ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းစသည့် သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း စပါးကိုသာ အဓိကထားစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ယခုဇွန်လတွင် မိုးစပါးရာသီအတွက် စပါးမျိုးများ စတင်ပျိုးထောင်နေပြီဖြစ်ပြီး ဧရာပဒေသာစပါးမျိုးကို အဓိကထား စိုက်ပျိုးကြကြောင်း၊ယခင်နှစ်ကစပါးမျိုး(၁)တင်းလျှင်(၂၀၀၀၀/-)ကျပ်ဝန်းကျင်ရှိခဲ့သော်လည်း ယခုအခါ ဧရာပဒေသာမျိုးစပါးတစ်တင်းလျှင်(၂၈၀၀၀-၃၀၀၀၀)ကျပ်အထိစျေးပေးဝယ်ယူရကြောင်း၊ တစ်ဧကစိုက်ပျိုးရန်အတွက် စပါးမျိုး(၂)တင်းပျိုးထောင်ရကြောင်း သိရှိရပါသည်။ ယခုအခါ စပါးများ ပျိုးထောင်ရန်အတွက် ဆည်မြောင်းဦးစီးဌာနမှ ဇွန်လ(၁၆)ရက်နေ့မှစတင်ပြီး ရေများပေးဝေပြီဖြစ်သည့်အတွက် တောင်သူများ စပါးပျိုးထောင်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ၊ ပျိုးထောင်ရန်အတွက် ထယ်ရေးပြင်ရာတွင် နွားချေးနှင့်ဖွဲပြာအောက်ခံထားပြီး ပျိုးထောင်ပါက ပျိုးပင်ဖြစ်ထွန်းမှု အားကောင်းကြောင်း၊ပျိုးပင်တစ်လသားအကျော်တွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်ကြောင်း သိရပါသည်။ တစ်ချို့တောင်သူအနည်းငယ်မှာ ပျိုးနှုတ် ၊ လယ်ထွန် ၊ ကောက်စိုက်စရိတ် သက်သာရန်အတွက် လယ်ကွက်ထဲတွင် တိုက်ရိုက်အစေ့ချ စိုက်ပျိုးကြကြောင်းလည်း သိရှိရပါသည် ။ တိုက်ရိုက်အစေ့ချ စိုက်ပျိုးပြီး တစ်လကျော်အချိန်တွင် သမန်းနှိုးရပါသည်။သမန်းနှိုးသည့်အနေဖြင့် နွားထွန်ဖြင့် သမန်းနှိုးပြီး ဓါတ်မြေသြဇာထည့်သွင်းပတ်ကြဲပေးရပါသည်။တောင်သူအများစုမှာ ပျိုးထောင်ပြီး ရွှေ့ပြောင်းစိုက်ပျိုးသည့်စနစ်ကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း ၊ တစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးထောင်စရိတ်အနေဖြင့် ထွန်ယက်မြေပြင်၊ မျိုးစပါး၊ လုပ်သားခ စုစုပေါင်း(၁၀၀၀၀၀/-)ကျပ်ဝန်းကျင်ကုန်ကျကြောင်း စပါးစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)