ပြည်တွင်းစားသုံးမှု ပိုမိုများပြား ကုလားပဲဈေးကွက်မြင့်မား

Powered by Drupal

    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး နှစ်စဉ် ဆန်စပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ပဲမျိုးစုံများထဲမှ ကုလားပဲသီးနှံသည် မြန်မာလူမျိုးများ၏ အကြိုက်နှစ်သက်ဆုံးပဲတစ်မျိုးဖြစ်ပြီး စားသောက်ရာတွင်လည်း အာဟာရဖြစ်သည့်အပြင် အရသာမှာ ထူးခြားကောင်းမွန်ကာ ကျန်းမာရေးကောင်းကျိုးအတွက် များစွာအထောက်အပံ့ဖြစ်စေပါသည်။ ကုလားပဲသီးနှံကို မြန်မာလူမျိုးများသည် စားသောက်ကုန်မျိုးစုံအဖြစ်ပြုလုပ်၍ စားသုံးကြသည့်အပြင် အိမ်ရှင်မများအတွက်လည်း စွယ်စုံချက်ပြုတ်ရသော ဟင်းတစ်မယ်ဖြစ်၍ ပြည်တွင်းစားသုံးမှုပိုမိုမြင့်မားလျက်ရှိပါသည်။ ကုလားပဲကို အနောက်နိုင်ငံများတွင် အများအားဖြင့် အစားအစာအဖြစ်အသုံးပြုသော်လည်း အာရှဒေသဖြစ်သော အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် နေ့စဉ် ပုံမှန်စားသုံးသော အစားအစာဖြစ်ပါသည်။ ကုလားပဲသည် စိုက်ပျိုးမှုအကောင်းဆုံးပဲများထဲမှတစ်ခုဖြစ်ပြီး စားသုံးပေးခြင်းဖြင့် အာဟာရကြွယ်ဝ၍ ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိစေပါသည်။ ကုလားပဲသီးနှံကို တစ်နှစ်လျှင် တစ်ရာသီသာ ဆောင်းသီးနှံအဖြစ်စိုက်ပျိုးလျက်ရှိပြီး အထက်အညာဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် အနည်းငယ်သာစိုက်ပျိုးကြသဖြင့် ကုလားပဲအုပ်စုအနေဖြင့် ဗမာကုလားပဲ၊ ထိုင်ဝမ်ကုလားပဲ၊ V2၊ V7၊ 929၊ HL စသည့် အမျိုးအစားများကို စိုက်ပျိုးကြောင်းသိရှိရပါသည်။

   ကုလားပဲသီးနှံစိုက်ပျိုးမှုအနေဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ အနောက်ပိုင်းရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ကိုးထောင့်အုပ်စု၊ ချင်တောင်အုပ်စုနှင့် ကုန်းတွင်းပိုင်းရှိ ကျေးရွာများတွင် ကုလားပဲသီးနှံကို ဒေသစီးပွားအဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် စိုက်ဧက (၃၀၀၀) ကျော်ခန့်စိုက်ပျိုးထားရှိကြောင်း၊ ကုလားပဲသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး အထွက်နှုန်းကောင်း၍ အကျိုးအမြတ်များစွာရရှိခြင်းကြောင့် မြစ်ရေဝင်ကိုင်းကျွန်းမြေမာများ၊ စပါးခင်းကျွတ်(လယ်ကွဲ)မြေများ၊ မိုးကြက်သွန်နီစိုက်ခင်းကျွတ်မြေများတွင် သီးသန့်သီးထပ်သီးနှံအဖြစ်စိုက်ပျိုးကြပြီး ကုလားပဲမျိုးများမှာ ထိုင်ဝမ်ကုလားပဲလုံးကြီး(အဖြူ)မျိုးကို အများဆုံးစိုက်ပျိုးကြ၍ ဗမာကုလားပဲလုံးသေး(အနီ)ကို စိုက်ဧကအနည်းငယ်သာစိုက်ပျိုးကြသည်။ မိမိဒေသစိုက်ခင်းထွက်မျိုးများကိုသာစိုက်ပျိုးကြသည်။ တစ်ဧကလျှင် မျိုးစေ့နှစ်တင်းခန့်ကုန်ကျပြီး မြေအောက်ရေအပြင် ရေသွင်းရေဖြန်းစနစ်ဖြင့် အောက်တိုဘာလအကုန်နှင့် နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် သီးနှံရိတ်သိမ်းရသည်။ သီးထပ်သီးနှံအဖြစ် မိုးကြက်သွန်နီစိုက်ခင်းကျွတ်များ၌ ဇန်နဝါရီလကုန်တွင် စိုက်ပျိုးပြီး မတ်လကုန်တွင် ရိတ်သိမ်းရကြောင်း၊ ကုလားပဲသီးနှံသည် စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ သက်တမ်း (၃) လခန့်ကြာမြင့်ကြောင်းသိရှိရပါသည်။

    ကုလားပဲသီးနှံတစ်ဧကစိုက်ပျိုးလျှင် ပျမ်းမျှအားဖြင့် (၁၇) တင်းမှ (၂၂) တင်းအထိထွက်ရှိကြောင်း၊ တောင်သူတစ်ဦးချင်းအနေဖြင့် သွင်းအားစုသုံးစွဲမှု၊ မြေသားကွာခြားမှုနှင့် ရာသီဥတုအနေအထားမတူညီခြင်းတို့ကြောင့် အထွက်နှုန်းမတူညီ၍ အကျိုးအမြတ်မှာလည်း ကွာခြားမှုရှိကြောင်းသိရှိရသည်။ တစ်ဧကစိုက်ပျိုးလျှင် ကုန်ကျစရိတ်မှာ ကျပ် (၅) သိန်းခန့်ကုန်ကျပြီး ယခုနှစ် သီးနှံပေါ်စအချိန်၌ ဒေသကာလပေါက်ဈေး (၂၀) ပိဿာဝင်တစ်တင်းလျှင် ပျမ်းမျှလျှင် ကျပ် (၇၅၀၀၀) ဖြင့်ရောင်းချရပါက တစ်ဧကဝင်ငွေမှာ ကျပ် (၁၅) သိန်းခန့်ရရှိ၍ အကျိုးအမြတ်မှာ ကျပ် (၁၀) သိန်းခန့်ရရှိကြောင်းသိရှိရပါသည်။

   ဆိပ်ဖြူမြို့နယ်တွင် ကုလားပဲသီးနှံကို နှစ်စဉ်မပြတ် ဒေသစီးပွားအဖြစ် စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိသောကုလားပဲသီးနှံများသည် သီးနှံပေါ်စမှစတင်၍ ရာသီကုန်ဆုံးချိန်အထိ ဈေးကွက်ခိုင်မာစွာဖြင့် (၂) နှစ်ဆက်တိုက် စိုက်တောင်သူများဈေးကောင်းရရှိပြီး အကျိုးအမြတ်များစွာရရှိလျက်ရှိကြသည်။ ယခင် (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်တွင် ကုလားပဲသီးနှံပေါ်စ၌ ဒေသပေါက်ဈေးတစ်တင်းလျှင် အနိမ့်ဈေး ကျပ် (၃၆၀၀၀) မှ အမြင့်ဈေး ကျပ် (၆၇၀၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် သီးနှံပေါ်ချိန်၌ ကုလားပဲတစ်တင်းလျှင် အနိမ့်ဈေး ကျပ် (၆၃၀၀၀) ဖြင့်စတင်ရောင်းချခဲ့ရ၍ ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လျက်ရှိကာ ယခုအချိန် ဇွန်လတွင် ထိုင်ဝမ်ကုလားပဲတစ်တင်းလျှင် (၉၀၅၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆိပ်ဖြူဒေသရှိ စိုက်ပျိုးတောင်သူများသည် မိမိတို့စိုက်ခင်းမှထွက်ရှိသော ကုလားပဲများကို ဈေးနှုန်းအသီးသီးဖြင့် ခွဲခြားရောင်းချလျက်ရှိကြောင်း၊ တချို့စိုက်တောင်သူများသည် ရောင်းချခြင်းမရှိသေးဘဲ ကိုင်းမြေများစိုက်ပျိုးချိန်တွင် မျိုးပဲအဖြစ်ရောင်းချရန် သိုလှောင်ထားရှိကြောင်းသိရှိရသည်။ ဆိပ်ဖြူဒေသထွက် ကုလားပဲများကို ချောက်မြို့၊ အေဝမ်းပွဲရုံနှင့် မြို့ပေါ်ရှိပွဲရုံများသို့ ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်းသိရှိရသည်။

   ကုလားပဲသီးနှံစိုက်ပျိုးခြင်းကြောင့် စိုက်တောင်သူများသည် ဈေးကွက်ခိုင်မာမှုရှိပြီး အကျိုးအမြတ်များစွာရရှိလျက်ရှိသော ကုလားပဲသီးနှံကို ယခင်နှစ်များထက် သီးသန့်စိုက်ခင်းအပြင် သီးထပ်သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ထိုသို့ ထွက်ရှိသောကုလားပဲများမှာ ဈေးကွက်ကောင်းမွန်ပြီး ရောင်းလိုအားနှင့် ဝယ်လိုအားကောင်း၍ အကျိုးအမြတ်များစွာရရှိနေကြကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များကလည်း စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ကြမ်းသီးနှံကုလားပဲကို ထုတ်လုပ်မှုနည်းစနစ်သစ်များဖြင့် ကုလားပဲသီးနှံကုန်ကြမ်းမှတစ်ဆင့် တန်ဖိုးမြင့်ကုန်ချောထုတ်ကုန်အဖြစ်ပြုပြင်၍ ကုလားပဲခြမ်း၊ ကုလားပဲမုန့်အစိမ်း/အကျက်၊ ဘယာကြော်မှုန့်အဖြစ် ထုတ်လုပ်လျက်ရှိပြီး ကုလားပဲကို ပြည်တွင်းစားသုံးမှုပိုမိုများပြားလျက်ရှိသည့်အပြင် SMEs အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများသည်လည်း ပြည်တွင်းရှိ မြို့ကြီးများတွင် လည်ပတ်လျက်ရှိကာ စိုက်တောင်သူများ၊ လုပ်သားပြည်သူများ၊ ကုန်သည်ပွဲစားများ၊ စားသောက်ကုန်မျိုးစုံပြုလုပ်ရောင်းချသူများ၊ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလျက်ရှိပါသည်။ ကုလားပဲစိုက်တောင်သူများမှာလည်း ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပြီး ပိုးမွှားဖျက်စီးမှုနည်းပါး၍ အထွက်နှုန်းတိုးကာ ဈေးကွက်ခိုင်မာမှုရှိ၍ ပြည်တွင်းစားသုံးမှုများပြားလျက်ရှိသော ကုလားပဲကို ဒေသစီးပွားအဖြစ် နှစ်စဉ် စိုက်ပျိုးလျက်ရှိကြောင်းသိရှိရသည်။

ကုလားပဲစားသုံးမှုနှင့် ကျန်းမာရေး

     ကုလားပဲသီးနှံသည် မြန်မာတို့ ကြိုက်နှစ်သက်စွာစားသုံးသောအသီးအနှံတစ်မျိုးဖြစ်ပါသည်။ ကုလားပဲတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါရှိသည့်အပြင် ပရိုတင်းဓာတ်များစွာပါဝင်သောကြောင့် အစာကြေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အလေးချိန်ကျစေ၍ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါသည်။ ကုလားပဲစားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေသည့်အပြင် နှလုံးကိုပါကျန်းမာစေပါသည်။ ကုလားပဲတွင် ပရိုတင်း (ခေါ်) အသားဓာတ်များစွာပါရှိ၍ သက်သက်လွတ်စားသုံးသူများအတွက် အသားဓာတ်အစား ရရှိစေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ လူတစ်ဦး/တစ်ယောက်ကျန်းမာဖို့ရန်အတွက် အရေးကြီးဆုံးမှာ အစာကြေညက်မှုရှိဖို့ရန်လိုအပ်ပါသည်။ အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာနေမှသာလျှင် ခန္ဓာကိုယ်လည်း ကျန်းမာနေမည်ဖြစ်ပါသည်။ ကုလားပဲတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် စားသုံးပေးခြင်းဖြင့် အူမကြီးကို ကျန်းမာစေပြီး ဝမ်းမှန်၍ ကိုယ်အလေးချိန်ကျဆင်းစေပါသည်။ သံဓာတ်များစွာပါဝင်ခြင်းကြောင့် အရိုးအဆစ်များကို ကြံ့ခိုင်သန်မာစေပြီး အသက်အရွယ်ရလာလျှင်လည်း အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သည့် သတ္တုဓာတ်များစွာပါဝင်ပါသည်။ အမျှင်ဓာတ်နှင့် အိုမီဂါသရီးတို့ ကြွယ်ဝစွာပါဝင်သဖြင့် နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက် နှလုံးရပ်၍ လေဖြတ်ခြင်းမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါသည်။

     ခန္ဓာကိုယ်ရှိ သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးခြင်းမှာလည်း လူတိုင်းအတွက် အရေးကြီးပါသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်တွင် ဆီးချိုရောဂါဖြစ်ပွားမှုလူဦးရေများပြားလျက်ရှိပါသည်။ ဆီးချိုသမားများသည် ကုလားပဲကို စားသုံးပေးခြင်းဖြင့် သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်ထုတ်လုပ်မှုကို ကောင်းမွန်စေ၍ ဆီးချိုရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်အတွင်း သွေးညှိပေးခြင်း၊ ကုလားပဲစားသုံးပေးခြင်းဖြင့် အမျိုးသမီးများ ရင်သားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကုလားပဲသည် အမျှင်ဓာတ်များစွာပါရှိသော အာဟာရဖြစ်စေသည့် ကျန်းမာရေးဆေးဖက်ဝင်သီးနှံတစ်မျိုးဖြစ်၍ နေ့စဉ် (သို့မဟုတ်) တစ်ပတ်လျှင် (၃) ကြိမ်ခန့်စားသုံးပေးသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။        

DOCA(မကွေး)