သရက်မြို့ပေါ်၌ ပေါ်ဦးပေါ်စမျှစ်များ ဈေးကောင်းရလျက်ရှိ

Powered by Drupal

    မြန်မာလူမျိုးတို့အတွက် ထမင်းမြိန်စေသည့် မိုးဦးကျကာလများတွင် ချောင်းကြိုမြောင်းကြားနှင့် လျှိုကြားတို့တွင်ပေါက်ရောက်လျက်ရှိသော ဝါးရုံတော၊ ဝါးပင်များမှထွက်ရှိသော မျှစ်ကို မျှစ်ပြုတ်၊ မျှစ်ဆတ်၊ မျှစ်ချဉ်အမျိုးမျိုးပြုလုပ်၍ ရောင်းဝယ်ဖောက်ကားစားသုံးလျက်ရှိကြပါသည်။

    မိုးဦးကာလဖြစ်သော မေလ/ဇွန်လများတွင် စတင်ထွက်ပေါ်သည့်မျှစ်အမျိုးမျိုးကို သရက်မြို့၏ ပတ်ဝန်းကျင်ကျေးရွာများမှ သရက်မြို့မဈေး၊ ဗိုလ်ချုပ်ဈေးနှင့် အခွန်လွတ်ဈေးများသို့ လာရောက်ရောင်းချလျက်ရှိရာ ယခင်နှစ် မျှစ်ပေါ်စအချိန်တွင် မျှစ်ပြုတ်တစ်ပိဿာလျှင် ကျပ် (၄၀၀၀) ဈေးနှုန်းဖြင့် ရောင်းချရသော်လည်း ယခု၂၀၂၃ခုနှစ်၊ မျှစ်ပေါ်စအချိန် ဇွန်လ၊ ပထမအပတ်မှစတင်၍ မျှစ်ပြုတ်/မျှစ်ဆတ် (၂၅) ကျပ်သားလျှင် ကျပ် (၂၅၀၀)၊ တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)ဈေးနှုန်းဖြင့် စတင်ရောင်းချလျက်ရှိပြီး ဈေးကောင်းရရှိနေပါကြောင်း ပေါက်ပင်ကျေးရွာနေ မျှစ်ရောင်းချသူ မစန်းထံမှသိရှိရပါသည်။

DOCA(မကွေး)