မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကူတုတ်၊ အောင်ချမ်းသာကျေးရွာနှင့် ညောင်တောကျေးရွာများတွင် ရေသွင်း(နွေ)မတ်ပဲသီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်းသိရှိရပါသည်။ ချင်းတွင်းမြစ်ရိုးတစ်လျှောက် မြစ်ရေကျချိန်တွင်စိုက်ပျိုးသည့် ဥစိုက်ကြက်သွန်နီ၊ မြေပဲ၊ ကုလားပဲ၊ ထောပတ်ပဲနှင့်ပဲဇီးကွက်သီးနှံများရိတ်သိမ်းပြီး ရေသွင်း(နွေ)မတ်ပဲသီးနှံများကို သီးထပ်အဖြစ် ရေသွင်းကာ ဧက (၁၀၀) ခန့်စိုက်ပျိုးအောင်မြင်လျက်ရှိကြောင်း၊ စိုက်ပျိုးသောမတ်ပဲသီးနှံမျိုးများကို စိုက်ပျိုးရေးဆေးဆိုင်များတွင် စိုက်ပျိုးရေးမှထုတ်လုပ်သည့် ရေဆင်းမျိုးများကို ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် မိမိတို့အောင်ချမ်းသာကျေးရွာတွင် တောင်သူ (၂၀) ဦးအနေဖြင့် ဧက (၃၀) ခန့်စိုက်ပျိုးကြကြောင်း၊ မိမိအနေဖြင့် ယခင်နှစ်တွင် (၅) ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် (၇) ဧကစိုက်ပျိုးထားရှိပါကြောင်း၊ ဇူလိုင်လကုန်ခန့်တွင် ရိတ်သိမ်းရမည်ဖြစ်ပါကြောင်း စိုက်ပျိုးတောင်သူ၏ ပြောပြမှုအရသိရှိရပါသည်။
မတ်ပဲသီးနှံစိုက်ပျိုးရာတွင် ကျဲပက်နှင့်အတန်းလိုက်ဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး အများအားဖြင့် ကြဲပက်ကာ စိုက်ပျိုးကြပါသည်။ ရေသွင်းနွေမတ်ပဲစိုက်ပျိုးမှု (၁) ဧက ကုန်ကျစရိတ်မှာ ယခင်နှစ်တွင် (၃) သိန်းခန့်ကုန်ကျခဲ့ပြီး ယခုနှစ်တွင် (၆) သိန်းခန့်ကုန်ကျကြောင်း သွင်းအားစုများဖြစ်သည့် မြေဩဇာ၊ ပိုးသတ်ဆေး၊ သီးပွင့်အားတိုးဆေးနှင့် စက်သုံးဆီဈေးနှုန်းများကြီးမြင့်မှုကြောင့်ဖြစ်ပါကြောင်း၊ ရေသွင်းနွေမတ်ပဲသီးနှံ (၁) ဧက၏ ခန့်မှန်းအကျိုးအမြတ်အနေဖြင့် ယခင်နှစ်တွင် တင်း (၂၀) ခန့်ထွက်ရှိခဲ့ပြီး တစ်တင်းလျှင် ဈေးနှုန်း (၄၂၀၀၀) ကျပ်စီရောင်းချရသည့်အတွက် ကျပ် (၈) သိန်းကျော်ရရှိပါကြောင်း၊ ယခုနှစ်တွင်လည်း အသီးအပွင့်များမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့်အတွက် ယခင်နှစ်စံချိန်အတိုင်း တင်း (၂၀) ခန့်ထွက်ရှိလျှင် ယခုနှစ်ပေါက်ဈေးနှုန်းကို (၇၀၀၀၀) ကျပ်ဖြင့်တွက်ကြည့်လျှင် ခန့်မှန်းချေ (၁၄) သိန်းခန့်အကျိုးအမြတ်ရရှိမည်ဖြစ်ပါကြောင်း၊ မတ်ပဲစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် မတ်ပဲဈေးနှုန်းကောင်းသဖြင့် တွက်ချေကိုက်နိုင်ကြောင်း စိုက်ပျိုးတောင်သူ၏ ပြောပြချက်အရသိရှိရပါသည်။
DOCA(မကွေး)