ပဲစဉ်းငုံဈေးနှုန်းမြင့်တက်

Powered by Drupal

ရက်စွဲ၊ ၂၆.၅.၂၀၂၁

အိန္ဒိယနိုင်ငံသည် ပဲတင်သွင်းမှု ကန့်သတ်ချက်များကို ကင်းလွတ်ခွင့်ပေးလိုက်သဖြင့် COVID-19 အလွန် မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များအတွက် တိုးတက်မည့်အလားအလာများ တွေ့ရှိရပါသည်။ ပဲစဉ်းငုံသည် ပြည်တွင်းသုံးစွဲမှုထက် အိန္ဒိယနိုင်ငံသို့ တင်ပို့ရန် အဓိကအားထား စိုက်ပျိုးသည့် ပဲသီးနှံတစ်မျိုးဖြစ်သည်။ ၂၀၁၇ ခုနှစ်က တစ်တင်းလျှင် (၂၀,၀၀၀)ကျပ်ခန့်ရှိသော ပဲစဉ်းငုံဈေးမှာ ၂၀၁၈ ခုနှစ်တွင် အိန္ဒိယအစိုးရ၏ ပဲမူဝါဒအပြောင်းအလဲကြောင့် ဝယ်ယူမှုပိတ်ပင်ခဲ့သည့်အတွက် ဈေးကွက်ပျက်ကာ တစ်တင်းလျှင် (၉,၀၀၀)ကျပ်ခန့်ထိ ကျဆင်းခဲ့ပြီး ဆုံးရှုံးမှုများ ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ်တွင် ပဲစဉ်းငုံအစား အခြားဈေးကွက်ရှိသည့် ပဲတီစိမ်း၊ ကုလားပဲ၊ ပဲလွန်းဖြူနှင့် စားတော်ပဲများကို ပိုမိုစိုက်ပျိုးလာခဲ့ကြပါသည်။
ပဲစဉ်းငုံပြည်ပတင်ပို့မှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပဲစဉ်းငုံ တန်ချိန် (၁,၀၀၀) ပေါင်း (၁၈၂.၁)၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ချိန် (၁,၀၀၀) ပေါင်း (၅၃.၃၇)၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ဖေဖော်ဝါရီလအထိ တန်ချိန်ထောင်ပေါင်း (၉၂.၁၈) တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၀ ခုနှစ်တွင် ပဲစဉ်းငုံစိုက်ပျိုးမှုနှင့် ပြည်တွင်း/ပြည်ပ ဈေးနှုန်း ဈေးကွက်များ ပုံမှန်ပြန်လည်ဖြစ်လာပြီး ၂၀၂၁ ခုနှစ် စိုက်ပျိုးမှုစာရင်းအရ တစ်နိုင်ငံလုံး စိုက်ဧက (၁၁.၇)သိန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ စိုက်ဧက(၄.၇)သိန်း စိုက်ပျိုးကြောင်း တွေ့ရှိရ ပါသည်။ ဒီဇင်ဘာ၊ ဇန်နဝါရီလများသည် ပဲစဉ်းငုံထွက်ရှိချိန်ဖြစ်ရာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက မုံရွာဈေးကွက်တွင် တစ်တင်းလျှင် (၂၅၀၀၀)ကျပ်ခန့် ပေါက်ဈေးရှိခဲ့သည်။ COVID-19 ရောဂါနှင့် နိုင်ငံရေးအခြေအနေတို့ကြောင့် မုံရွာကုန်စည်ဒိုင် ဖွင့်လှစ်ဆောင်ရွက်မှုမရှိသေးချိန်တွင် ရောင်းသူဝယ်သူ ချိတ်ဆက်ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။ ပဲစဉ်းငုံ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်(၂)သိန်းခန့်ဖြစ်သည့်အတွက် တစ်ဧကလျှင် ကျပ်(၂)သိန်းခန့် အကျိုးအမြတ် ရှိကြောင်း တွက်ချက်ရရှိပါသည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလကုန်တွင် အရောင်းအဝယ်ပိုဖြစ်လာပြီး ပဲစဉ်းငုံ တစ်တင်းလျှင် (၂၇၀၀၀)ကျပ် ရောက်ရှိခဲ့သည်။ မေလဆန်းမှစ၍ (၂၈၀၀၀)ကျပ်မှ အဆင့်ဆင့် ဈေးနှုန်းမြင့်တက်လာခဲ့ရာ မေလ(၂၅)ရက်တွင် (၃၁၀၀၀)ကျပ်ထိ မြင့်တက်လာခဲ့သည်ကို တွေ့ရပါ သည်။ အိန္ဒိယနိုင်ငံတွင် ယခုနှစ် ပဲအထွက်နည်းသဖြင့် ပဲစဉ်းငုံဝယ်ယူမှုများနိုင်ပြီး ဈေးနှုန်းဆက်လက်မြင့်တက်နိုင်ကြောင်း သိရှိရပါသည်။

ရီလင်းထွဋ်(မုံရွာ)