စစ်တွေမြို့ပေါ်ရှိ ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြသော လုပ်ငန်းရှင်များနှင့် တေွ့ဆုံဆွေးနွေးခြင်းကို ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၆.၅.၂၀၂၁)နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ နွေးဆွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ လုပ်ငန်းရှင်များမှ ၎င်းတို့ထုတ်လုပ်သည့် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အရ လိုက်နာဆောင်ရွက် စေရန်ဖြစ်ပါသည်။ ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်းနှင့် တာဝန်ရှိသူများ၊ စစ်တွေမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းရှင် (၈)ဦး တို့ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်းမှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်လင်းပြောကြားခဲ့ကြောင်း၊ စစ်တွေမြို့ပေါ်ရှိ “ရွှေငါး” ငရုပ်သီးမှုန့် ၊ “စိန်”နှင့် “ဂဠုန်ဘုရင်” ပဲငံပြာရည်လုပ်ငန်း၊ ‘‘BMG’’ သောက်ရေသန့်လုပ်ငန်းတို့မှ ကုန်းအညွှန်းအမှတ်အသား ခွင့်ပြုချက်ရယူထားရှိပြီးဖြစ်ကြောင်းနှင့် တက်ရောက်လာကြသော လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသား ခွင့်ပြုချက်ရယူဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူများ ဘေးဥပါဒ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် သောက်ရေသန့်ဘူးများ ဖြန့်ဖြူးရာတွင် အမိုးအကာအောက် ထားရှိရန်၊ နေရောင်ခြည်ထိတွေ့မှု မရှိစေရန်နှင့် စနစ်တကျ ထားသို သိမ်းဆည်းရန် အသိပညာပေးပြောကြားခြင်း၊ ရေသန့်ဘူးပေါ်၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသား ခွင့်ပြုချက်ရယူဆောင်ရွက်နိုင်ရေး လိုအပ်သည့် အချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
စီးပွားရေးလုပ်ငန်းရှင်များမှလည်း သိရှိလိုသည့်အချက်များကို မေးမြန်းခဲ့သည်များကို စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရခိုင်ပြည်နယ်(DOCA)