ပြည်ဈေးကွက်တွင် ယခင်နှစ်၌ မိုးစပါး (၄၆) ပေါင်ပါ တင်း (၁၀၀) လျှင် (၁၁၅၀၀၀၀) ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် (၁၈၀၀၀၀၀) ကျပ်ဈေးရှိပါသည်။ နွေစပါးတင်း (၁၀၀) လျှင် ယခင်နှစ်တွင် (၆၉၀၀၀၀) ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်နွေစပါးပေါ်ချိန်တွင် (၁၄၇၀၀၀၀) ကျပ်ရှိပါသည်။ ဆန်ဈေးနှုန်းအနေဖြင့် ဧည့်မထ (အဟောင်း) တစ်အိတ်လျှင် ယခင်နှစ်တွင် (၃၉၅၀၀) ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင်မူ (၆၅၀၀၀-၆၂၀၀၀) ကျပ်ရှိခဲ့၍ ဧည့်မထအသစ်မှာ ယခင်နှစ်ပေါ်ချိန်တွင် (၂၅၀၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခုနှစ်တွင် (၅၅၀၀၀) ကျပ်ဈေးနှုန်းရှိပါသည်။
စပါး/ဆန်ဈေးနှုန်းမှာ ယခင်နှစ်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ကြည့်လျှင် ယခုနှစ်တွင် ဈေးမြင့်တက်နေရခြင်းမှာ မိုးစပါးလက်ကျန်နည်းပါးရခြင်း၊ စိုက်ပျိုးချိန်တွင် သွင်းအားစုများ ဈေးနှုန်းမြင့်တက်လာသည့်အတွက် လျော့၍သုံးစွဲခဲ့ရခြင်းကြောင့် အထွက်နှုန်းများလျော့နည်းရခြင်းနှင့် သယ်ယူစရိတ်မြင့်တက်လာခြင်းတို့ကြောင့် ဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိပါသည်။
ကြက်သွန်နီဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်ပိသာလျှင် (၁၃၀၀) ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိသာလျှင် (၂၂၅၀-၂၄၀၀) ကျပ်ဈေးရှိပါသည်။ ယခုနှစ်စိုက်ချိန်တွင် သွင်းအားစုဈေးကြီးမြင့်နေခြင်းနှင့် ပြည်ဈေးကွက်သို့ မကွေးတိုင်းမှ အများဆုံးဝင်ရောက်သည့်အတွက် သယ်ယူခနှုန်းထားများမြင့်တက်လာခြင်းတို့ကြောင့် ယခင်နှစ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် ယခုနှစ်ဈေးနှုန်းမှာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်ပိသာလျှင် (၃၉၀၀) ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိသာလျှင် (၇၅၀၀-၅၅၀၀) ကျပ်ဈေးနှုန်းရှိနေပြီး ပြည်ဈေးကွက်သို့ကြက်သွန်ဖြူ (ကြူကုတ်) မှာ တရုတ်မှ အဝင်နည်းလာခြင်း၊ ရှမ်းစများမှာလည်း တောင်ကြီးမှ အဝင်ပါးနေခြင်းဖြစ်ပြီး ဒေသတွင်းဝယ်လိုအားကောင်းနေသည့်အတွက် ဈေးကောင်းနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ငရုတ်သီးခြောက်ဈေးနှုန်းနေဖြင့် ယခင်နှစ်တွင် တစ်ပိသာလျှင် (၈၀၀၀) ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိသာလျှင် (၁၆၀၀၀-၁၈၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကာ ယခင်နှစ်၏ ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ကွာဟနေရခြင်းမှာ ယခုနှစ်တွင် အချို့တောင်သူများအနေဖြင့် အရင်းအနှီးများသောကြောင့် ဆက်လက်မစိုက်ပျိုးတော့ခြင်း၊ သွင်းအားစုနှင့် သယ်ယူစရိတ်မြင့်မားလာခြင်းနှင့် ရာသီဥတုဒဏ်ကြောင့်နှင့် အထွက်နှုန်းနည်းခြင်းများကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)