ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံများလည်း စိုက်ပျိုးကြကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာဟူ၍(၂)မျိုးရှိကြောင်း ဆောင်းနေကြာ ကိုရာသီဥတုပေါ်မူတည်၍ အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်း ရကြောင်း၊ ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး မိုးသီးနှံ၊ ဆောင်းသီးနှံများအပြင် သီးထပ် သီးညှပ်များလည်း စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းစားသုံးမှုရှိသလို ပြည်ပပို့ကုန်လည်းဖြစ်သည့် ကုလားပဲသီးနှံကို ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာ များတွင် စိုက်ပျိုးကြပြီး ယခုအခါ ဈေးကွက်အတွင်း ကုလားပဲအသစ်များ စတင်ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံ များအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲလွန်းဖြူသီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်း ကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊ ပဲလွန်းဖြူ သီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မုန့်လက်ဆောင်းသည် တစ်နှစ်ပတ်လုံးရနိုင်သည်ဟုဆိုသော်လည်း ယခုလို ဆောင်းအကုန် နွေအကူးခါနီး ကာလသို့ရောက်လျှင် မုန့်လက်ဆောင်းများ ရောင်းအားကောင်းလာသည်ကို တွေ့ရ ပါသည်။ မုန့်လက်ဆောင်းသည် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုနဲ့ အလိုက်ဖက်ဆုံး မုန့်တစ်မျိုး ဖြစ်သလို သောက်လိုက်ရင်လည်း ရင်ထဲအေးပြီး အမောပြေသွားသလို ခံစားရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် ဗောက်သီးများကို ရောင်းချနေကြောင်းသိရသည်။ ရာသီပေါ်ဗောက်သီး များကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
