![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/616.jpg?itok=u0cI0Vza)
ပြည်ခရိုင်တွင် ယခု ၂၀၂၃ခုနှစ်၊ ဇွန်လဆန်းမှစတင်၍ နှမ်းများကိုစိုက်ပျိုးရန် ပြင်ဆင်နေချိန်ဖြစ်သဖြင့် ပြည်ဈေးကွက်၌ နှမ်းနက်ဝင်ရောက်မှုနည်းသွားသည်ကိုတွေ့ရပြီး ပွဲရုံများတွင် လက်ကျန်နှမ်းအနည်းငယ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဒေသရှိ ပွဲရုံများသို့ မန္တလေးနှင့် အောင်လံဘက်မှ အဝယ်ရှိသော်လည်း နေ့စဉ်မဟုတ်ဘဲ ရံဖန်ရံခါသာ အဝယ်ရှိသဖြင့် အိတ် (၄၀/၅၀) ခန့်သာအဝယ်ရှိနေခဲ့ပါသည်။ ဝယ်လိုအားနည်းသွားပြီး အဝင်လည်းမရှိသလောက် နည်းသွားသော်လည်း နှမ်းဈေးများမှာ အနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ပြည်ခရိုင်တွင် နှမ်းနီ၊ နှမ်းနက်နှင့် စမုံနက်နှမ်း (၃) မျိုးသာရှိပြီး နှမ်းနီမှာ စိုက်ပျိုးမှုနည်းသဖြင့် ဆီစက်သမားများက မိမိတို့ဒေသထွက် နှမ်းနှင့်လုံလောက်မှုမရှိပါက နှမ်းနီစိုက်ပျိုးသောဒေသများသို့ သွားရောက်ဝယ်ယူ၍ ဆီကြိတ်ခွဲထုတ်လုပ်ရပါသည်။ နှမ်းနက်နှင့် စမုံနက်နှမ်းမှာ စိုက်ပျိုးမှုများသဖြင့် အခြားတိုင်းများသို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။ နှမ်းနက်ကို ဆီကြိတ်လျှင် ဆီထွက်နှုန်းနည်းခြင်း၊ ခါးသက်သက်အရသာရှိခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် အကြိုက်မတွေ့၍ ဝယ်ယူစားသုံးမှုနည်းကြပါသည်။ နှမ်းနက်ဆီကို ဆေးဖော်ရန်အတွက်သာအသုံးပြုကြပြီး ဆီကြိတ်ခွဲမှုနည်းပါးကြပါသည်။ ထို့ကြောင့် နှမ်းနက်နှင့် စမုံနက်နှမ်းကို သီးနှံအတိုင်း ရောင်းချမှုများကြပါသည်။
ယခုဇွန်လ၊ တတိယအပတ်တွင် နှမ်းသီးနှံဈေးနှုန်းများအနေဖြင့် နှမ်းနီ (၃) တင်းဝင် တစ်အိတ်လျှင် (၂၆၅၀၀၀) ကျပ်၊ နှမ်းနက် (၃) တင်းဝင် တစ်အိတ်လျှင် (၃၀၀၀၀၀) ကျပ်နှင့် စမုံနက်နှမ်း (၃) တင်းဝင် တစ်အိတ်လျှင် (၃၃၀၀၀၀) ကျပ်တို့ဖြင့် ယခင် ဇွန်လဆန်းထက် (၃) တင်းတစ်အိတ်လျှင် (၂၀၀၀၀) ကျပ်ခန့်ဈေးပိုလာခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)