ပြည်မြို့၏ ဟင်းသီးဟင်းရွက် သစ်သီးဝလံ ဈေးကွက်တွင် ယခုလို မိုးဦးရာသီတွင်သာ ထွက်ပေါ်သော ရာသီစာ တစ်မျိုးဖြစ်သည့် အင်ဥများ ဇွန်လဆန်းပိုင်းမှစ၍ ရောင်းချမှုများ ရှိလာပါသည်။ အင်ဥသည် အင်ပင်မှကြွေကျထားသော အရွက်တွေအောက်တွင် ပေါက်ရောက်သော ဥ တစ်မျိုး ဖြစ်လို့ အင်ဥ ဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ တချို့ဒေသများမှာတော့ မှိုဥ ၊ မှိုလုံးလို့ ခေါ်ဆိုကြပြီး မိုးဦးကျရာသီ အင်ပင်တွေရဲ့အောက် မြေကြီးအက်ကွဲနေသော နေရာများတွင် ဓား / ဝါးချွန်များဖြင့် ယက်ဖြဲ၍ ရှာဖွေကြရပါသည်။ အင်ဥအား မြန်မာနိုင်ငံတွင်သာမက ပြင်သစ်၊ အမေရိကန် ၊အိန္ဒိယ နိုင်ငံများတွင်လည်း ပေါက်ရောက်ထွက်ရှိတယ်လို့သိရပါသည်။ ပြည်ဒေသ တစ်ဝိုက်မှာတော့ ပေါက်ခေါင်း ၊ သဲကုန်း၊ ပြည်အနီးတဝိုက်မှကျေးရွာများမှ ပြည်ဈေးအကွက်သို့ ဝင်ရောက်ကြောင်း သိရပါသည်။ အင်ဥ ထွက်ပေါ်စရာသီတွင် နို့ဆီတစ်ဗူးလျှင် ၅၀၀၀ ကျပ်ဖြင့် အင်ဥ ကြိုက်သူများက ဈေးကောင်းပေး ဝယ်ယူစားသုံးကြပါသည်။ ယခုအင်ဥ ထွက်ရှိမှုများ လာချိန်မှာတော့ ဈေးကွက်အတွင်း နို့ဆီတစ်ဗူး ၁၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြရသည်ဟု သိရပါသည်။ အင်ဥသည် ရာသီစာ အစားအစာဖြစ်တဲ့အတွက် အိမ်ရှင်မတို့အနေဖြင့် ကန်စွန်းရွက်နှင့် ကြော်စားကြသလို ခရမ်းချဉ်သီး၊ ငြုပ်သီးစိမ်းတို့ဖြင့် အစပ်ချက်စားကြခြင်း၊ ပြုတ်ပြီးသုပ်စားကြခြင်းများရှိသလို သတ်သတ်လွတ်သမားများအနေဖြင့်လည်း သတ်သတ်လွတ် ဟင်းလျာတစ်ခုအဖြစ် အဆင်ပြေသော ဟင်းလျာတစ်ခုဖြစ်ပါသည်။
အင်ဥကို ချက်ပြုတ်စားသောက်မည်ဆိုပါက ရေဖြင့် ၄ ကြိမ်၊၅ ကြိမ်ခန့် ဆေးကြောပေးရ ပါသည်။ ရေအထပ်ထပ် မဆေးကြောပါက စားသုံးသည့်အခါ သဲများပါဝင်နိုင်သည့်အတွက် ရေဖြင့် သေချာဆေးကြောမှသည် တွယ်ကပ်နေသော သဲများ၊ မြေကြီးများ ကွာကျပြီး အင်ဥ ဖြူဖြူလေးများ ရရှိလာမှာဖြစ်ပါသည်။ အင်ဥသည် မှိုအမျိုးအစားထဲမှာ ပါဝင်နေသလို မှိုတွင် ပါဝင်သော အာဟာရ ဓာတ်များဖြစ်သည့် ပရိုတင်း၊ အမိုင်နိုအက်စစ်ဓာတ်၊ ကယ်လစီယမ်၊ မီးစုန်းနှင့် Antioxidants တွေ ပါဝင်ပါသောကြောင့် ကျန်းမာရေးအတွက် အကျိုးပြုစေသော ရာသီစာဖြစ်သလို အင်ဥတွင် ယူရစ် အက်စစ်ဓာတ်လည်း များစွာပါဝင်သည့်အတွက် လေးဘက်နာ၊ဂေါက်ရောဂါ သမားများ သတိထား စားသုံးသင့်ပါသည်။ အင်ဥ နှင့် ဒညင်းသီး၊ ပီလောပီနံ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ မျှစ်ချဉ်၊ ပုဇွန်ချဉ် ၊ငါးဖယ်ချဉ် ၊ငါးလေးချဉ် ၊ ဆူးပုပ်၊ပဲငါးပိ စသည့် အစားအစာများဖြင့် တွဲဖက်မစားသင့်သလို ခါးကိုက်၊ခါးနာသူများ၊ အစာအဆိပ်သင့်တတ်သူများ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါရှိသူများ မစားသုံးသင့်ကြောင်း လေ့လာသိရှိရပါသည်။
ယခုလိုမိုးရာသီကာလ ဟင်းသီးဟင်းရွက်များစွာ ထွက်ရှိချိန် မိုးဦးကာလတွင်သာ ထွက်ပေါ် တတ်သည့် အင်ဥများအား ကြိုက်နှစ်သက်သူများအနေဖြင့် အသားဟင်းနဲ့ပင် မလဲနိုင်သော ဟင်းလျာတမျိုးဖြစ်လို့ ဈေးကွက်သို့ စဝင်ပြီဆိုကတည်းက ဈေးဘယ်လောက် ကောင်းကောင်း ဝယ်ယူစားသုံးကြကာ ယခုလိုအထွက်လှိုင်ချိန် ဈေးလျော့နည်းလာသည့်အခါမှာတော့ နေစဉ် စားသုံးသည့် ဟင်းလျာထဲမှာ မပါမဖြစ်ပါဝင်လာသော အစားအစာသီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)