ကုန်သွယ်မှုသတင်းများ
ပြည်တွင်းဈေးကွက်၌ ရောင်းလိုအားပြတ်လပ်မှုမှ ရှောင်ကြဉ်နိုင်ရန်အတွက် ပြည်ပသို့ နေကြာဆီတင်ပို့မှုအပေါ် ပို့ကုန်အခွန် သတ်မှတ်ထားရှိခြင်းအား သက်တမ်း ၁ နှစ် တိုးမြှင့်မည်ဖြစ်ကြောင်း ရုရှားစီးပွားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၆ ရက်နေ့ တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ဆန်ဈေးကွက်အပေါ် သိသာစွာ သက်ရောက်မှုရှိမည့် အိန္ဒိယ၏ ဆန်တင်ပို့မှုအား တားမြစ်ကန့်သတ်ချက် ထုတ်ပြန်ခဲ့အပြီးတွင် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းတည်ငြိမ်စေရေးနှင့် စားနပ်ရိက္ခာဖူလုံမှု သေချာခိုင်မာရှိစေရေး ဆောင်ရွက်ရန် ဗီယက်နမ် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပို့ကုန်သွင်းကုန်ဌာနက ဆန်တင်ပို့သူများအား တိုက်တွန်းခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံ၌ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများသို့ ဆန်ပိုမိုဖြန့်ဖြူး ထောက်ပံ့နိုင်ရေးနှင့် စားနပ်ရိက္ခာစျေးနှုန်းများ ထိန်းချုပ်နိုင်ရေးတို့အတွက် လူမှုဖူလုံရေး ဘတ်ဂျက်လျာထားမှု အား အင်ဒိုနီးရှားရူပီးငွေ ၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၃၂ ဒသမ ၄၁ သန်း) အထိ တိုးမြှင့် လိုက်ကြောင်း သိရှိရသည်။

ယူကရိန်းနိုင်ငံမှ ပို့ကုန်များအား ပင်လယ်နက်ဒေသကိုဖြတ်သန်းခွင့်ပြုသည့် သဘောတူညီချက်မှ ရုရှားနိုင်ငံက နှုတ်ထွက်ခဲ့ခြင်းသည် ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်တွင် ဈေးနှုန်းများကို ၁၅% အထိ မြင့်တက်စေနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းချက် ထုတ်ပြန်ခဲ့ပါသည်။

ရုရှားနိုင်ငံသည် ရေနံစိမ်းတစ်စည်လျှင် ၂၅ ဒေါ်လာဈေးနှုန်းဖြင့် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိရာမှ ဒေါ်လာ ၂၀ အထိ ဈေးနှုန်းလျှော့ချရန်အတွက် အခွန်ကောက်ခံမှုကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
