မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင် မန်ကျည်းပင်များ အများဆုံးပေါက်ရောက်လျက်ရှိရာ ၄င်းဒေသများတွင် ကျောက်ဆည်ခရိုင်လည်းတစ်ခုအပါအဝင်ဖြစ်ပါသည်။ယခုလိုမိုးဦးကျရာသီဖြစ်သော တန်ခူး၊ကဆုန်လများတွင် မိုးရွာသွန်းမှုပေါ်မူတည်ပြီး မန်ကျည်းရွက်များ အရွက်နုကြ ပြီး မန်ကျည်းရွက်နုများကို ပုံမှန်အားဖြင့် မန်ကျည်းရွက်သုပ် ၊ မန်ကျည်းရွက်အချဉ်ရည်ဟင်း နှင့် ဇရစ်ရိုးနှင့် မန်ကျည်းရွက်စပ်ချဉ်ဟင်းများကိုသာ ချက်ပြုတ်စားသုံးကြပါသည် ။ မြစ်သားမြို့နယ်၊ ဒါးရဲကောင်းကျေးရွာတွင် မန်ကျည်းရွက်ကို ချက်ပြုတ်စားသုံးသည့်အပြင် နောင်ရေရှည်စားသုံးရန် အတွက် မန်ကျည်းသနပ်များကိုလည်း ပြုလုပ်ရောင်းချလျက်ရှိပါသည်။ မန်ကျည်းသနပ်ကို ကိုယ်တိုင် ခူး၍ပြုလုပ်ကြသလို ကိုယ်တိုင်မခူးနိုင်သူများက ဝယ်ယူ၍ ပြုလုပ်ကြပါသည်။ မန်ကျည်းရွက်(၈) ပြည်ကို(၄၅၀၀)ကျပ်ပေးရပြီး ၊ မန်ကျည်းသနပ်ပြုလုပ်လိုပါက ပြုလုပ်ခ(၁၀၀၀)ကျပ်ပေးရကြောင်း ၊ မန်ကျည်းသနပ်ပြုလုပ်ပုံမှာ မန်ကျည်းရွက်နုနုလေးများကို ရေနွေးခပ်နွေးနွေးထဲတွင်နှစ်၍ အရွက်နုများ အဝါရောင်ပြောင်းသည်အထိ နှစ်ထားရပါသည်။ အဝါရောင်ပြောင်းလာသော မန်ကျည်းရွက်များကို ရေစစ်၍ဆားနှင့်နယ်ကာ သန့်ရှင်းသော ပီနန်အိတ်ထဲတွင်ထည့်၍ မောင်းဆုံဖြင့်လည်းကောင်း၊ ကျောက်ဖြင့်လည်းကောင်း ဖိထားရပါသည်။မန်ကျည်းရွက်များရေစင်၍ မာကျစ်လာသောအခါ ဇလုံအတွင်းဖြန့်၍ ရွက်ကြမ်းနှင့်အရိုးများကို သန့်စင်ဆောင်ဖယ်၍ (၂၅)ကျပ်သား အထုပ်ကလေးများ ထုပ်၍ရောင်းချကြပါသည်။ လက်ခပေးလုပ်သော မန်ကျည်းရွက်(၈)ပြည်ကို (၂၅)ကျပ်သား (၄-၅)ထုတ် ရပါကြောင်း၊ ပြန်လည်ရောင်းချသူများမှာ(၂၅)ကျပ်သား တစ်ထုပ်လျှင်(၂၀၀၀/-)ကျပ် စျေးနှုန်းဖြင့် ရောင်းချကြပါသည်။မန်ကျည်းရွက်ဖြိုင်ဖြိုင်နုသောအချိန်တွင် ခူး၍အိမ်တွင် စားသုံးရန်အတွက် ပြုလုပ်ကြသလို ပြန်လည်ရောင်းချရန်အတွက်လည်း အထုပ်ကလေးများ လေလုံအောင် သေချာထုတ်ပိုး ၍ရောင်းချကြပါသည်။မန်ကျည်းသနပ်ကို အလွယ်တကူစားသုံးရန်အတွက် ရေသန့်ဘူးထဲတွင်ထည့်၍ ပိတ်ကာစားသုံးသူများလည်းရှိကြပါသည်။ မန်ကျည်းသနပ်စားသုံးပုံမှာ အချဉ်ရွက်များရှားပါးသော မိုးတွင်းလများတွင် မန်ကျည်းသနပ်ကို ကြက်သွန်နီ ၊ ငရုတ်သီးစိမ်းဖြင့် သုပ်၍စားသုံးကြသလို ၊ ကြက်သွန်ဖြူဆီမွှေးသပ်ပြီးကြော်၍လည်း စားသုံးကြပါသည်။အမဲသားကြိုက်နှစ်သက်သူများအနေဖြင့် အမဲသားကို ပြုတ်ကြော်ပြုလုပ်ပြီး ထောင်း၍မန်ကျည်းသနပ်နှင့် ရောကာကြော်၍ လည်းစားသုံးကြပါသည်။ မကျည်းရွက်၊ မန်ကျည်းသနပ်စားသုံးခြင်းဖြင့် သွေးဖောက်ပြန်ခြင်းနှင့် မျက်စိနာရောဂါများကို ပျောက်ကင်းစေပါသည်။အညာဒေသတွင် တောလုပ်ငန်းမလိုက်နိုင်သူများမှာ ရာသီပေါ် မန်ကျည်းရွက်နုများကိုခူး၍ မန်ကျည်းသနပ်များ ပြုလုပ်ရောင်းချကြသဖြင့် အိမ်တွင်းမီးဖိုးချောင်စရိတ်များ ရရှိကြောင်း ၊ မန်ကျည်းသနပ်ပြုလုပ်ရောင်းသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)