အဖိုးတန်တဲ့နွေသံပုရာ

Powered by Drupal

      သံပုရာသီးတွင် နွေသံပုရာနှင့် မိုးသံပုရာဟု (၂)မျိုးရှိရာ နွေသံပုရာသည် နွေရာသီဖြစ်သော မတ်လတွင် အသီးများစတင်သီးပြီး ဧပြီလနှင့် မေလတွင် စတင်ခူးဆွတ်ရပါသည်။ မိုးသံပုရာမှာ မိုးရာသီဖြစ်သော ဇွန်လမှစ၍ အောက်တိုဘာလအထိ အသီးအထွက်အလှိုင်ဆုံးအချိန်ဖြစ်ပါသည်။ နွေသံပုရာသည် အလုံးသေးငယ်ပြီး အထွက်နှုန်းနည်းသလောက်၊ မိုးသံပုရာသည် အလုံးချောပြီး သီးနှုန်းအားကောင်းပါသည်။

      လူတို့သည် သံပုရာသီးကို နေ့စဉ်တစ်မျိုးမဟုတ်တစ်မျိုး စားသုံးကြပါသည်။သံပုရာသီးမှာ နှစ် ပတ်လည်ထွက်ရှိပါသည်။ နွေရာသီတွင်သီးသောအသီးမှာ တန်ဖိုးမြင့်သော်လည်း ဝယ်ယူစားသုံးကြပါသည်။ သံပုရာသီးကို ကျန်းမာရေးအရအသုံးပြုသလို အသုပ်မျိုးစုံပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ နွေသံပုရာသီးဈေးနှုန်းများမြင့်တက်လာရခြင်းမှာ အထွက်နှုန်းနည်းပြီး စားသုံးမှုများသဖြင့် ဈေးနှုန်းများမြင့်တက်လာရခြင်း ဖြစ်ပါသည်။

    သံပုရာသီးကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများတွင် တော်တော်များများ စိုက်ပျိုးကြပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီးရုံဖြင့် ထိုင်စားရသော သီးနှံ ဖြစ်ပါသည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို စီးပွား ဖြစ်လည်း စိုက်ပျိုးကြပါသည်။ သံပုရာသီးကို တစ်ခါစိုက်ပျိုးထားလျှင် တစ်နှစ်ပတ်လုံး ဝင်ငွေများရရှိသဖြင့် မိသားစုစားစရိတ်ရရှိသလို အပိုဝင်ငွေများလည်း ရရှိနိုင်ပါသည်။ သံပုရာပင် တစ်ပင်လျှင် ထွက်ရှိသောပျမ်းမျှအသီးနှုန်းမှာ (၅၀-၁၀၀)အထိ ထွက်ရှိကြောင်း သိရပါသည်။

    ပြည်ဈေးကွက်သို့ ယခုအချိန်တွင် ဝင်ရောက်ရောင်းချသော သံပုရာသီးများမှာ နွေသံပုရာသီး များဖြစ်ပြီး အနီးတဝိုက်ရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရပါသည်။ နွေသံပုရာသီး ဈေးနှုန်းများအနေဖြင့် တစ်လုံးလျှင် အလုံးချောပါက (၁၀၀-၁၅၀)ကျပ်အထိ ရောင်းချ ကြောင်း သိရပါသည်။ နွေရာသီတွင် ဈေးပိုရသော နွေသံပုရာသီးကို ရေသွင်းပြီးစိုက်ပျိုးနိုင်ပါက အမြတ်အစွန်းပိုမိုရရှိလာနိုင်မှာဖြစ်ပါသည်။ ပြည်ဈေးကွက်မှတစ်ဆင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်များအပြင် နယ်မြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။

     ထို့ကြောင့် သံပုရာပင်စိုက်ပျိုးသော တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် လွယ်ကူပြီး စိုက်ပျိုးစရိတ်လည်း သက်သာ၍ နှစ်ပတ်လည်ဝင်ငွေများရရှိလာသဖြင့် ဧကများပိုမိုတိုးချဲ့၍ စိုက်ပျိုးလာမည်ဆိုပါက နေ့စဉ်၊ လစဉ်ဝင်ငွေများရရှိနိုင်ပြီး အပိုဝင်ငွေများလည်း ရရှိလာ၍ လူနေမှုအဆင့် အတန်းမြင့်မားလာနိုင်မှာဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)