရန် အကြောင်းမရှိဟု ထိုင်းအစိုးရက ပြောကြားခဲ့ပါသည်။
