ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ငရုတ်သီးစိမ်းစိုက်ပျိုးထားရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၉-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ရွှေတောင်မြို့နယ်အနေဖြင့် ငရုတ်သီးစိမ်းများကိုစိုက်ပျိုးထားသော မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ ငရုတ်သီးစိမ်းစိုက်ပျိုးသည့် တောင်သူ ဦးမြသန်းကိုမေးမြန်းရာ ၎င်းက ငရုတ်သီးစိမ်း(ကျောက်စိမ်းမျိုး)ကို တစ်ဧကစိုက်ပျိုးထားရှိကြောင်းသိရပါသည်။ ငရုတ်သီးစိမ်းမျိုးစေ့များကို တပေါင်းလတွင်ပျိုးကြဲပြီး တန်ခူးလတွင် ပျိုးပင်ပေါက်များရရှိသဖြင့် ထိုပျိုးပင်ပေါက်များကို ငရုတ်သီးစိမ်းစိုက်ပျိုးမည့်မြေပေါ်သို့ ပေါင်တင်ပြီး တစ်ပင်နှင့်တစ်ပင် တစ်တောင်ခြားစီခြား၍ စိုက်ပျိုးကြပါသည်။ ငရုတ်သီးစိမ်းများထွက်ပေါ်ချိန်ဖြစ်သော ကဆုန်လတွင် စတင်ခူးဆွတ်ရပါသည်။ တစ်ခါခူးလျှင် ပိဿာချိန် (၅၀) ကျော်အထိခူးဆွတ်ရရှိပြီး တစ်ဧကလျှင် ငရုတ်သီးပိဿာချိန် (၄၀၀) ကျော်ခန့်ရရှိကြောင်းသိရပါသည်။ ထွက်ရှိလာသောငရုတ်သီးစိမ်းများကို ကုန်သည်များက လာရောက်ဝယ်ယူကြပြီး ရခိုင်ပြည်နယ်သို့ ကုန်ကားများဖြင့် တင်ပို့ရောင်းချကာ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချကြောင်းသိရပါသည်။
ငရုတ်သီးစိုက်တောင်သူများသည် ငရုတ်သီးစိမ်းတစ်ဧကစိုက်လျှင် အကျိုးအမြတ်မှာ ဈေးနှုန်းနှင့် သီးနှံအထွက်နှုန်းအပေါ်မူတည်၍ အကျိုးအမြတ်ရရှိပြီး ပျမ်းမျှအကျိုးအမြတ်မှာ တစ်လလျှင် (၁၀၀၀၀၀) ကျပ်မှ (၁၅၀၀၀၀) ကျပ်ခန့်ရရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ငရုတ်သီးအထွက်နှုန်းကောင်းစေရန်အတွက် မျိုးကောင်းမျိုးသန့်များကို ဝယ်ယူစိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းကောင်းမွန်ကာ ရောင်းပန်းလည်းလှသည့် ငရုတ်သီးများရရှိမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)