ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (မြို့နယ်) အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပ

Powered by Drupal

          ရွှေဘိုပေါ်ဆန်း GI ရရှိရေးနှင့် အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးရန်ရည်ရွယ်၍ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (မြို့နယ်) ၏ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို (၁၇.၅.၂၀၂၁) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးရှိ ရွှေဘိုပေါ်ဆန်းအသင်း ရုံးခန်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

          အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက ရွှေဘိုမြို့နယ် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို (၂၀၁၅)ခုနှစ်မှစ၍ တည်ထောင်ခဲ့ပြီး၊ (၂၃.၈.၂၀၁၇)ရက်နေ့တွင် ဦးစိုးတင့် (ဥက္ကဌ)ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့ (၁၉)ဦး၊ (၂၅.၅.၂၀၁၈)ရက်နေ့တွင် ဦးဘသင်း (ဥက္ကဌ)ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့ (၂၁)ဦးဖြင့် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ အသင်း၏ အလုပ်အမှုဆောင်အဖွဲ့မှာ သင်းဖွဲ့စည်းမျဉ်းအရ (၂)နှစ် ပြည့်ပြီးဖြစ်၍ အလုပ်အမှုဆောင်အဖွဲ့ကို (၂၀၂၁)ခုနှစ်အတွင်း ပြန်လည်ရွေးချယ်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး အသင်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အသင်းသား အသင်းသူများ ထပ်မံစုဆောင်းခြင်း၊ အသင်းဝင်ကြေး၊ နှစ်စဉ်ကြေးများကောက်ခံ၍ ရွှေဘိုပေါ်ဆန်း GI ရရှိသည် အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(မြို့နယ်)ဥက္ကဌ ဦးဘသင်းမှ ရှေ့ဆက်ဆောင်ရွက်မည့် အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို အလုပ်အမှုဆောင်အဖွဲ့များနှင့် ဆွေးနွေးခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်(၄)ရပ် ချမှတ်ကာ အစည်းအဝေး ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                             ရွှေဘိုခရိုင်(DOCA)