စားသုံးဆီနှင့်ပတ်သက်သည့် အကြံပြုချက်များ

Powered by Drupal

        စားသုံးသူပြည်သူများအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသား တင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသည့် စားသုံးဆီများကိုသာ ရွေးချယ်ဝယ်ယူစားသုံးသင့်ပါသည်။

           စားသုံးဆီတွင် ပြည့်ဝဆီနှင့် မပြည့်ဝဆီဟူ၍ အုပ်စု (၂) ခုရှိပါသည်။ ပြည့်ဝဆီတွင် တိရစ္ဆာန်မှ ရသော အဆီ၊ ထောပတ်ဆီ၊ အုန်းဆီနှင့် စားအုန်းဆီနှင့် မပြည့်ဝဆီတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီနှင့် ငါးမှရသောအဆီတို့ ပါဝင်ပြီး ဆီစားသုံးမှုလွန်ကဲပါက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ စားသုံးဆီများကို လိုအပ်သည့်ပမာဏထက်ပို၍ စားသုံးမိပါက အင်အားဓာတ်လွန်ကဲမှုကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်အလေးချိန်တိုးလာနိုင်သည်နှင့်အမျှ နာတာရှည်ဝေဒနာများ ဖြစ်ပေါ်လာနိုင်ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လူတစ်ဦးကို တစ်လလျှင် စားသုံးဆီ ၆၀ ကျပ်သားခန့်သာ စားသုံးသင့်ပါသည်။

       စားသုံးဆီထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချသူများအနေဖြင့်လည်း အရည်အသွေးပြည့်မီပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စားသုံးဆီများကို ထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်ဆိုင်ရာကျင့်ဝတ်ကောင်းများကို အပြည့်အဝလိုက်ပါဆောင်ရွက်သင့်ပါကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန