မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၂၃-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များမှ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်(၁၁)ချက်၊ အခန်း(၂၃)ပါ တားမြစ်ချက်များ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်၊ စက်သုံးဆီနှင့်ပတ်သက်ပြီး သယ်ယူ/သိုလှောင်/ဖြန့်ဖြူးရောင်းဝယ်နေသော စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် PPRD ကထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းရှိ/မရှိနှင့် ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်နေရပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mm website တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)