ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့်သံမဏိထုတ်ကုန်များအား စံချိန်စံညွှန်းနှင့်ကိုက်ညီစေရေး၊ စျေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများ မရှိစေရေးနှင့် စျေးကစားခြင်းများ မပြုလုပ်နိုင်စေရေး ကြပ်မတ်ကွပ်ကဲဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး

Powered by Drupal

နေပြည်တော်၊ (၂၆-၅-၂၀၂၁)

      ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့်သံမဏိထုတ်ကုန်များအား ပြည်ပမှ တင်သွင်းခြင်း၊ ပြည်တွင်း ၌ ထုတ်လုပ်ခြင်းနှင့် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းတို့တွင် စံချိန်စံညွှန်းနှင့်ကိုက်ညီစေရေး၊ စျေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများ မရှိစေရေးနှင့် စျေးကစားခြင်းများ မပြုလုပ်နိုင်စေရေးတို့အတွက် ကြပ်မတ်ကွပ်ကဲဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍  ညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) အစည်းအဝေး ခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က သံနှင့် သံမဏိဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ လက်ရှိကာလ၌ ဈေးကွက်တွင် ဈေးနှုန်းကြီးမြင့်ခြင်း ဖြစ်ပေါ်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ သံနှင့်သံမဏိများအား အရည်အသွေးစံချိန်စံညွှန်း သတ်မှတ်ချက်မရှိဘဲ ပြည်ပမှ တင်သွင်းနေမှုကြောင့် ပြည်တွင်းစံသတ်မှတ်ချက်များနှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီများအနေဖြင့် အခက်အခဲများနှင့် ကြုံတွေ့နေရပြီး အချို့ သံနှင့်သံမဏိစက်ရုံများမှာ ပိတ်သိမ်းလိုက်ရသည့် အခြေအနေများရှိနေသည်ဟု သံနှင့်သံမဏိ လုပ်ငန်းရှင်များအသင်းနှင့် ကုမ္ပဏီများမှ တင်ပြထားပါကြောင်း၊ လတ်တလောကာလ သံနှင့်သံမဏိ ​ဈေးနှုန်း ကြီးမြင့်လာမှုကို ထိန်းချုပ်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုပါကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း သံနှင့် သံမဏိတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် လျော့နည်းတင်သွင်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာ့သံရိုင်းဈေးနှုန်းမြင့်တက်လာခြင်း၊ Telegraphic Transfer (TT) စနစ်ဖြင့် ကြိုတင်ငွေလွှဲနေရခြင်းနှင့် ဒေါ်လာဈေးနှုန်းမြင့်တက်လျက်ရှိခြင်းတို့ကြောင့် သံနှင့်သံမဏိဈေးနှုန်းများ မြင့်တက်လျက် ရှိပါကြောင်း၊ ဖြစ်သင့်သည့်ဈေးနှုန်းနှင့် ဈေးကွက်ပေါက်ဈေးကြား ကွာခြားမှုများ ရှိနေပါက ၎င်းကို ထိန်းချုပ်နိုင်ရန် အရေးကြီးကုန်စည်ဥပဒေဖြင့် အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် သံနှင့်သံမဏိပစ္စည်းများကို စံချိန်စံညွှန်းသတ်မှတ်ပြီး လိုက်နာဆောင်ရွက်ရမည့် အစီအမံများနှင့် စပ်လျဉ်း၍ ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ အမျိုးသားစံချိန်စံညွှန်းကောင်စီမှ ထုတ်ပြန်ထားပြီး ဖြစ်သည့် သံနှင့်သံမဏိ စံချိန်စံညွှန်း (၅) ခုအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များပါဝင်သည့် လေ့လာသုံးသပ်ရေး လုပ်ငန်းအစုအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့် သံနှင့်သံမဏိ ထုတ်ကုန်များအား ပြည်ပမှ တင်သွင်းခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်ခြင်းနှင့် စျေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချခြင်းတို့တွင် စံချိန်စံညွှန်းနှင့်ကိုက်ညီစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ မရှိစေရေးနှင့် စျေးကစားခြင်းများ မပြုလုပ်နိုင်စေရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

      ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က မိမိတို့ဦးစီးဌာနအနေဖြင့် စားသုံးသူများအကာအကွယ်ပေးနိုင်ရေးနှင့် စားသုံးသူများ မနစ်နာစေရေးတို့အတွက် Consumer Goods များ ဈေးနှုန်းမှန်ကန်စေရေး၊ ဈေးကစားမှု မရှိစေရေး တို့အတွက် အရေးကြီးကုန်စည်ဥပဒေဖြင့် အမိန့်ကြော်ငြာစာများထုတ်ပြန်၍ ကြပ်မတ်ကွပ်ကဲခြင်းများ ဆောင်ရွက်လျက်ရှိရာ သံနှင့်သံမဏိထုတ်ကုန်များအတွက်လည်း အရေးကြီးကုန်စည်ဥပဒေဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ရန် သင့်/မသင့် ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

       ထို့နောက် တက်‌ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များက လက်ရှိသံနှင့်သံမဏိပစ္စည်းများ ဈေးနှုန်းမြင့်တက်ရသည့် အကြောင်းအရင်းများ၊ စံချိန်စံညွှန်များ သတ်မှတ်ထုတ်ပြန်ရန် ဆောင်ရွက်နေသည့် အခြေအနေများ၊ စံချိန်စံညွှန်းထုတ်ပြန်ပြီးသည့် သံနှင့်သံမဏိများအား ထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်အရည်အသွေးများနှင့်အညီ လိုက်ပါဆောင်ရွက်ရေးကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန