“စီးပွားဖြစ်စိုက်ပျိုးလာသောရုံးပတီသီး”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် စပါး၊ ပဲ၊ပြောင်း၊နှမ်းစသည့် သီးနှံများစိုက်ပျိုးသည့်အပြင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပင်များကိုလည်း နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးကြပါသည်။၎င်းသီးနှံများအနက်မှ ဆေးဖက်ဝင်ဟင်းချက်စားသုံး ၍ရသော ရုံးပတီသီးသီးနှံများကို ယခင်က မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည် ။ ရုံးပတီပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဝင်ငွေရလွယ်သော သီးနှံတစ်မျိုးဖြစ်သည့်အတွက် တောင်သူများတွက်ချေကိုက် ၍စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည် ။ စိုက်ပျိုးသောမျိုးများမှာ ပင်ပုမျိုး ၊ ပင်လတ်မျိုးနှင့် ပင်မြင့်မျိုးများကို အများဆုံးစိုက်ပျိုးကြပါသည် ။ တစ်ဧကလျှင် မျိုးစေ့(၁၀)ကီလိုဂရမ် စိုက်ပျိုးရပါသည်။ တစ်ဧက ကုန်ကျစရိတ်အနေဖြင့်(၃၀၀၀၀၀/)ကျပ် ဝန်ကျင်းခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ပန်းပွင့်ပြီးတစ်ပတ်အကြာတွင်ခူးဆွတ်ရကြောင်း၊ ထိုသို့ခူးဆွတ်မှသာ စားကောင်းသော အနေတော် ရုံးပတီသီးများရရှိမည်ဖြစ်ကြောင်း၊ ခူးဆွတ်မှုအနေဖြင့် (၂)ရက်ခြားတစ်ကြိမ် ခူးဆွတ်ပေးရကြောင်း၊ ပူပြင်းသောရာသီဥတုတွင် အသီးများ ရင့်မှည့်လွယ်သောကြောင့် (၂)ရက်တစ်ကြိမ် ခူးဆွတ်ရခြင်းဖြစ်ကြောင်း ၊ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၈၀၀-၁၀၀၀)ကျပ် ဈေးနှုန်းများရရှိပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် ပိဿာ(၁၀၀၀)ခန့်ထွက်ရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့် စျေးနှုန်းအပေါ် မူတည်ပြီး အကျိုးအမြတ်ရရှိကြောင်း ၊ ရုံးပတီသီးစားသုံးခြင်းဖြင့် ဆီးချိုရောဂါအတွက် သင့်တော်သော အစားအစာဖြစ်ပြီး နှလုံးရောဂါနှင့်ကင်ဆာရောဂါများကိုလည်း လျော့နည်းသက်သာပျောက်ကင်းကြောင်း၊ ဒူးနှင့်ပတ်သက်သောရောဂါများနှင့် ရိုးတွင်းချဉ်ဆီကို အားကောင်းစေကြောင်း၊ စားသုံးသူတွေအတွက် ဆေးဖက်လည်းဝင် မိသားစုဝင်ငွေတိုးစေသည့်အတွက် ဟင်းစားရုံးပတီပင်များအား တိုးချဲ့စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)