ပြည်ဒေသထွက် ကြက်ဟင်းခါးသီး

Powered by Drupal

     ကြက်ဟင်းခါးသီးသည် ခါးသက်သက်အရသာရှိပြီး အပူပိုင်းစိုစွတ်သည့် ရာသီတွင် ပေါက်ရောက်လေ့ရှိကာ အဓိကအားဖြင့် အာရှတိုင်းပြည်များနဲ့ တောင်အမေရိကတွင် အများဆုံး တွေ့ရပါသည်။ ကြက်ဟင်းခါးသီးသည် ကယ်လိုရီပမာဏပါဝင်မှု အလွန်နည်းပါသည်။ ဗီတာမင် B1 ၊ B2 နဲ့ B3 ၊ ဗီတာမင်စီနှင့် အမျှင်ဓါတ်များပါဝင်ပါသည်။ သံဓါတ်များပြီး သွေးတွင်း သကြားဓါတ်ကိုကျစေသည့် အင်ဆူလင်ကဲ့သို့ ဒြပ်ပေါင်း တစ်မျိုးပါဝင်သောကြောင့် ဆီးချိုရောဂါရှိသူ တစ်ချို့အတွက် ကောင်းကျိုးရရှိစေပါသည်။

   ကြက်ဟင်းခါးပင်ကို မြန်မာနိုင်ငံတွင် စိုက်ပျိုးပင်အနေဖြင့် တွေ့နိုင်ပါသည်။ ကြက်ဟင်းခါးသီးကို ပြည်မြို့ရှိကျေးရွာများတွင် စိုက်ပျိုးကြသလို ခြံစည်းရိုးတွင်လည်း မိသားစုစားသုံးရန်အတွက် စိုက်ပျိုးကြပါသည်။ စီးပွားဖြစ်စိုက်ပျိုးကြသော ကြက်ဟင်းခါးပင်ကို ယခုလိုမိုးဦးကျ ကာလဖြစ် သော မေလနှင့်ဇွန်လများတွင် စိုက်ပျိုးကြသလို ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပါသည်။ ကြက်ဟင်းခါးပင်၏အသက်မှာ (၇၅)ရက် မှ(၉၂)ရက် ထိကြာသည်ဟု သိရပါသည်။ ကြက်ဟင်းခါးပင်ကို စီးပွားဖြစ်စိုက်ပျိုးလျှင် တစ်ဧကလျှင် အလုံးရေ (၃)သောင်းခန့်ထွက်ရှိသည်ဟု သိရပါသည်။ ကြက်ဟင်းခါးသီးမှာ ခါးသက်သဖြင့် လူအကြိုက်နည်းသော်လည်း တချို့သူများက ဆေးဖက်ဝင်သဖြင့် စားသုံးကြပါသည်။

    ယခုအချိန်တွင် ပြည်မြို့ရှိဈေးများတွင် ကြက်ဟင်းခါးသီးများကို အနီးတဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြပါသည်။ ဈေးနှုန်းအနေဖြင့် ကြက်ဟင်းခါးသီး (အရှည်)တစ်လုံးလျှင် (၂၀၀)ကျပ်၊ ကြက်ဟင်းခါးသီး ဓါးဖြင့်လှီးပြီးသား တစ်ခါချက်တစ်ထုတ်လျှင် (၁၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည် ။

DOCA(ပဲခူး)