ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့မဈေးကွက်အတွင်း၌ ရောင်းချလျက်ရှိသော ရာသီပေါ်သီးနှံဈေးကွက်သည် စည်ကားလျက်ရှိရာ အုတ်ဖိုဒေသထွက် သီးနှံများနှင့်အတူ မျှစ်သီးနှံ ဈေးကွက်သည် အရောင်းအဝယ်ကောင်းမွန်ပြီး အရောင်းသွက်လျက်ရှိပါသည်။
အုတ်ဖိုမြို့မဈေးကွက်အတွင်းသို့ ကိုင်းကြီး၊ ကြို့ကိုးပင်၊ ဝင်းသရက်၊ ထန်းပင်ကုန်း၊ တိမ်မြုပ်၊ သရက်နှစ်ဖျားလိမ် စသောကျေးရွာများမှ မျှစ်များ အများဆုံးထွက်ရှိပြီး ဈေးကွက်အတွင်းသို့ တင်ပို့ ရောင်းချလျက်ရှိပါသည်။ မျှစ်များကို ပါးပါးလှီးပြီး အချဉ်ထည့်ထားသော မျှစ်စပ်၊ မျှစ်ချဉ်များနှင့် အချောင်းလိုက်ပြုတ်သော မျှစ်ပြုတ်များ အဖြစ်နှင့် နှစ်မျိုးနှစ်စား တင်ပို့ကြပါသည်။ ဒေသတွင်းစားသုံးရန် ဖူလုံရုံသာမက ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေးကြီးသို့လည်း တင်ပို့ရောင်းချရကြောင်း သိရှိရပါသည်။ မျှစ်ဈေးနှုန်းများအနေဖြင့် မျှစ်စပ်တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ မျှစ်ပြုတ်တစ်ပိဿာလျှင် (၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)