ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာ၌ စိုက်ပျိုးတောင်သူများအား တွေ့ဆုံဆွေးနွေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးတောင်သူများအား တွေ့ဆုံဆွေးနွေးအသိပညာပေး လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွန်မှုဖြင့် (၂၁-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာသို့သွားရောက်၍ စိုက်ပျိုးတောင်သူများနှင့်တွေ့ဆုံပြီး သီးနှံစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေကို မေးမြန်းဆွေးနွေး ခဲ့ပါသည်။

     ကျွန်းညိုကြီးကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကထားပြီးလုပ်ကိုင်ကြောင်း၊ ယခင်က စိုက်ပျိုးတောင်သူများပြီး စိုက်ဧကများသော်လည်း ယခုအချိန်တွင် မြစ်ရေတက်ချိန်၌ ရေတိုက်စားခြင်းကြောင့် ကမ်းပါးများပြိုကြ၍ စိုက်ဧကများလျော့နည်းပြီး စိုက်ပျိုးတောင်သူ နည်းပါးသွားကြောင်း၊ တောင်သူများအနေဖြင့် ငရုတ်၊ ကုလားပဲ၊ ဆေးရွက်ကြီးစိုက်ပျိုးမှုများပြီး ငရုတ်သီးနှံကို ဒေသစီးပွားအဖြစ် စိုက်ဧကအများဆုံးစိုက်ပျိုးကြောင်း၊ ငရုတ်သီးနှံကို စိုက်ပျိုးတောင်သူ(၃၀)ဦး၊ စိုက်ဧက(၅၀)ခန့်စိုက်ပျိုးကြောင်း၊ မြေအောက်ရေအပြင် ရေသွင်းစနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ငရုတ်သီးမှည့်များကို စတင်ဆွတ်ခူးကြောင်း၊ ယခုနှစ်တွင် ရေမြေရာသီဥတုနှင့်ကိုက်ညီ၍ အထွက်နှုန်းကောင်းကြောင်း၊ (၁)ဧကလျှင် ငရုတ်သီးအစို တင်း(၆၀၀)၊ ပိဿာ(၄၈၀၀)၊ ငရုတ်သီးအခြောက် တင်း(၂၄၀)နှင့် ပိဿာ(၆၀၀)ခန့်တို့ထွက်ရှိကြောင်း သီးနှံပေါ်ချိန်၌ ဒေသတွင်းဈေးကွက်မှာ ငရုတ်သီးခြောက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)ဈေးဖြင့်ရောင်းချရ၍ (၁)ဧကဝင်ငွေမှာ ကျပ်သိန်း(၆၀)ခန့်ရရှိပြီး ကုန်ကျစရိတ်မှာ ကျပ်သိန်း(၃၀)ခန့်ရှိကြောင်း၊ ကျွန်းညိုကြီး ကျေးရွာရှိ ငရုတ်စိုက်တောင်သူများမှာ ယခုနှစ်၌ ငရုတ်ဈေးကွက်ကောင်း၍ အကျိုးအမြတ်များစွာရရှိကြောင်း၊ ထွက်ရှိသောငရုတ်သီးများကို ပခုက္ကူမြို့ပေါ်ရှိ ပွဲစားများက ကျေးရွာအထိဆင်း၍ဝယ်ယူကြောင်း တောင်သူဦးစိန်သန်းထံမှ သိရှိရပါသည်။

    ငရုတ်ဈေးကွက်အနေဖြင့် ငရုတ်သီးခြောက်(၁)ပိဿာလျှင် ၂၀၂၁ခုနှစ်တွင် ကျပ်(၃၀၀၀)၊ ၂၀၂၂ခုနှစ်တွင် ကျပ်(၄၅၀၀)ဖြင့်ရောင်းချရ၍ တောင်သူများအကျိုးအမြတ်နည်းခဲ့ကြောင်း၊ ယခု ၂၀၂၃ခုနှစ်တွင် ကျပ်(၁၀၀၀၀)ဈေးဖြင့်ရောင်းချရ၍ အကျိုးအမြတ်များစွာရရှိကြောင်း သိရှိရပါသည်။

   ကျွန်းညိုကြီးကျေးရွာရှိ စိုက်ပျိုးတောင်သူများအား ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ငရုတ်သီးနှံသည် မြန်မာတို့၏မီးဖိုချောင်တွင် မရှိမဖြစ်နေ့စဉ်သုံးစွဲလျက်ရှိသော အခြေခံစားကုန်တစ်မျိုးဖြစ်ပြီး စားသုံးမှုများပြား၍ တောင်သူများအနေဖြင့် သီးနှံရိတ်သိမ်းပြီး သိုလှောင်ချိန် တွင် အလွန်အရေးကြီးကြောင်း၊ ငရုတ်သီးကို အခြောက်လှမ်းပြီး သိမ်းဆည်းရာတွင် သီးနှံအစိုဓာတ်မကျန်ရှိအောင် အလေးထားဆောင်ရွက်သင့် ကြောင်း၊ သီးနှံသိမ်းဆည်းမှုနည်းမမှန်ပါက ငရုတ်သီးတွင် အာဖလာတော့ဆင်မှိုဆိပ်များစွာပါရှိ၍ စားသုံးသူများဘေးဥပဒ်ဖြစ်စေနိုင်သောကြောင့် စိုက်ပျိုးတောင်သူများက အလေးထားဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)