ကုန်သွယ်မှုသတင်းများ
တောင်ငူခရိုင်၊ ဖြူးမြို့တွင် မတ်ပဲ၊ ပဲတီစိမ်းများ စိုက်ပျိုးဆဲကာလဖြစ်၍ ပဲသစ်များမပေါ်သေးဘဲ ယခင်နှစ်၏ လက်ကျန်တချို့ရှိနေပါသည်။ စက်တင်ဘာလက မတ်ပဲ (ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၉၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၇၆၀၀၀ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၁၆၀၀၀ကျပ်ဈေးနှုန်းကျဆင်းလာပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် နိုဝင်ဘာလ ၂၁ရက်နေ့၊ နေ့လယ်ပိုင်းတွင် တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ “ကောင်း” အကြော်စုံလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ရာ လုပ်ငန်းရှင် ဦးနေအောင်စိုးက လုပ်ငန်းဆောင်ရွက်မှုအခြေအများကိုရှင်းလင်းပြသခဲ့ပါသည်။ ကောင်းအကြော်စုံလုပ်ငန်းသည် ပဲဖူးကြော်၊ စားတော်ပဲကြော်၊ ငရုတ်သီးကြော်နှင့် ကြက်သွန်ကြော်များထုတ်လုပ်၍ ဒေသတွင်းဖြန့်ဖြူးလျက်ရှိသည့် လုပ်ငန်းဖြစ်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားကြီးများသည် စိုက်ပျိုးမြေများကောင်းမွန်မှုကြောင့် နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာ စသည့်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အနီးတစ်ဝိုက်နှင့် ကျေးရွာများတွင် ဥစားပိန်းစိုက်တောင်သူများ ဈေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြောင်း သိရသည်။

တောင်ငူခရိုင်၊ ဖြူးမြို့တွင် တစ်နိုင်တစ်ပိုင် ငွေနှင်းမှိုစိုက်ပျိုးရေးမှ မိသားစုအပိုဝင်ငွေရရှိလျက်ရှိပါသည်။ တောင်ငူမြို့မှ မှိုပျိုးထုပ်များကိုမှာယူပြီး အလျား ၁၀ပေ၊ အမြင့် (၂)ပေခန့်ရှိသည့် စင်ထိုး၍ စိုက်ပျိုးရပါသည်။ အမိုး၊ အကာလုံခြုံအောင်ပြုလုပ်ပေးရပြီး လေဝင်လေထွက် သင့်တင့်အောင်ပြုလုပ်ထားရပါသည်။
