ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာတွင် နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲနှင့် စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပြီး ခရမ်းချဉ်သီး ကို တစ်နိုင်တစ်ပိုင် စိုက်ဧက (၅)ခန့် စိုက်ပျိုးထားကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (ပထမပတ်)တွင် ကုန်ချိန်ဝင်ရောက်မှု နည်းလာပြီး တစ်ရက်လျှင် ကြက်သွန်နီ(အဟောင်း) ပိဿာ (၂)သောင်းခန့် ဝင်ရောက်ပြီး တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ (၁)သိန်းခွဲခန့် ကြက်သွန်နီပွဲရုံဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသတွင်းစိုက်ပျိုးမှုများသော လိပ်ခြံ၊ ရေပုတ်၊ ချတောက်၊ ရွာသစ်၊ ကံတွင်း၊ အနောက်ကမ်းဖြူကျေးရွာများအပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂) ဈေးတို့တွင် ရှမ်းပြည်နယ်မှထွက်ရှိသော ကြက်သွန်ဖြူ(ကြူကုတ်)၊ ကြက်သွန်ဖြူ(ရှမ်း)များ၊ ဂန့်ဂေါခရိုင်မှ ထွက်ရှိသော ကြက်သွန်ဖြူ(ဗမာ)များ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကျွန်းရွာများဖြစ်ကြသော ကျွန်းဦး၊ ကျွန်းညို၊ မြင်းကျွန်း၊ သင်္ဘောကုန်းကျွန်း၊ ဘောလုံးခုံ၊ လိပ်ခုံး ကျွန်းများတွင် ထောပတ်ခရမ်းသီးများကို ဧကများစွာ စိုက်ပျိုး ကြပါသည်။ ပခုက္ကူမြို့မဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ထောပတ်ခရမ်းသီးများ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ထောပတ်ခရမ်းသီးများ တစ်နေ့လျှင် ပိဿာချိန် (၅၀၀ မှ ၁၀၀၀ ထိ) ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်နှင့်ချောက်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပြည်တွင်း ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၆.၁၁.၂၀၂၄)ရက်နေ့တွင် နတ်မောက်မြို့ပေါ်ရှိ ဦးရန်နိုင်ထွန်း ဝါကြိတ်စက်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။