ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတင်သွင်းခွင့်နှင့်ပတ်သက်၍ အိန္ဒိယအစိုးရက မူဝါဒပြင်ဆင်ချက် ထုတ်ပြန်ခြင်း

Powered by Drupal

         အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ပဲစင်းငုံ (Tur/ Pigeon Pea, HS Code 0713 60 00)၊ ပဲတီစိမ်း  [Moong (Beans of the SPP Vigna Radiata (L) Wilczek) HS Code 0713 31 90)] နှင့် မတ်ပဲ ([Beans of the SPP Vigna Mungo (L.) Hepper] HS Codes 0713 31 10) တို့ကို ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်း ကုန်စည် အဖြစ် သတ်မှတ်၍ နှစ်စဉ်ခွဲတမ်းပမာဏဖြင့်သာ တင်သွင်းခွင့်ပြုခဲ့ပါသည်။

         ယခုအခါ အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက အဆိုပါ ပဲ ၃ မျိုး အား ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာတင်သွင်းခွင့်ပြုသည့်ကုန်စည်အဖြစ်သို့ ပြောင်းလဲ သတ်မှတ်လျက် အမိန့်ထုတ်ပြန်ချိန်မှ ၃၁-၁၀-၂၀၂၁ နေ့အထိ ဖြေလျော့လိုက်ကြောင်း ဖော်ပြ ပါရှိသည့် အမိန့်ကြော်ငြာစာအမှတ် S.O. 1858(E) ကို ၁၅-၅-၂၀၂၁ နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

       အဆိုပါသတင်းထုတ်ပြန်ချက်အရ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၏ ၁၉-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ S.O.1266(E) ဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ပဲစင်းငုံနှင့် ပဲတီစိမ်း တင်သွင်းခွင့်ပမာဏ သတ်မှတ်ချက်ထုတ်ပြန်မှုနှင့် ၂၆-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ S.O.1372(E) ဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် မတ်ပဲ တင်သွင်းခွင့်ပမာဏ သတ်မှတ်ချက်ထုတ်ပြန်မှုတို့အား ယခုထပ်မံထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် အစားထိုး ပြင်ဆင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့ကို တင်သွင်းရန်အတွက် Bill of Lading ထုတ်ပေးခြင်းကို ၃၁-၁၀-၂၀၂၁ နေ့ နောက်ဆုံးထားဆောင်ရွက်ရန်နှင့် တင်သွင်း လာသည့်ကုန်စည်များအားဆိပ်ကမ်းရှင်းလင်းခြင်းကို (၃၀-၁၁-၂၀၂၁)ရက်နေ့အတွင်း အပြီးလုပ်ဆောင်ရန် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက အသိပေးထားကြောင်း သိရှိရပါသည်။

 (ရင်းမြစ်- အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)