တောင်ငူမြို့၊ ညောင်ပင်လေးဈေးတွင် သံပရာသီးဈေးအေး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၏ သောက်ရေခပ်ချောင်းဘေးရှိ နဂါးမောက်ရွာ၊ ကျောက်ပုထိုးရွာနှင့် ဒိုးသောင်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်ဥယျာဉ်ခြံများကိုစိုက်ပျိုးထားကြပါသည်။ သောက်ရေခပ်ချောင်းသည် ရေပြတ်လပ်မှုမရှိသည့်အတွက် သောက်ရေခပ်ချောင်းမှ  ရေစုပ်စက်များဖြင့် စိုက်ပျိုးပင်များကို ရေလောင်း၊ ရေသွင်းပြုလုပ်ကြပါသည်။ သံပရာပင်၊ သံပယိုပင်၊ ငှက်ပျော၊ ပိန္နဲ၊ သင်္ဘော၊ ရှောက်ပင်များကိုစိုက်ပျိုးကြပါသည်။

   သံပယိုပင်၊ သံပရာပင်များကို ကိုင်းကူးပင်ပျိုးထုပ်များကို ဝယ်ယူစိုက်ပျိုးကြသည့်အတွက် အချိန်တိုအတွင်း အသီးခူးဆွတ်ရပါသည်။ အစေ့စိုက်အပင်များသည် အသီးသီးရန် အချိန်ကြာမြင့်သည်ဟု သိရပါသည်။ ကိုင်းကူးပျိုးထုပ်တစ်ပင်မှာ အပင်ကြီးလျှင် ၃၀၀၀ကျပ်ပေးရပါသည်။ ဇွန်လကုန်တွင် ပျိုးပင်များကိုစိုက်ပျိုးကြပြီး နှစ်နှစ်သားခန့်တွင် အသီးများစတင်ခူးဆွတ်ရပါသည်။ အပင်အားဆေး ၁၅:၁၅ပတ်လည် မြေဩဇာကျွေးကာ ရေလောင်းသည့်အပင်များမှာ အသီးထွက်အားကောင်းကြောင်း သိရပါသည်။

    သုံးနှစ်သားခန့်ရှိသည့်အပင်တွင် အသီးအလုံးရေ ၇၀၀မှ ၁၀၀၀ခန့်အသီးသီးပါသည်။ နှစ်ကြာလာသည့်အပင်ကြီးများမှာ အလုံးရေပိုမိုထွက်ရှိပါသည်။ ရာသီဥတုပူပြင်းသည့် မတ်လ၊ ဧပြီလနှင့် မေလများတွင် အသီးခူးဆွတ်ရောင်းချရသူများမှာ အသီးတစ်လုံးလျှင် ၂၀၀ကျပ်အထိဈေးရပါသည်။ ယခုအခါ မိုးရွာသွန်းမှုလည်းရှိလာ၍ သံပရာခြံများမှ အသီးများဖြိုင်ဖြိုင်ထွက်လာသည့်အတွက် ဈေးကွက်အေးသွားကြောင်း ခြံထွက်သံပရာသီးများကို ညောင်ပင်လေးဈေးသို့ လာရောက်ရောင်းချသည့် ကျောက်ပုထိုးရွာမှ သံပရာခြံပိုင်ရှင်၏ ပြောကြားချက်အရ သိရပါသည်။

DOCA(ပဲခူး)